စစ်မှုထမ်းဥပဒေက လူမူစီးပွားကို ဘာတွေသက်ရောက်စေလဲ

0
813

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်ပြီးနောက် ဒေသတွင်းက လူငယ်၊ လူရွယ် အတော်များများ ‌ကိုယ့်ဒေသမှာကိုယ်မနေရဲတော့ဘဲ ဖြစ်လာပါတယ်။

စစ်မှုထမ်းဥပဒေကနေ လွတ်ရာ၊ ကျွတ်ရာ အရပ်ဖြစ်နိုင်တဲ့ ပြည်ပတိုင်းပြည်တစ်ခုခု ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီ လူငယ်တွေထွက်ခွာကုန်ကြပါတယ်။

အဲဒီလို လူငယ်တွေထွက်ခွာကုန်တာကြောင့် ဒေသတွင်း လူမှုစီးပွား အခြေအနေတွေ ရိုက်ခတ်ကုန်ပါတယ်။

‌ဆရာဝန်၊ သူနာပြုတို့လို ကျန်းမာရေးဝန်ထမ်းတွေပါ ထွက်ခွာကုန်တာကြောင့် ဆေးရုံဆေးခန်းတွေမှာ ကုသမှုအပိုင်း လျော့ရဲသွားသလို ဝန်နဲ့အားမမျှဖြစ်လာပါတယ်။

နဂိုကကတည်းက ကျန်းမာရေးဝန်ထမ်း မလုံလောက်ရတဲ့ကြားထဲ အခုဆိုပိုဆိုးလာဖို့ပဲ ရှိပါတယ်။

ဒီလိုပဲ လုပ်သမားအများအပြားနဲ့ လုပ်ကိုင်ရတဲ့ စီးပွားရေးလုပ်ငန်းခွင်တွေမှာလည်း လုပ်သမားရှားပါးလာပြီး ရပ်တည်ရခက်ခဲလာကြပါတယ်။

လူငယ်တွေရဲ့အားနဲ့ တည်ဆောက်ထားကြတဲ့ ရပ်ရွာတွေက လူမူရေးအဖွဲ့တွေလည်း အားနည်းလာကြပြီး အရေးအကြောင်းဆို ကူပေမယ့်သူမရှိသလောက် ဖြစ်လာပါတယ်။

အခုတစ်ပတ် တနင်္သာရီပုံရိပ်မှာတော့ ဒေသတွင်းကျန်းမာရေး၊ လူမူရေး၊ စီးပွားရေးကဏ္ဍက ပုဂ္ဂိုလ်တွေကိုဆက်သွယ်ပြီး စစ်မှုထမ်းဥပဒေရဲ့ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ လူမှုစီးပွား အခြေအနေကို မေးမြန်းဖော်ပြ‌ပေးလိုက်ပါတယ်။

“စီးပွားရေး လူမှုရေး အရေးမှန်သမျှကို ရိုက်ချိုးပစ်လိုက်တာ”

စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ ထားဝယ်မြို့

DW ။ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေပြည်ပထွက်သူ များလာတဲ့အတွက် ကိုယ့်လုပ်ငန်းထဲကနေ ထွက်သွားတာရှိလား။ ကိုယ့်ဝန်းကျင်မှာရော ရှိလား။ ဘယ်လိုအခက်အခဲတွေဖြစ်နေလဲ။

ဖြေ ။ သူတို့ကြေညာလိုက်ပြီး ကိုယ်စားနေကျသောက်နေကျ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်က မနက်လင်းတာနဲ့ လက်ဖက်ရည်ဆိုင်မှာဆိုရင် နှစ်ပေါင်းဆယ်ချီလုပ်ကိုင်နေတဲ့ ဆိုင်လုပ်သား(စားပွဲထိုး)မရှိတော့တာ တွေ့ရတယ်။ ပြီးတာနဲ့ ကိုယ့်ရဲ့လုပ်ငန်းခွင်မှာရှိနေတဲ့ လုပ်သားတွေ မပြောမဆိုနဲ့ ထွက်သွားကြတာ ထပ်ကြုံရတယ်။ ထိုနည်းလည်းကောင်းပဲ မြို့ထဲက ကိုယ့်ရဲ့အပေါင်းအသင်းတွေမှာ ရှိနေတဲ့လုပ်ငန်းခွင်တွေမှာ လူငယ်တွေရဲ့စွန်ခွာမှုကို တစ်ခါထပ်ကြုံရတယ်။ ပြီးတော့ လူ့စွမ်းအားအရင်းအမြစ်ကို အသုံးချပြီးလုပ်နေရတဲ့ လုပ်ငန်းခွင်မှန်သမျှဟာ အခုချိန်မှာ အလုပ်သမားအခက်အခဲ အားလုံးရှိကြတယ်ပေါ့။ စိုက်ပျိုးရေးဆိုလည်း စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်တဲ့လုပ်ငန်းဆိုလည်း ကုန်ထုတ်လုပ်ငန်းတွေမှာ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးရိုက်ခတ်မှုတွေကြောင့် အားလုံးဟာ ဆုတ်ယုတ်မှုတွေရှိနေတာပေါ့။ အဓိကကတော့ ကုန်ထုတ်စွမ်းအားတွေမှာ အားလုံးကျသွားတာပေါ့။

DW ။ ဒါဆိုရင် လစ်လပ်သွားတဲ့အလုပ်သမားနေရာကို ဘယ်လိုဖြည့်စွက်အစားထိုးဖို့ စဉ်းစားထားလဲ။ ပြီးရင်ရှေ့ဆက်ဘယ်လိုလုပ်မယ် တွေးထားလဲခင်ဗျား။

ဖြေ ။ ဒါကို ဘယ်လိုမှ စဉ်းစားထားလို့မရဘူး။ဘာလို့ဆို ဥပမာ- စိုက်ပျိုးရေးကဏ္ဍမှာဆိုရင် ရော်ဘာခြံလုပ်သားတွေ မရှိတော့တဲ့အတွက် ကုန်ထုတ်စွမ်းအားကျသွားမယ်။ ထိုနည်းလည်းကောင်းပဲ ဆောက်လုပ်ရေးကဏ္ဍမှာလည်းပဲ ဆောက်လုပ်ရေးလုပ်သားတွေ မရှိတော့တဲ့အတွက် လုပ်အားကျသွားမယ်။ ဒါကို အစားထိုးမှာက ဘာနဲ့အစားထိုးမှာလဲ။ ဘယ်လိုမှ အစားထိုးဖို့ မရှိဘူးလေ။ ကျန်းမာရေးကဏ္ဍမှာဆို အစားထိုးလို့မရတဲ့ဟာတွေပေါ့။ ထိုနည်းလည်းကောင်းပဲ သွေးလှူရှင်အသင်းတွေမှာဆိုလည်း သွေးလှူရှင်တွေ မရှိတော့ဘူးပေါ့။

DW ။ ဒီလိုအစားထိုးလို့မရှိတဲ့ အခင်းအကျင်းမှာ ရေရှည်မှာဆို ဘာတွေဖြစ်လာနိုင်လဲခင်ဗျား။

ဖြေ ။ ရေရှည်မှာဘာဖြစ်လာနိုင်လဲဆိုရင် အခုဆိုရင် လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ ဥပမာ စိုက်ပျိုးရေးကဏ္ဍမှာပဲ ထားတော့။ စိုက်မျိုးရေးကဏ္ဍမှာ အခုဆို ထားဝယ်ဒေသမှာဆိုရင် ရော်ဘာတွေရှိမယ်။ တောတွေထူလာမယ်။ အခုက တောခုတ်မယ့်လူတောင် မရှိဘူးဖြစ်လာမှာ။ တောတွေဖုံးလွှမ်းပြီးတော့ ပြန်လုပ်ရမယ့်အချိန်ဆို အများကြီးအနှောင့်အယှက်ဖြစ်မယ်။ ဆောက်လုပ်ရေးကဏ္ဍမှာလည်း ဆောက်လုပ်ရေးလုပ်သားတွေမရှိတော့တဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းတွေမှာဆို ယန္တရားမောင်းနှင်သူတွေမရှိတော့တဲ့အတွက် ယန္တရားတွေလည်း ပျက်စီးတာတွေ ဆုံးရှုံးတာတွေ အများကြီးကြုံလာမှာ။ လုပ်ငန်းလည်ပတ်မယ်ဆိုတဲ့အချိန် ပြန်ရောက်လာရင်တောင် တော်တော်လေးပြန်လုပ်ရမှာ။

DW ။ ဒါဆိုရင် စစ်မှုထမ်းဥပဒေက တိုင်းပြည်ရဲ့ စီးပွားရေး၊ ကျန်းမာရေး အပါအဝင် ကုန်ထုတ်စွမ်းအားကို ရိုက်ချိုးလိုက်သလို ဖြစ်သွားလား။

ဖြေ ။ ကုန်ထုတ်စွမ်းအားရော၊ တိုင်းပြည်ရဲ့ လည်ပတ်နေတဲ့ ယန္တရားတွေအကုန်လုံးပေါ့။ စီးပွားရေး လူမှုရေး အရေးမှန်သမျှကို ရိုက်ချိုးပစ်လိုက်တာ။ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေပေါ်လာချိန်မှာ စိုးရိမ်ထိတ်လန့်ပြီးတော့ အာမခံချက်မရှိတဲ့အတွက် လူငယ်တွေထွက်သွားတဲ့အတွက် ဘယ်လိုမှအဖတ်ဆယ်လို့မရဘူးပေါ့နော်။

DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

“ဆရာဝန်တွေမရှိရင် ‌အားလုံးကခက်ခဲကုန်လိမ့်မယ်”

သူနာပြုတစ်ဦး -ပုဂ္ဂလိကဆေးရုံ ထားဝယ်မြို့

DW ။ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း ဆရာဝန်၊ သူနာပြုတွေ နုတ်ထွက်သွားတာမျိုးရှိလား။

ဖြေ ။ ရှိတာပေါ့။ ကျွန်မလုပ်နေတဲ့ (—-) ဆေးရုံမှာဆို ဆရာဝန်တွေ၊ သူနာပြုတွေ အလုပ်ထွက်သွားကြပြီ။ အခုလူအသစ်တွေခေါ်နေတယ်။

DW ။ ဘယ်လောက်ထွက်သွားတယ်ဆိုတာသိလား။ ဘယ်လိုရာထူးရှိတဲ့သူတွေ ထွက်သွားကြတာလဲ။ ဥပမာ ဆရာဝန်လား၊ သူနာပြုလား။

ဖြေ ။ ဆရာဝန်ထဲကဆိုရင် လက်ထောက်ဆရာဝန်တွေ ထွက်တာများတယ်။ သူနာပြုတွေလည်းထွက်တယ်။ သူနာပြုတွေကတော့ သူကလူလည်းများတာ‌ဆို‌တော့ ထွက်တဲ့သူကတော့ပိုများတယ်။ လက်ထောက်ဆရာဝန်ကတော့ သမီးသိသလောက်က သုံးယောက်လား၊ လေးယောက်လားအဲလောက်ရှိမယ်။ တစ်ခြားဝန်ထမ်းတွေလည်း ထွက်ကြတာရှိသေးတယ်။ အကုန်လုံးဘယ်သူတွေဘယ်လောက် ထွက်သွားတယ်ဆိုတာတော့ တိတိကျကျမသိဘူး။ ထွက်တာကတော့ ယောက်ျားလေးရေား၊ မိန်းကလေးရောပဲ။

DW ။ သေ‌ချာအောင်လို့မေးတာပါ။ သူတို့အလုပ်ထွက်တာက စစ်မှုထမ်းဥပဒေကြောင့်ဆိုတာ သေချာရဲ့လား။

ဖြေ ။ အဲဒီဥပဒေကြောင့်ပဲပေါ့။ ဆရာဝန်ဆိုတော့ ပညာရှင်ထဲမှာလည်းပါတယ်။ အဓိကက အဲဒါကြောင့်ထွက်ကြတာ။ ဘာဖြစ်လို့လဲဆို (စစ်မှုထမ်းဖို့) စခေါ်ပြီဆိုတာနဲ့ သူတို့ကအရင်ဆုံးပါမယ်ပေါ့နော်။ အဲဒါကိုကြောက်တာ။ အခုကတိုက်ပွဲတွေကလည်း နေတိုင်းပဲဖြစ်နေကြတာ။ သတင်းထဲမှာဖတ်လိုက်ရင် ဒဏ်ရာရတယ်ဆိုတာတွေ သူတို့ကသိနေတော့ ရှေ့တန်းကိုပို့မှာပဲပေါ့နော်။ ဆရာဝန်ဆိုတော့ ‌ဆေးကုဖို့လူလိုတယ်လေ။ သူတို့က ဘာစစ်သင်တန်းမှလည်းမရှိတော့ ဆေးကုတဲ့နေရာမှာ ထားချင်ထားမယ်ပေါ့။ သူတို့ထဲက(စစ်ကောင်စီဆေးတပ်သား) သူတွေကိုတော့ တိုက်ပွဲထဲ ပါချင်ပါခိုင်းမယ်ပေါ့။ အဲလိုတွေးပြီးထွက်ကြတာ။ သူနာပြုတွေကျတော့ လစာလည်းနည်းနည်းပဲရတယ်။ နယ်ကနေလာနေတဲ့သူဆိုရင် အဆောင်လခနဲ့၊ စားစာရိတ်နဲ့ဆို သူ့အတွက်မကျန်ဘူး။ ဒီမှာနေရင် စိတ်လည်းပူနေရသေးတယ်။ ပိုက်ဆံလည်းမစုမိဘူး။ အဲကြောင့် ဟို့မှာ(နိုင်ငံခြားမှာ) ပဲရတဲ့အလုပ်လုပ်မယ်ဆိုပြီး ထွက်သွားကြတာ။ သမီးသိသလောက်ပေါ့နော်။

DW ။ သူတို့က ဘယ်ကိုထွက်သွားကြတာလဲ။

ဖြေ ။ အဲဒါ‌တော့ တိကျမသိဘူး။ ထိုင်းထွက်သွားတယ်လို့လည်း ပြောသံကြားတယ်။ သူ့အဆက်ရှိရာ ရှိရာထွက်သွားကြတာပဲနေမယ်။ အဲဒါတော့ သမီးတိတိကျကျမသိဘူး။

DW ။ ဒါဆိုအခုဆေးရုံ‌မှာ ဘယ်လိုကုသမှုပေးနေလဲ။

ဖြေ ။ အခုထွက်သွားတာက လက်ထောက်ဆရာဝန်တွေ၊ သူနာပြုတွေပဲပါတာ။ ခွဲစိတ်ဆရာဝန်တို့ အဲလိုမျိုးဆရာကြီးတွေက ရှိသေးတယ်။ အဲဒါနဲ့ကုပေးနေတာတော့ရှိတယ်။ လူအသစ်တွေလည်း ထပ်ခေါ်နေတယ်။

DW ။ စစ်မှုထမ်းဥပဒေက ကျန်းမာရေးက‌ဏ္ဍကို ဘယ်လိုရိုက်ခတ်လာနိုင်မယ်ထင်လဲ။

ဖြေ ။ ဘယ်လိုဖြစ်လာမလဲဆိုတော့ အခုပဲ ဆရာဝန်တွေ ထွက်ကုန်ပြီလေ။ အစကတည်းမှကို သမီးတို့မှာက ဆရာဝန်မလောက်ဘူးလေ။ အခုဆိုပိုတောင်ဆိုးသွားမှာ။ ဆရာဝန်တွေမရှိရင် ‌အားလုံးကခက်ခဲကုန်လိမ့်မယ်။ ဟိူလူနာလည်းကြည့်ချင်။ ဒီလူနာလည်းကြည့်ချင်နဲ့။ ဆရာဝန်ကတစ်ယောက်တည်းက ၂၄ နာရီအပြည့် မလုပ်နိုင်ဘူးသူလည်း။

DW ။ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ ကိုယ့်ဒေသမှာမနေရဲတော့ဘဲ တိမ်းရှောင်နေရတဲ့အပေါ် ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ ။ အဲဒီဥပဒေက သမီးတို့လည်းမကြားဖူးဘူးအရင်က။ အခုမှ‌ဗြုန်းစားကြီးပေါ်လာတာ။ စတုန်းကဆိုဘာလုပ်လို့ ဘာကိုင်ရမှန်းတောင်မသိတော့ဘူး။ ဒီဥပဒေက လူငယ်တွေပဲကြောက်ရတာ။ လူငယ်တွေက သူ့နေရာနဲ့သူ ဆေးရုံဆိုလည်းဆေးရုံ၊ အပြင်အလုပ်ဆိုလည်းအပြင်အလုပ် လုပ်လုပ်နေကြတာလေ။ သူ့ဟာနဲ့သူ ဘယ်လိုပြောရမလဲ ညီမျှနေတဲ့ဟာကို အဲဒီဥပဒေကြီးက ဖျက်ဆီးပစ်လိုက်တာလို့ပဲ ခံစားရတယ်။ သမီးတို့လို လူငယ်တွေအနေနဲ့ကြည့်ရင် မတရားဘူး။ စစ်သားက စစ်သားအလုပ်လုပ်နေသလိုမျိုးပဲ သမီးတို့ကလည်း ကျန်းမာရေးအတွက် အလုပ်လုပ်နေတဲ့သူတွေပဲလေ။ အစကတည်းကလုပ်ချင်ရင် စစ်တပ်ထဲ‌ဝင်လျှောက်မှာပေါ့။

DW ။ ညီမအနေနဲ့ကရော နိုင်ငံခြားထွက်ဖို့ရှိလား။ ဒီမှာပဲဆက်နေမှာလား။

ဖြေ ။ လောလောဆယ်တော့ ဒီမှာပဲဆက်နေသေးတယ်။ အခြေအနေဆိုးလာရင်တော့ ထွက်ရမှာပဲ။ အခုလည်း တစ်ချို့ဂျူတီတွေဆို မဝင်တော့ဘူး။ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေပဲ ဝင်တော့တယ်။ ကိုယ်နဲ့မရင်းနှီးဘူးဆိုရင်တော့ ကြိုပို့လုပ်ပေးတဲ့သူတွေပဲ ဝင်ပေးဖြစ်တယ်။ ထားဝယ်မှာကလည်း နေ့တိုင်းဖမ်းနေတာဆိုတော့လေ။ ညနေ ၄ နာရီလောက်ဆိုနေ့တိုင်းပဲ လမ်းထိပ်တွေမှာ အဖွဲ့စုံစုပြီး စစ်ဆေးနေတာ။ သမီးအတွက်က ဒီမှာနေရတာအားလုံးကတော့ အဆင်ပြေတယ်လို့ပြောလို့ရတယ်။ အဲဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ရင်တော့ ကိုယ့်ကိုယ်ကိုယ် လုံခြုံနေတယ်လို့ ပြောမနိုင်တော့ဘူး။ အဲဒါကြောင့် သမီးတို့သူငယ်ချင်းတွေ အချင်းချင်းပြောထားတာတော့ရှိတယ်။ ဒီမှာနေလို့အဆင်မပြေတော့ရင်တော့ (ထိုင်းကို) ဆင်းလာမယ်လို့။ အဲလိုတော့ပြောထားတာရှိတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ရပ်ရွာသာရေး၊ နာရေးကိစ္စဖြစ်လာရင် နီးစပ်ရာဟိုလူလာကူ‌ပါ၊ ဒီလူလာကူပေးပါဆိုပြီး နီးစပ်သူဖုန်းဆက် အကူအညီတောင်းနေရတယ်”

ရပ်ရွာအခြေပြု ပရဟိတအသင်းဦးဆောင်သူ- လောင်းလုံးမြို့နယ်

DW ။ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်မှာ ရွာရဲ့ ပရဟိတလုပ်ငန်းတွေ အပေါ် ဘာတွေ သက်ရောက်မှုရှိလာလဲ။

ဖြေ ။ အားလုံးတော့ရှုပ်ကုန်တာပေါ့။ အသင်းမှာလူမရှိတော့ဘူး။ အဆင်ပြေတဲ့ပုံစံမျိုးနဲ့ သွားနေရတဲ့ အနေအထားဖြစ်တယ်။ လူငယ်တွေလည်းနည်းလာတယ်။ ပြည်ပထွက်တာ၊ ပြည်တွင်းရွှေ့ပြောင်းတာတွေ လုပ်ကြတယ်။

DW ။ လူငယ်တွေထွက်ခွာသွားတာက ရွာအတွက် ဘာတွေ ထိခိုက်လာလဲ။

ဖြေ ။ အသင်းအဖွဲအနေနဲ့ စုစည်းလုပ်ကိုင်မရတာကြောင့် အခြေနည်းတဲ့ မိသားစုတွေမှာ ကိစ္စတစ်ခုခုဖြစ်ရင် လူနည်းသွားတယ်။ အရင်ကအသင်းအဖွဲ့နဲ့ သိုက်သိုက်ဝန်းဝန်း ရှိနေတာကြောင့် အဲဒီပြသနာတွေ မရှိဘူး။ အခုကလူမရှိတော့ ဘာတာဝန်မှစုစုစည်းယူထားတာ၊ ‌ပေးထားတာမျိုး လုပ်မရတော့ဘူး။ အရင်ခေတ်ကလို အရေးပေါ်ဖြစ်လာရင် ဟိုလူခေါ် ‌ဒီလူခေါ်ဖြစ်လာတာပေါ့။

DW ။ ဒါဆိုအခု ဘယ်လိုမျိုးနဲ့ရပ်တည်နေတာလဲ။

ဖြေ ။ ရှင်းရှင်းပြောရင် အင်အားဆိုတာမရှိတော့ဘူး။ ရပ်ရွာသာရေး၊ နာရေးကိစ္စဖြစ်လာရင် နီးစပ်ရာဟိုလူလာကူ‌ပါ၊ ဒီလူလာကူပေးပါဆိုပြီး နီးစပ်သူဖုန်းဆက်ကူညီတောင်းနေရတယ်။

DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

“လုပ်သားလုံလောက်မှုမရှိတဲ့ ပြဿနာ ပိုရင်ဆိုင်နေရတယ်”

အုတ်ဖိုလုပ်ငန်းလုပ်ကိုင်သူတစ်ဦး

DW ။ စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက်ပိုင်း အုတ်လုပ်ငန်းမှာ လူငယ်တွေ ခြေနေဘယ်လိုရှိလဲ။

ဖြေ ။ အလုပ်သမားတွေကတော့ ဘယ်လိုပြောရမလဲ နေရဲတဲ့သူလည်းရှိသလို နေမရဲတော့တဲ့ သူတွေလည်းရှိတယ်။ များသောအားဖြင့် လူငယ်တွေ နည်းသွားတာပေါ့‌။ အလုပ်ခွင်သွားရ၊ လာရလုံခြုံမှုမရှိတော့သလို ဖြစ်လာကြတယ်။ အမြဲတမ်း နှစ်ဖက်ထိတွေ နေတဲ့နေရာမှာဖြစ်နေတော့ နောက်ပိုပိုဆိုးလာတယ်။ လုပ်ငန်းထဲဝင်ဆွဲမှာ ကြောက်နေကြတဲ့သူတွေလည်းရှိ‌နေကြတယ်။ နေမရဲလို ပြန်သွားကြတဲ့ အလုပ်သမားတွေလည်းရှိတယ်။

DW ။ လုပ်သမားနည်းလာတာက လုပ်ငန်းအတွက် ဘာတွေ ထိခိုက်သွားလဲ။

ဖြေ ။ လုပ်သမားလိုလောက်မှုမရှိရင် အလုပ်နှောင့်နှေးတယ်။ ဒီရာသီ အုတ်ဘယ်လောက်ထုတ်မယ်လို့ မှန်းထားတာတွေ ပျက်ကုန်တာပေါ့။ တွက်ခြေမကိုက်တော့ဘူး။ အလုပ်ရှင်မှာ နစ်နာမှုတွေရှိလာတာပေါ့။

DW ။ လုပ်သားမလုံလောက်တဲ့ပြသနာကို ဘယ်လိုဖြေရှင်းနေလဲ။

ဖြေ ။ ဒီလူဒီလူပဲ ကဏ္ဍအားလုံး လိုက်လုပ်နေရတော့တာပေါ့။ လုပ်သားအလုံအလောက်ရှိနေတုန်းက သူ့အလုပ်နဲ့သူလေ။ အခုက အုတ်ကျက်ပဲထုတ်ထုတ်၊ အုတ်အစိမ်းပဲထုတ်ထုတ် ဒီလူဒီလူတွေနဲ့ထပ်နေတော့ ပင်ပန်းကြတယ်။ လုပ်ရှင်ဘက်ကလည်း ဈေးပိုပေးရတော့တာပေါ့။

DW ။ လုပ်သားအင်အား ဘယ်လောက်ထိလျှော့သွားလဲ။

ဖြေ ။ နည်းလာတယ် လူငယ်တွေ ပိုနည်းလာတယ်။ အုတ်ဖိုတစ်ဖိုမှာ လုံလုံလောက်လောင်ဆို လုပ်သားငါးဆယ်လောက်ရှိတယ်။ အခုက နှစ်ဆယ်ကျော်လောက်ပဲ ကျန်တော့တယ်။ အရင်ကတည်းက လုပ်သားလုံလောက်မှုမရှိတဲ့ကြားထဲ အခုပြဿနာကြောင့် ပိုပြီးလုပ်သားလုံလောက်မှုမရှိတဲ့ ပြဿနာရင်ဆိုင်နေရတယ်။

DW ။ ကျေးဇူတင်ပါတယ်။