ရခိုင်တွင် မွတ်ဆလင်များကို စစ်မှုထမ်းခိုင်းခြင်းမှာ မတည်ငြိမ်မှုကို ကြီးထွားစေမည်ဟု AA ပြော

0
793
ပုံစာ - ကျောက်တော်မြို့အခြေစိုက် ဒေသကွက်ကဲမှုစစ်ဌာနချုပ် စကခ (၉) ကို သိမ်းယူပြီးနောက် AA တပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံမှတ်တမ်းကို AA က ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက မွတ်ဆလင်အသိုင်းအဝိုင်းကို အဓမ္မစစ်မှုထမ်းခိုင်းခြင်းမှာ ရခိုင်တွင် အသိုင်းအဝိုင်း များကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ကြီးမားသော ခြိမ်းခြောက်မှုဖြစ်စေကြောင်း ရက္ခိုင့်တပ်တော် AA က မတ်လ ၂ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင် မွတ်ဆလင်များကို စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်း နေကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြချက်အရသိရသည်။

မွတ်ဆလင်အသိုင်းအဝိုင်းအား နည်းလမ်းပေါင်းစုံသုံးကာ အတင်းအဓမ္မ စစ်မှုထမ်းရန် ကြိုးစားအားထုတ်နေကြောင်း AA က ဆိုသည်။

စစ်တပ်သည် စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်း ကြုံတွေ့ရတိုင်း ရခိုင်ပြည်နယ်ရှိ ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝိုင်း တို့ကြား လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခ ဖြစ်ပွားစေရန် လုပ်ဆောင်လေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသို့ လုပ်ဆောင်ခြင်းသည် ရခိုင်ပြည်နယ်အတွင်း အတူနေထိုင်ကြသော အသိုင်းအဝိုင်းများကြားတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ကြီးမားသောခြိမ်းခြောက်မှုဖြစ်စေကြောင်း ဆိုသည်။

မွတ်ဆလင်များကို စစ်မှုထမ်းစေရန် အတင်းအကျပ် ကြိုးပမ်းအားထုတ်နေခြင်းမှာ ဒေသတွင်း မတည်မငြိမ်ဖြစ်မှုများကို ပိုမိုကြီးထွားစေပြီး မွတ်ဆလင်အသိုင်းအဝိုင်းနှင့် အခြားသော ရခိုင်တွင် နေထိုင်သည့် ပြည်သူများကြား ကြီးမားရှည် ကြာသော ပဋိပက္ခကိုသာ ဖြစ်စေကြောင်း AA က ထုတ်ပြန်သည်။

ထို့ကြောင့် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး မျှော်လင့်ချက်လည်း ပို၍ ဝေးကွာသွားစေမည်ဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီ၏ လုပ်ဆောင်မှုကို အာဆီယံ၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မိုမိုအာရုံစိုက် စောင့်ကြည့်ပြီး ကြိုတင်ဟန့်တားနိုင်ရန်နှင့် အထူးကြိုးပမ်းပေးကြရန်လည်း အရေးတကြီးလိုအပ်ကြောင်း ဖော်ပြသည်။

ယင်းအပြင် မွတ်ဆလင် အသိုင်းအဝိုင်းထဲက အချို့သောလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတို့သည် နိုင်ငံရေးနှင့် စီးပွားရေးအရ ကိုယ်ကျိုးရှာလိုခြင်း၊ လူမျိုးရေးအမုန်းတရားနှင့် အစွန်းရောက်သော ခံယူချက်များဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းစေရန် လုပ်ဆောင်မှုကို အခွင့်ကောင်းယူကာ လက်နက်နှင့် အင်အားများစုဆောင်း၍ ဒေသတွင်း အရပ်သားပြည်သူများကို ထိပါး၊ တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း AA က ဆိုသည်။

ယင်းအပြုအမှုများသည် AA ကို ရန်လိုစိန်ခေါ်သည့် လုပ်ရပ်ဖြစ်ပြီး ပို၍ကြီးမားသော သွေးထွက်သံယိုမှုကို ဖြစ်လာစေရန် ကြိုးပမ်းအားထုတ်ခြင်းသာဖြစ်သည်ဟု သတိပေးထားသည်။

ထို့ကြောင့် မွတ်ဆလင်အသိုင်းအဝိုင်းအနေဖြင့် စစ်မှုထမ်းခိုင်းမှုကို ပြင်းထန်ပြတ်သားစွာ ဆန့်ကျင်ကန့်ကွက်ရန် အရေးကြီးကြောင်း AA က ဆိုသည်။

စစ်ကောင်စီဘက်ကမူ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများအား စစ်မှုထမ်းရန် စုဆောင်းနေခြင်းမှာ လုံးဝမှန်ကန်ခြင်းမရှိကြောင်း ၎င်းတို့ ၏ ဝါဒဖြန့် သတင်းစာမှတစ်ဆင့် ငြင်းဆိုထားသည်။ ဘင်္ဂါလီများသည့် နိုင်ငံသားမဟုတ်သလို စစ်မှုထမ်းဥပဒေ ကလည်း နည်းဥပဒေထုတ်ပြန် ရဦးမည်ဟု ဆိုထားသည်။