ရေဖြူ ဇာဒီရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

0
1168

ရေဖြူမြို့နယ်၊ ဇာဒီရွာ တံတားအနီးတွင် ဖေဖော်ဝါရီလ ၁၇ ရက် မွန်းတည့်ပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ရွာသားများက ပြောသည်။

ဦးခေါင်းတွင်ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း ပစ်သတ်ခံရသူ၏ ရုပ်အလောင်းကို မျက်မြင်တွေ့ခဲ့သည့် ကံပေါက်ရွာက ဘေးတွဲတက္ကစီသမားတစ်ဦးက ဆိုသည်။

“လမ်းမအလယ်တည့်တည့်ကြီး၊ သွေးအိုင်ထဲမှာ လဲနေတာ။ ဘယ်သူမှာမထိရဲဘူး ၊ ဒဏ်ရာက မြင်ခဲ့ရသလောက် ခေါင်းကနေ သွေးထွက်နေတယ်” ဟု ၎င်းက ပြောသည်။

‌ပစ်သတ်ခံရသူသည် ဇာဒီရွာသားမဟုတ်ဘဲ နဘုလယ်ဒေသခံအမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျပြီးနောက် ဇာဒီရွာတွင် လာရောက်နေထိုင်သည့် အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ကိုဂန် ဆိုသူဖြစ်ကြောင်း ဇာဒီရွာသားများထံမှ သိရသည်။

“သူ့မိန်းမက ခရီးလွန်နေတယ်။ ခရီးကပြန်ရောက်မှ အလောင်းကောက်ရတယ်။ ညနေ ၅ နာရီလောက် ဖြစ်သွားပြီ။ လူနာတင်ယာဉ်နဲ့ ရေတပ်ဆေးရုံကိုသယ်ဆောင်သွားတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။

ပစ်ခတ်မှု မဖြစ်မီ ဇာဒီကျေးရွာအတွင်း ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်ခြောက်ဦး ဆိုင်ကယ် ၃ စီးဖြင့် ဝင်လာသည်ကို တွေ့ရကြောင်း ၎င်းက ပြောဆိုသည်။

၎င်းအပြင် ဇာဒီကျေးရွာက ဦးခင်စိုး၊ ဦးမျိုးဆန်းဦးနှင့် ကုန်စုံဆိုင်တစ်ဆိုင်တို့ကိုလည်း စစ်ကောင်စီသတင်းပေးမလုပ်ရန် အဆိုပါလက်နက်ကိုင်များက နှုတ်ဖြင့် သတိပေးခဲ့ကြောင်း သတိပေးခံရသူများနှင့် နီးစပ်သူများထံက သိရသည်။

ကိုဂန်ကို ပစ်သတ်မှု၊ ဇာဒီရွာသားများကို သတိပေးမှုတို့ကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပေ။

ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက်ပိုင်းတွင်မူ ဇာဒီရွာအတွင်း အသွားအလာနည်းပါးနေပြီး စစ်ဆေးတင်းကြပ်မှု မရှိသေးကြောင်း ရွာသားများက ဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်ကလည်း ဇာဒီကျေးရွာက လက်နက်ကိုင်ပျူစောထီး ဦးလားလားကို ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁)က လာရောက်ပစ်သတ်ခဲ့ပြီး သေနက်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ယင်းတပ်ရင်းက သတင်းထုတ်ပြန်ထားသည်။