တော်လှန်ရေးအရှိန် တက်လာစေတဲ့ အဓမ္မစစ်မှုထမ်းဥပဒေ

0
3701
ဓာတ်ပုံ - တနင်္သာရီတိုင်း စစ်ဌာန-ပြန်ကြားရေး

မလေးရှားနိုင်ငံမှ မြန်မာပြည် မွေးရပ်ဇာတိကို အပြီးပြန်လာတာ မကြာသေးတဲ့ ကိုညီညီတစ်ယောက် နေရပ်ကို ထပ်ပြီးစွန့်ခွာဖို့ စဉ်းစားနေရပါပြီ။

အာဏာသိမ်းစစ်တပ်က လက်မှတ်ထိုး အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေက ကိုညီညီကို နေရပ်စွန့်ခွာဖို့ ဖိအားပေးလာခဲ့တာပါ။

“ကျွန်တော်က နိုင်ငံခြားမထွက်တော့ဘူးလို့ ဆုံးဖြတ်ထားတာ။ passport (နိုင်ငံကူးလက်မှတ်)ကိုတောင် မသိမ်းထားတော့ဘူး။ အခုပြန်ရှာ‌ထုတ်နေရတယ်” လို့ ကိုညီညီကဆိုပါတယ်။

မလေးရှားက တတ်မြောက်လာတဲ့ အချက်အပြုတ်ပညာနဲ့ ထားဝယ်မြို့မှာ စားသောက်ဆိုင်ဖွင့်ပြီး အခြေချနိုင်ဖို့ ကိုညီညီ ကြိုးစားနေဆဲအချိန်မှာပဲ စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပြဌာန်းလိုက်တာပါ။

ဒီဥပဒေဟာ သူ့ရဲ့မျှော်လင့်ချက်တွေကို တစ်စစီချိုး ဖျက်ဆီးပစ်လိုက်တာလို့ ကိုညီညီကပြောပါတယ်။

“ကျွန်တော်ရဲ့လူငယ်ဘဝကို နိုင်ငံခြားမှာပဲ သူများအလုပ်လုပ်ရင်းနဲ့ ပြီးသွားတော့မယ်ထင်တယ်” လို့ ကိုညီညီက မချင့်မရဲ ပြောဆိုပါတယ်။

စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ တစ်နည်းအားဖြင့် စစ်မှုမထမ်းမနေရ ဥပဒေထဲမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ်အမျိုးသားများ စစ်မှုထမ်းရမယ်ဆိုတဲ့အချက် ပါဝင်ပါတယ်။

အင်ဂျင်နီယာ၊ ဆရာဝန် စတဲ့ ပညာရှင်တွေကတော့ အသက် ၄၅ နှစ်အထိ စစ်မှုထမ်းရမယ့်အထဲ ပါဝင်ပါတယ်။

ကိုညီညီက အသက် ၂၇ နှစ်သာရှိသေးလို့ စစ်မှုထမ်းရမည့်သူတွေထဲ အကျုံးဝင်ပါတယ်။

ကိုညီညီက စစ်ကောင်စီအတွက် အမှုမထမ်းလိုပေ။

“ဘယ်လိုမှမရဘူးဆိုရင်တော့ PDF ထဲပဲဝင်မယ်” ဒါက ကိုညီညီရဲ့ ဆုံးဖြတ်ချက်။ စစ်ကောင်စီအတွက် အမှုထမ်းရင်း သူ့ဘဝအမဲစက်အစွန်းမခံလိုဟု ဆိုပါတယ်။

စစ်မှုမထမ်းမ‌နေရဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက အသက်သွင်း ထုတ်ပြန်လိုက်တာပါ။

ဒီဥပဒေကြောင့် ပြည်သူတွေ စိတ်သောကများစွာ ကြုံတွေ့နေကြရသလို စစ်အာဏာရှင်တွေ အမြန်ဆုံးကျရှုံးမှဖြစ်မယ်ဆိုပြီး ရှုမြင်သူတွေလည်း ပိုများလာနေပါတယ်။

စစ်မှုထမ်းရမယ့် အသက်အပိုင်းအခြားမှာရောက်ရှိနေတဲ့ လူငယ်တွေက စစ်ကောင်စီလက်က လွတ်ဖို့ ပြည်ပထွက်ရမလား၊ တော်လှန်ရေးအဖွဲ့တွေထဲ ဝင်ရောက်ရမလား ဆိုတဲ့ လမ်းကြောင်း နှစ်ခုပေါ်မှာပဲ အခြေပြုစဉ်းစားနေကြပါတယ်။

ပြည်ပထွက်ခွာဖို့အတွက် ငွေကြေးအခက်အခဲရှိသလို ပြည်ပမှာ ရပ်တည်ဖို့ ခက်ခဲနိုင်တဲ့ အခြေအနေကြောင့် အများစုကတော့ တော်လှန်ရေးအဖွဲ့တွေထံ သွားရောက်ဖို့ကို ရွေးချယ်နေကြတာပါ။

PDF လုပ်လိုသူများ

“တီးတီး…..တီးတီး… တီးတီး”

ဖုန်းမြည်သံကြားလို့ ကားမောင်းနေရင်းတန်လန်းနဲ့ ကိုမင်း(အမည်လွှဲ) ဖုန်းကိုင်လိုက်ပါတယ်။

ထားဝယ်မြို့ခံ လူငယ်ငါးဦးက ပြည်သူ့ကာကွယ်ရေးအဖွဲ့ထဲ ဝင်ချင်တယ်လို့ အမျိုးသားတစ်ဦးက ကိုမင်းဆီကို ဖုန်းဆက်အကြောင်းကြားတာ ဖြစ်နေပါတယ်။

ကိုမင်းက ထားဝယ်ခရိုင်ထဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ပိုင်းက တစ်ဦးပါ။

တစ်ဆက်တည်းမှာပဲ အဖွဲ့ထဲဝင်ချင်တဲ့သူတွေရဲ့ အသက်ကို ကိုမင်းက ဖုန်းထဲကနေ လှမ်းမေးလိုက်ပါတယ်။

ငါးယောက်စလုံးက စစ်မှုထမ်းဖို့အကျုံးဝင်တဲ့ လူငယ်တွေ။

ခရီးသွားနေရင်းမို့ ဆက်သွယ်လာတဲ့လူငယ်တွေရဲ့ အချက်အလက်အသေးစိတ်ကိုမမေးတော့ပဲ သေသေချာချာ စိစစ်ပေးထားဖို့ လှမ်းမှာရင်း ဖုန်းချလိုက်ပါတယ်။

ပြီးတာနဲ့ “ထားဝယ်မြို့ကဆိုရင်တော့ သေချာတယ်။ စစ်မှုမထမ်းချင်လို့ ဆက်သွယ်လာတာပဲနေမယ်” လို့ ကိုမင်းက ရေရွတ်လိုက်ပြီး ကားကိုဆက်မောင်းနေပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေမှာ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။

အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ အမျိုးသမီးတွေ စစ်မှုထမ်းရမယ့်အုပ်စုထဲပါဝင်ပါတယ်။ ပညာရှင်အမျိုးသမီးဆိုရင် အသက် ၃၅ နှစ်အထိ အကျုံးဝင်ပါတယ်။

ဒါကြောင့် လူငယ်အမျိုးသားတွေသာမကဘဲ၊ အမျိုးသမီးတွေလည်း ပြည်သူ့ကာကွယ်ရေးတပ် တွေကို ဝင်ရောက်ဖို့ ဆက်သွယ်နေကြတယ်လို့ တော်လှန်ရေးအဖွဲ့တွေကဆိုပါတယ်။

တော်လှန်ရေးအဖွဲ့တွေကလည်း စစ်ကောင်စီက အဓမ္မစစ်မှုထမ်းခိုင်းတဲ့ ဥပဒေထုတ်ပြန်ချိန်မှာ စစ်ကောင်စီထံမှာ အမှုမထမ်းချင်သူတွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီ ဆက်သွယ်ကြဖို့ ထုတ်ပြန်လာကြပါတယ်။

ဒီလိုထုတ်ပြန်ပြီးပြီးချင်းမှာပဲ လူငယ်အမျိုသား၊ အမျိုးသမီးတွေ တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်လာကြတယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးကပြောပါတယ်။

ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၂၊ ဒေါနစစ်ကြောင်းတို့အပါအဝင် အခြားသော တနင်္သာရီတိုင်းအခြေစိုက် လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို လူငယ်တွေက ဆက်သွယ်နေကြပါတယ်။

အတော်များများကတော့ တော်လှန်ရေးအဖွဲ့တွေကို ဝင်ရောက်နိုင်ဖို့ ကြိုးစားလာကြသလို အချို့က ထိုင်းနိုင်ငံကို သွားရောက်ဖို့ လုပ်ဆောင်နေကြပါတယ်။

ထိုင်းသွားကြသူများ

အာဏာသိမ်းမှုနဲ့အတူ လူထုလက်ခံမှု မရှိတော့တဲ့အတွက် စစ်ကောင်စီအောက်မှာ အမှုထမ်းဖို့ ဘယ်သူမှ စိတ်မဝင်စားကြပါဘူး။ အခုလို အတင်းအကျပ်ဥပဒေ ထုတ်ပြန်လာချိန်မှာတော့ မိဘတွေက သူတို့သားသမီးတွေကို ပြည်ပနိုင်ငံတစ်ခုခု ပို့ဖို့ကြိုးစားအားထုတ်လာကြပါတယ်။

တနင်္သာရီတိုင်းက ဒေသခံအချို့ဆိုရင် သူတို့သားသမီးတွေကို စစ်ကောင်စီထံမှာ လုံးဝစစ်မှုထမ်းခိုင်းမှာမဟုတ်ဘဲ နိုင်ငံခြားတိုင်းပြည်တစ်ခုခုကို မရရအောင်ပို့မယ်လို့ ထုတ်ဖော်ပြောဆိုလာတဲ့အထိပါပဲ။

“ကျွန်တော်ဆိုရင်တော့ ကိုယ့်သားသမီးတွေကို မဖြစ်မနေ ဟိုဖက်ကို( ထိုင်းနိုင်ငံကို) ပို့ရလိမ့်မယ်။ ကိုယ့်သားသမီးကိုတော့ သေတွင်းကို ဘယ်တော့မှမပို့ဘူး။ ဖြစ်ချင်ဖြစ် ကိုယ်ပဲဖြစ်ခံလိုက်မယ်” လို့ ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦးကဆိုပါတယ်။

ဒီလိုမျိုးတွေးနေတာဟာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

Dawei Watch ရဲ့ စုံစမ်းမေးမြန်းချက်အရ တာဝန်ထမ်းဆောင်ဆဲ ထားဝယ်မြို့က ဆရာဝန်၊ သူနာပြုတွေလိုသူတွေပါ တစ်ဖက်ထိုင်းနိုင်ငံကို ထွက်ခွာနေကြပါတယ်။

“မနက်က (—) ဆေးခန်းကိုသွားတာ သူတို့ဆေးခန်းက ဆရာဝန်နှစ်ယောက် ထိုင်းကိုထွက်သွားပြီလို့ပြောတယ်” လို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဆေးခန်းသွားပြသူ အမျိုးသမီးတစ်ဦးကဆိုပါတယ်။

တနင်္သာရီတိုင်းဟာ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတာမို့ တစ်ဖက်နိုင်ငံကို သွားဖူး၊ ရောက်ဖူးသူ၊ ထိုင်းဘာသာစကားပေါက်မြောက်သူ တော်တော်များပါတယ်။

စစ်မှုထမ်းဖို့ဖြစ်လာရင် အဲဒီလူတွေဟာ ပုံစံမျိုးစုံနဲ့ နယ်စပ်ကိုဖြတ်ကျော်ကြဖို့ စိတ်ကူးနေကြတာပါ။

“ကျွန်မတို့ကတော့ မိသားစုအလိုက် ရနောင်းကို ပြောင်းနေမှာ”လို့ ထားဝယ်မြို့ခံ လူငယ်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

မကြာသေးခင်ရက်ပိုင်းကပဲ သူ့မိသားစုဝင်တချို့ကို ကော့သောင်းမြို့ရဲ့ တစ်ဖက်ကမ်း ထိုင်းနိုင်ငံရနောင်းမြို့ကို ပြောင်းရွေ့လိုက်ပါပြီ။

သူကတော့ အခြေအနေကြည့်ပြီး နောက်ပိုင်းမှဆင်းလိုက်ဖို့ စိတ်ကူးထားတယ်လို့ဆိုပါတယ်။

“ကျွန်မပုံစံနဲ့က စစ်မှုထမ်းဖို့ သူတို့မခေါ်လောက်ဘူး။ လေတိုက်ရင်တောင်လဲနေတဲ့သူလေ” လို့ အဲဒီမိန်းက‌လေးက ပိန်းပိန်းပါးပါး သူ့ကိုယ်ခန္ဒာကိုယ်ကို ရည်ညွန်းပြီး ရယ်ရယ်မောမောပြော ဆိုပါတယ်။

အခုဆိုရင် ကော့သောင်း- ရနောင်းလမ်းကနေတစ်ဆင့် ထိုင်းနိုင်ငံထဲကို ပုံစံမျိူးစုံနဲ့ ဝင်ရောက်လာသူတွေ သိသိသာသာမြင့်တက်လာနေပါတယ်။

ကော့သောင်းမြို့ခံတွေနဲ့ ထိုင်းနိုင်ငံဖက်ကို မောင်းပို့နေတဲ့ ပဲ့ချိတ်လှေသမားတွေရဲ့အဆိုအရ စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီး ၃ ရက်လောက်အကြာမှာကို ထိုင်းဖက်ကို ဝင်ရောက်လာသူတွေ အရင်ကထက်နှစ်ဆလောက် ပိုများလာနေတယ်လို့ဆိုပါတယ်။

အရင်နေ့တွေက ရနောင်းမြို့ကိုသွားရောက်သူ ပုံမှန် ၂၀၀ ဝန်းကျင်သာရှိပေမယ့် အခုဆိုရင် ၅၀၀ ကျော်အထိရှိနေတယ်လို့ဆိုပါတယ်။

အဲဒီလူတွေဟာ ထိုင်းနိုင်ငံ ရနောင်းမြို့ထဲ ၇ ရက်နေထိုင်ခွင့်သက်တမ်းရှိတဲ့ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်နဲ့ ဝင်ရောက်နေကြတာပါ။

၂ နှစ်နေထိုင်ခွင့်သက်တမ်းရှိတဲ့ BP စာအုပ်ကြီးလျှောက်ထားတဲ့သူလည်း ၂၀ ဦးကနေ ၅၀ ဦးအထိရှိလာနေတယ်လို့ ကော့သောင်းလဝကရုံးနဲ့ နီးစပ်သူကဆိုပါတယ်။

တော်လှန်ရေးအတွက် ‘အား’

လူထုထောက်ခံမှု ဆုံးရှုံးနေတဲ့ စစ်ခေါင်းဆောင်က ကြံရာမရလို့ ပြဌာန်းလိုက်တဲ့ အဓမ္မစစ်မှုထမ်း ဥပဒေက စစ်ကောင်စီအတွက် ကိုယ့်ရှူးကိုယ်ပတ်သွားတဲ့ အခြေအနေဖြစ်နေတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေဟာ စစ်ကောင်စီအတွက်မဟုတ်တော့ဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့အတွက် ပြဌာန်းပေးလိုက်သလားတောင် ဆိုနိုင်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

ဒါဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအတွက် အခွင့်အရေးလား၊ ဒါမှမဟုတ် ဝန်ထုတ်၊ ဝန်ပိုးတစ်ခု ဖြစ်လာလေမလားဆိုတာကတော့ ဒီပြဿနာကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာအပေါ် မူတည်တယ်လို့ သူတို့ကဆိုကြပါတယ်။

ပြည်သူတွေလည်းအဆင်ပြေ၊ တော်လှန်ရေးအတွက်လည်း“အား” ဖြစ်လာရန် ဗျူဟာကျကျ ချဉ်းကပ်နိုင်ဖို့ အရေးကြီးလာပါတယ်။

ဒီအပေါ်မှာ တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တွေကလည်း စနစ်တကျ စဉ်းစားနေကြတာတွေရှိနေပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဘယ်နည်းလမ်းက ပိုအကောင်းဆုံးဖြစ်မလဲဆိုတာတော့ စဉ်းစားထားတာရှိပါတယ်။ ကျွန်တော်တို့ဆီ ဆက်သွယ်လာတဲ့သူတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးမှာကတော့ သေချာပါတယ်” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အားလုံးကို လက်နက်တပ်ဆင်ပေးပြီး PDF တပ်သားအဖြစ် သတ်မှတ်ဖို့မှာ လက်တွေ့မှာ မဖြစ်နိုင်သေးဘူးလို့လည်း သူကပြောပါတယ်။

ဒေသတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့ကတော့ ဆက်သွယ်လာသူ လူငယ်တွေထဲက အသက်ပြည့်သူတွေကို စိစစ်ရွေးထုတ်ပြီး သူတို့ရဲ့ဆန္ဒအရ အခြေခံစစ်သင်တန်းပို့ချ ပေးသွားဖို့ရှိတယ်လို့ဆိုပါတယ်။

ပြီးရင်တော့ တိုက်ခိုက်ချေးမှုန်းရေးအဖွဲ့ထဲကို ချက်ချင်း စေလွှတ်တာမျိုးမလုပ်သေးဘဲ အရံအင်အားအနေနဲ့ ထားရှိမယ်ဆိုတဲ့ စဉ်းစားချက်မျိုး ရှိတယ်လို့လည်းဆိုပါတယ်။

တော်လှန်ရေးအဖွဲ့တွေ ‌ရင်ဆိုင်ရမယ့် နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့ အသက်မပြည့်သေးတဲ့ လူငယ်တွေကိစ္စပါ။

စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဝင်လိုသူတွေထဲ အသက်မပြည့်သေးတဲ့သူတွေ တစ်နည်းနည်းနဲ့ပါလာနိုင်ပါတယ်။

နိုင်ငံတကာဥပဒေအရ အသက် ၁၈ နှစ်မပြည့်သေးတဲ့သူတွေကို တပ်သားအသစ်အနေနဲ့ ခေါ်ယူထားတယ်၊ စုဆောင်းထားတယ်ဆိုရင် ကလေးစစ်သားစုဆောင်း၊ ခေါ်ယူတာဖြစ်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုမြောက်ပါတယ်။

ဒါကြောင့် လူအင်အားရဖို့တစ်ခုတည်းနဲ့ အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူငယ်တွေကို တပ်ဖွဲ့ဝင်အဖြစ် မသတ်မှတ်ဖို့ အရေးကြီးတယ်လို့ ထောက်ပြသူတွေလည်းရှိပါတယ်။

“အသက်မပြည့်သေးတဲ့လူငယ်တွေကိုပါ စစ်ပွဲထဲပို့နေပါတယ်ဆိုပြီး စစ်ကောင်စီက နိုင်ငံတကာကို ပြောဖို့ အခွင့်မရေးဖြစ်သွားနိုင်တယ်” လို့ ကိုမင်းကဆိုပါတယ်။

ပြည့်သူ့ကာကွယ်ရေးအဖွဲ့တွေထဲ ၁၈ နှစ်မပြည့်သေးတဲ့ လူငယ်တွေဝင်ရောက် ခိုလှုံလာရင် ဘယ်လိုကိုင်တွယ် ဖြေရှင်းကြမလဲဆိုတာလည်း အရေးကြီးတဲ့ ပြဿနာတစ်ခုပါ။

“အသက်မပြည့်သေးဘူးဆိုရင် မိဘတွေကိုခေါ်ပြီး ပြန်အပ်လိုက်တယ်” လို့ ကိုမင်းကဆိုပါတယ်။

လတ်တလောမှာတော့ မိဘတွေမသိအောင်ထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဆက်သွယ်လာတဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် ၃ ဦးကို သူတို့မိဘတွေဆီ ပြန်အပ်ပေးထားတယ်လို့ ကိုမင်းကဆိုပါတယ်။

“သူတို့သုံးယောက်ကိုတော့ အသက်မပြည့်သေးလို့ မိဘတွေကို ပြန်အပ်လိုက်တယ်။ ငိုငိုရီရီနဲ့ ပြန်ပါသွားတာပဲ” လို့ ကိုမင်းကဆိုပါတယ်။

ရွေးချယ်တတ်ပါစ

လူငယ်တွေကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဝင်ဖို့ ဆက်သွယ်လာနေကြတယ်လို့ ဒေသတွင်းမှာရှိတဲ့ အဖွဲ့တွေက Dawei Watch ကိုပြောဆိုထားကြပါတယ်။

ကိုမင်းတို့ရဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကိုလည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အသက် ၁၈ နှစ်ကနေ ၂၁ ကြား လူငယ် ၄ ဦး သူတို့အဖွဲ့ထဲဝင်ဖို့ ချိတ်ဆက်လာတယ်လို့ ဆိုပါတယ်။

အဲဒီလေးဦးထဲက အကြီးဆုံးဖြစ်တဲ့ ခပ်ဝဝ၊ အသားဖြူဖြူ လူငယ်တစ်‌ယောက်ဟာ ကျောပိုးအိတ်၊ မှတ်ပုံတင်နဲ့ ဆေးဝါးပစ္စည်းတွေပါ တစ်ပါတည်းယူ‌ဆောင်လာတာပါ။

ဘာဖြစ်လို့ ငါတို့အဖွဲ့ထဲ ဝင်ချင်တာလဲလို့ ကိုမင်းကမေးတော့ “တော်လှန်ရေးလုပ်ချင်လို့ ကိုယ့်သဘောနဲ့ကိုယ်ဝင်တာ” လို့ ပြန်ဖြေပါတယ်။

သူ့အဖြေက ရိုးရှင်းပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေများစွာနဲ့ မပြည့်စုံတဲ့ အဖြေတစ်ခုပါ။

သူဝင်ချင်တဲ့အဖွဲ့အကြောင်း အသေးစိတ်မသိ။ ဘယ်လိုမူဝါဒ၊ ဘယ်လိုစည်းမျဉ်းတွေနဲ့ တော်လှန်ရေးလုပ်နေတာလဲ သူစိတ်မဝင်စား။

သူစိတ်ဝင်စားတာက စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ဖို့သာ။

စစ်မှုမထမ်းမနေရ ဥပဒေအောက်က ရုန်းထွက်လာသူတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အပြိုင်အဆိုင်ခေါ်ယူနေတာကြောင့် လူငယ်တွေမှာ ဘယ်တပ်ရင်း၊ တပ်ဖွဲ့ကိုဝင်မလဲဆိုတဲ့ ရွေးချယ်စရာတွေများနေပါတယ်။

တော်လှန်ရေးအဖွဲ့ဖြစ်ရင် ပြီးရောဆိုပြီး ရွေးချယ်လိုက်ရင်တော့ လူငယ်တွေအတွက် အန္တရာယ်ရှိပါတယ်။

“အဖွဲ့တွေအားလုံးက ကောင်းတဲ့အဖွဲ့တွေရှိသလို တော်လှန်ရေးလုပ်နေသလိုလိုနဲ့ ဟန်ပြအဖွဲ့တွေလည်းရှိတယ်။ အဲဒီအဖွဲ့တွေထဲကို ပါသွားရင် လူငယ်တွေပဲနစ်နာမှာ” လို့ ကိုမင်း ကဆိုပါတယ်။

ချမှတ်ထားတဲ့ စစ်သည်တော်ကျင့်ဝတ်တွေကို မလိုက်နာတဲ့အဖွဲ့တွေ၊ နိုင်ငံရေးရည်မှန်းချက်မရှိဘဲ စစ်တိုက်နေတဲ့အဖွဲ့တွေထဲ ဝင်မိရင် လူငယ်တွေ လမ်းမှားရောက်သွားနိုင်သလို တော်လှန်ရေးအတွက်လည်း ထိခိုက်နိုင်တယ်လို့ သူကထောက်ပြပါတယ်။

ဒါကြောင့် လူငယ်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲကို ဇွတ်ဝင်တာမျိုးထက် ကိုယ်ဝင်မယ့်အဖွဲ့အစည်းအကြောင်းကို သေသေချာချာလေ့လာဖို့လိုမယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီကတော့ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပြီး ဆင့်ခေါ်ရေးအဖွဲ့တွေကို ဖွဲ့စည်းနေပါပြီ။

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ လူငယ်အမျိုးသား၊ အမျိူးသမီး ၁၃ သန်းနီးပါးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အဲဒီအထဲက ဧပြီလထဲ ပထမအသုတ် လူဦးရေ ၅၀၀၀ ခေါ်ယူပြီး စစ်သင်တန်းပေးဖို့ အစီအစဉ်ဆွဲနေပါတယ်။

အမျိုးသားညီညွတ်‌ရေး အစိုးရကတော့ စစ်မှုထမ်းဥပဒေဟာ တရားမဝင်ဘူးလို့ ထုတ်ပြန်ထားပေမယ့် လူငယ်တွေကတော့ ပြည်တွင်းမှာလည်း မနေရဲ၊ စစ်ကောင်စီအောက် စစ်မှုလည်းမထမ်းချင်လို့ လွတ်မြောက်ရာ နည်းလမ်းစုံကို ကြိုးစားနေကြရပါတယ်။

တနင်္သာရီတိုင်းက တော်လှန်ရေး အဖွဲ့တွေကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထဲကို မဝင်ချင်သူတွေ၊ အသက်မပြည့်သေးသူတွေကိုတော့ ထိုင်းနိုင်ငံကို ထွက်ခွာနိုင်အောင် အဖွဲ့အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ပေးဖို့ စဉ်းစားနေတာလည်း ရှိတယ်လို့ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ အဓမ္မစစ်မှုထမ်း ဥပဒေကြောင့် အခက်ကြုံနေရတဲ့ လူငယ်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုမင်းကတော့ အခုလိုအကြံပြုစကားဆိုပါတယ်။

“အခုချိန်မှာ လူငယ်တွေစဉ်းစားရမှာက ကိုယ့်အတွက်လုပ်မလား၊ တိုင်းပြည်အတွက် လုပ်မလားပဲ စဉ်းစားရမှာ။ ကိုယ့်အတွက်လုပ်မယ်ဆိုရင်တော့ နိုင်ငံခြားထွက်ပေါ့လေ။ တိုင်းပြည်အတွက် လုပ်မယ်ဆိုရင်တော့ တော်လှန်ရေးကို မျက်နှာမူပြီး လုပ်နေတဲ့ အဖွဲ့တွေဆီပဲ ဆက်သွယ်စေချင်တယ်”