မြန်မာတွေအတွက် ဝန်နှင့် အားမမျှတဲ့ ချင်းမိုင်က ဗုဒ္ဓတက္ကသိုလ်

0
2924

MCU လို့ အတိုကောက်‌ခေါ်တဲ့ ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓတက္ကသိုလ်ဖြစ်တဲ့ Mahachulalongkornrajavidyalaya Unversity က ၂၀၂၄ ခုနှစ် လူ ကျောင်းဝင်ခွင့်အတွက် မြန်မာ လူပုဂ္ဂိုလ် တွေကို Application form ပိတ်လိုက်ပြီဆိုတဲ့ စာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထွက်လာပါတယ်။ (လူပုဂ္ဂိုလ် လို့ သုံးရတာ သံဃာတော်တွေအတွက် ဝင်ခွင့်ပိတ်တယ်လို့ စာမှာ မပါလို့ပါ)

ကျောင်းလျှောက်ဖို့ အားခဲထားတဲ့ မြန်မာတွေက မြန်မာဆိုတဲ့ အမည်နာမကြီး တပ်ပြီး ကျောင်းဝင်ခွင့် လက်မခံသေးဘူးဆိုတာကြီးက မလွန်လွန်းဘူးလား၊ မြန်မာတွေကို ချည်းပဲ သီးခြား ဒီလိုလုပ်တယ်ဆိုတာ နည်းနည်းခံစားရတယ် စသလို စသလို မှတ်ချက်တွေကိုလည်း Facebook မှာ မြင်ရပါတယ်။

မြန်မာသီးသန့် ဝင်ခွင့် ပိတ်လိုက်တယ်ဆိုတာ ဘာကြောင့်လဲဆိုတာ MCU မှာ လက်ရှိတက်နေတဲ့ ကျောင်းသားတစ်ဦးအနေနဲ့ ကျွန်တော် စောကြော ကြည့်ပါမယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ လူမှုကွန်ရက်မှာ MCU ကျောင်းနဲ့ ပတ်သက်တဲ့ ပို့စ်တစ်ခု တက်ခဲ့ပြီး ပျံ့နှံ့မှုအားလည်း အလွန်ကောင်းခဲ့တယ်။

ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် ဗီဇာ လေးနှစ်ရမယ်၊ တစ်နှစ်လုံးကိုလည်း ဘတ် တစ်သောင်းကျော်ပဲ ကုန်မယ်၊ ဘွဲ့လည်း ရမယ်၊ ဝင်ခွင့်ဖြေဆိုသူ အားလုံးနီးပါးကို အအောင်ပေးလေ့ရှိတယ် ဆိုတဲ့ အချက်တွေ ထည့်ရေးထားပြီး ကျောင်းနဲ့ ပတ်သက်တဲ့ အချက်အလက် ပြည့်စုံတယ်လို့ ဆိုရလောက်အောင် MCU မှာ လက်ရှိတက်နေတဲ့ ကျောင်းသူတစ်ဦးက မျှဝေထားတာပါ။

လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ဆိုရင် ကျောင်းကို ရည်ညွှန်းထားတဲ့ အချက်အလက်တွေက တကယ်ကို အများအတွက် အဆင်ပြေ သည်းခြေကြိုက် လို့တောင် ပြောလို့ရမယ်ထင်ပါတယ်။

ကျွန်တော် ရေးတဲ့ အခု ဒီစာကတော့ MCU မှာ တက်နေဆဲ ကျောင်းသား တစ်ဦးအနေနဲ့ကျောင်းက မြန်မာတွေ ကျောင်းလျှောက်ခွင့် ဘာကြောင့် ပိတ်လိုက်ရတယ် အကြောင်းကို သိသလောက် မျှဝေပေးချင်တာပါ။

ပထမဆုံးအချက်က လျှောက်တဲ့ ဦးရေ အရမ်းများနေတဲ့ ကိစ္စပါ။

Facebook မှာ ကျောင်းအကြောင်းကို မျှဝေထားတဲ့ စာ တင်တဲ့ ရက်နေ့မတိုင်ခင် ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ MCU ရဲ့ English Major ၂၀၂၄ ဝင်ခွင့်မှာ ကျောင်းလျှောက်ထားသူဟာ ၁၃၀ ဦးရေပဲ ရှိပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လယ်မှာတော့ ကျောင်းလျှောက်ထားသူ ဦးရေက ၅၃၈ ဦးကို ခုန်တက်သွားတော့တာပါ။

မြန်မာကျောင်းသားတွေကို လျှောက်ထားခွင့်ဖောင် ပိတ်လိုက်တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာတော့ ကျောင်းလျှောက်ထားသူ ဦးရေက ၂၁၆၃ အထိကို ရှိနေခဲ့ပါပြီ။ အဲဒီ အယောက် ၂၁၆၃ ဦးမှာ မြန်မာတွေချည်းပဲ ၂၀၀၀ ကျော်လောက် ပါနေတာပါ။

လေးရက်အတွင်းကို အယောက် ၂၀၀၀ ကျော်ရဲ့ ဝင်ခွင့်လျှောက်လွှာတွေ ရောက်လာတာမို့ ကျောင်းအနေနဲ့ အတော်ကို စိစစ်ဖို့ ခက်ခဲတော့မှာပါ။

ပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲက အပူတွေက တစ်ဖက်က ကျောင်းက ဆရာတွေ၊ ဝန်ထမ်းတွေကိုလည်း အတော်ကို ဟပ်မှာပါ။ လက်ရှိ မြန်မာနိုင်ငံ အခြေအနေ၊ ကျောင်းသားတွေ အခြေအနေကို ကျောင်းက ဆရာ၊ ဆရာမတွေက အတိုင်းအတာ တစ်ရပ်အထိ နားလည်သိရှိပါတယ်။

MCU ကျောင်းမှာ ကျောင်းဝင်ခွင့်အတွက် လုပ်ဆောင်ပေးဖို့အတွက် လူဝန်ထမ်းတွေရှိသလို သံဃာတော်တွေလည်း လုပ်ကိုင်နေတာ ရှိပါတယ်။

ကျောင်းဝင်ခွင့်အတွက် ကျွန်တော်တို့ မြန်မာတွေရဲ့ စုံစမ်းမှုက ရုံးချိန်တွင်းသာမက နေ့နေ့ ညည သန်းခေါင်မရွေး Line၊ email တွေမှာ အတော်ကို ပလူပျံခဲ့တယ်လို့ သတင်းတွေ ကြားရပါတယ်။ အဲဒီလို စုံစမ်းသူ၊ လျှောက်ထားသူ များလွန်းတာတွေကြောင့် ကျောင်းအနေနဲ့ မတတ်သာတဲ့အဆုံး သံဃာတော် မဟုတ်တဲ့ သာမန် မြန်မာလူပုဂ္ဂိုလ် ဝင်ခွင့်ပိတ်တယ်ဆိုပြီး စာထုတ်ခဲ့တယ်လို့ ယူဆမိပါတယ်။

လတ်ရှိမှာ ချင်းမိုင် MCU ကျောင်းဟာ Wat Suan Dok ဆိုတဲ့ ဘုရားဝန်းထဲက ကျောင်းဆောင်တွေထဲမှာ တက္ကသိုလ်ကို ဖွင့်ထားတာပါ။ ချင်းမိုင်မြို့ရဲ့ အရှေ့မြောက်ဘက် Doi Suket ဆိုတဲ့ နေရာမှာ ချင်းမိုင် MCU ရဲ့ Campus သစ် ဆောက်လုပ်နေဆဲဖြစ်ပြီး ခုချိန်ထိ မပြီးသေးပါဘူး။

English Major ဟာ၂၀၂၃ တုန်းက ကျောင်းသား ၆၀ ကျော်လက်ခံခဲ့ပြီး အဲဒီ ကျောင်းသား ၆၀ ကျော်လုံးကို တစ်စုတစ်စည်းတည်း သင်ကြားပေးဖို့အတွက် ပုံမှန် စာသင်ခန်းတွေက နေရာကျဉ်းလွန်းပါတယ်။ ဒါကြောင့် အစည်းအဝေးတွေလုပ်ရာ၊ ဟောပြောပွဲတွေ လုပ်ရာ Hall ခန်းလို နေရာမျိုးကို ရွေ့ပြီး ကျောင်းသားတွေကို စာသင်စေခဲ့ရပါတယ်။ အဲဒီ အခန်းကျယ်ကလည်း တစ်ကျောင်းလုံးမှာ တစ်ခန်းပဲ ရှိပါတယ်။

ကျောင်းမှာ ကျောင်းသား အများကြီးအတွက် နေရာမရှိသေးပါဘူး။

ဒီအချက်တွေကြောင့် MCU အနေနဲ့ လူပုဂ္ဂိုလ် မြန်မာကျောင်းသားတွေကို ဝင်ခွင့်လျှောက်ဖို့ ပိတ်တယ်ဆိုတာ မပိတ်မနေမို့ ဘယ်လိုမှ မတတ်သာလို့ ပိတ်လို့ရတယ်လို့ မြင်ပါတယ်။

မြန်မာမို့ လုပ်ရက်တယ်ဆိုတာမျိုး မဟုတ်တာတော့ သေချာပါတယ်။ ကျောင်းဟာ မြန်မာကျောင်းသားတွေ အပေါ် အတော်ကို နားလည်ပေးပြီး ကျောင်းသားတွေ အပေါ် ကြည့်ရှုပေးတာ ကိုယ်တွေ့ပါပဲ။

နောက်တစ်ချက်က လက်ရှိ ကျောင်းဝင်ခွင့်လျှောက်ရာမှာ ဖောင်တင်လို့ရသွားတဲ့ ကျောင်းသားတွေအနေနဲ့လည်း အယောက် ၂၀၀၀ ကျော်နဲ့ ပြိုင်ပြီး အရွေးခံရမယ်ဆိုတာပါပဲ။ ကျောင်းဝင်ခွင့်ရဖို့ ပြင်ဆင်ရင်း တကယ်လို့ မပါခဲ့သည် ရှိသော် ဆိုတဲ့ အချက်ပါ ထည့်စဉ်းစားဖို့ လိုပါမယ်။

ကျောင်းရဲ့ Ranking ကိုလည်း တစ်ချက်ပြောချင်ပါတယ်။ Google မှာ ရှာကြည့်ရသလာက် ထိုင်းနိုင်ငံတွင်းမှာ အဆင့် ၄၅ ပါ။ ပညာရေးကို တကယ် အားထည့်မယ်ဆိုတဲ့ လူတွေအတွက် Ranking ကောင်းတဲ့ တခြားကျောင်းတွေကို ရှာကြည့်ပါလို့ အကြံပြုချင်ပါတယ်။

ပြီးတော့ ဗုဒ္ဓတက္ကသိုလ် ဖြစ်တဲ့အတွက် သံဃာတော်တွေအတွက် အဓိက ရည်စူးတဲ့ ကျောင်းဖြစ်ပါတယ်။ သင်ကြားရေးမှာ လူပုဂ္ဂိုလ် ဆရာတွေအပြင် သံဃာတော်တွေပါ သင်ပါတယ်။

ကျောင်းတက်နေတုန်း အလုပ်လုပ်ဖို့ဆို ခက်ခဲနိုင်ပါတယ်။ ညနေပိုင်းအလုပ်တွေ ရှာလုပ်ရမှာပါ။ ကျောင်းဖွင့်ရက်တွေမှာ နေ့လယ် ၂ နာရီခွဲ ၃ နာရီလောက်မှ ကျောင်းဆင်းလို့ပါ။ ကျောင်းကလည်း တစ်ပတ်မှာ သုံးရက်ကနေ လေးရက်လောက် တက်ရပါတယ်။

နောက်တစ်ချက်က ထိုင်းနိုင်ငံမှာ Non ED ဗီဇာနဲ့ တရားဝင်အလုပ် လုပ်ခွင့် မရှိပါဘူး။ ချင်းမိုင်မှာ ရှိတဲ့ မြန်မာတွေ အဲဒီ တက္ကသိုလ်အကြောင်း သိတန်သလောက် သိကြပါတယ်။ ဒါပေမဲ့ တက်တဲ့သူ၊ ရွေးတဲ့သူ ဆယ်ဂဏန်းပဲ ရှိပါတယ်။ အခုတက်နေသူတွေ ထဲမှာတောင်မှ အလုပ်က ဗီဇာပေးတယ်၊ အခြားတက္ကသိုလ် ပညာသင်ဆုရရင် အဲဒီကို ပြောင်းမယ်ဆိုတာ တွေ ရှိပါတယ်။ အဲလို အချက်တွေကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် လက်တွေ့မှာ ကျောင်းဝင်ခွင့်ရရင်တောင် အခက်အခဲတွေ ရှိပါသေးတယ်။ မြန်မာတွေကို ဘုန်းကြီးတက္ကသိုလ်က ဝင်ခွင့်ပိတ်လိုက်ဆိုတာ ဝန်နဲ့အား မမျှလို့ သာဖြစ်နိုင်ပါတယ်။ မြန်မာမို့လို့ သီးခြားပြီး ခွဲခြား ပိတ်ပင်လာမဟုတ်ပါဘူးလို့ ဆိုချင်ကြောင်းပါ။

ဂျွန်