ကျွန်းစုတွင် ဆီလာတင်သည့် စက်လှေမီး‌‌လောင်ပေါက်ကွဲ​ပြီး ခြောက်ဦးဒဏ်ရာရ

0
947

ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ကဏန်းကျွန်းအရှေ့ဖက်ရှိ ရေပြင်တွင် ဖေဖော်ဝါရီ ၁၄ ရက်‌‌ နံနက် ၁၀ နာရီဝန်းကျင်က ကုန်တင်လှေ တစ်စီးပေါက်ကွဲမီးလောင်ပြီး ခြောက်ဦးဒဏ်ရာရကြောင်း ဒေသခံများကပြောသည်။

အဆိုပါစက်လှေမှာ ဆီတင်ဘောတွင် ဆီဖြည့်ပြီးနောက် မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ပေါက်တော့ပေါက်ကွဲတယ်။ ဆီပုံးပေါက်ကွဲတာလား ၊ ဂက်(စ်)အိုးပေါက်ကွဲတာလားတော့ မသိရဘူး” ဟု ၎င်းက ပြောဆိုသည်။

ပေါက်ကွဲမှုကြောင့် လှေပေါ်လိုက်ပါလာသည့် ကျွန်းစုမြို့နယ် သဘောင်းတောင်ရွာသား ခြောက် ဦးဒဏ်ရာ ရရှိခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။

ဒဏ်ရာရရှိသူများကို လူမှုကူညီရေးအသင်းအဖွဲ့များက မြိတ်ဆေးရုံသို့ အသီးသီးကူညီပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။