ထိုင်းတွင် ဒစ်ဂျစ်တယ်သမားများကို နှစ်ရှည်ဗီဇာပေးရန် အဆိုပြု

0
956

ကမ္ဘာတဝန်းမှ ရွှေ့လျား ဒစ်ဂျစ်တယ်သမားများကို ထိုင်းနိုင်ငံက နှစ်ရှည်ဗီဇာပေးရန် အစိုးရနှင့် ပုဂ္ဂလိကကော်မတီအဖွဲ့က ပူးပေါင်း အဆိုတင်သွင်းခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်အကြံပေးက ယနေ့တွင် ပြောကြားခဲ့သည်။

Remote workers သမားဟု အများစုခေါ်ကြသော ရွေ့လျားသွားလာရင်း ကွန်ပြူတစ်လုံးဖြင့် အလုပ်လုပ်ကိုင်ကြမည့် ဒစ်ဂျစ်တယ် ကျွမ်းကျင်သူများ (Digital nomads) များအတွက် ထိုင်းနိုင်ငံတွင် တရားဝင် ရေရှည်လာရောက်လုပ်ကိုင်နိုင်ရန် နှစ်ရှည်ဗီဇာပေးနိုင်ရေး ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၏ ကုန်ကျစရိတ်သက်သာမှု၊ ပွဲတော်များဖြင့် စည်ကားမှု၊ ကမ်းခြေများ၊ ကျွန်းများက ရွေ့လျားအလုပ်လုပ်သူများကြား ရေပန်းစားနေခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းရှင်များ၊ ရွေ့လျားအလုပ်လုပ်သူများ (Remote workers) ၊ စွန့်ဦးတီထွင်အလုပ်လုပ်သူများ စသော အွန်လိုင်းကအလုပ်လုပ်သူများစွာ လာရောက်နေထိုင်လုပ်ကိုင်နေကြသည်။

ထိုင်းနိုင်ငံတွင် ဒစ်ဂျစ်တယ်ရွှေ့လျားသမားများ နေထိုင်မှုများပြားခဲ့ပြီး တရားဝင် ဒစ်ဂျစ်တယ် နှစ်ရှည်ဗီဇာမရကြဘဲ ခရီးသွားဗီဇာနှင့် အခြား ပညာရေး ဗီဇာများဖြင့်သာ နေထိုင်လုပ်ကိုင်နေကြရသည်။ ဘန်ကောက်တွင် ဒစ်ဂျစ်တယ်သမား တစ်သိန်းခွဲ၊ ဖူးခတ်တွင် ခြောက်သောင်းခွဲနှင့် ချင်းမိုင်တွင် လေးသောင်းမျှ နေထိုင်လျက်ရှိသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဒစ်ဂျစ်သမားများအတွက် အာရှတွင် ရေပန်းအစားဆုံး နေရာများဖြစ်သည်။ အာရှတွင် မလေးရှား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာတို့တွင် တရားဝင် ဒစ်ဂျစ်တယ်သမား ဗီဇာရှိသည်။ အင်ဒိုနီးရှားတွင်မူ ထိုသို့ အမည်မတွင်သော်လည်း အဝေးရောက် အလုပ်လုပ်သူများအတွက် ဗီဇာသီးခြားရှိသည်။

ထိုင်နိုင်ငံတွင် ထိုသို့ နှစ်ရှည်ဗီဇာပေးနိုင်ပါက နိုင်ငံ၏ ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်းများ တိုးတက်လာနိုင်မည်ဟု မျှော်လင့်ရကြောင်း ဝန်ကြီးချုပ်အကြံပေး Pichai Naripthaphan က ပြောကြားခဲ့သည်။
ဥရောပတိုက် အက်စတိုနီးယားနိုင်ငံက လက်တွေ့အကောင်အထည်ဖော်ပြီး အောင်မြင်နေမှုများနှင့်အတူ တန်းတူ ရင်ဘောင်တန်းနိုင်မည်ဖြစ်ကြောင်း အကြံပေးက ပြောကြားသည်။

သို့သော်လည်း နှစ်ရှည်ဗီဇာအတွက် ကမ္ဘာတဝန်း အသိအမှတ်ပြုထားသော တက္ကသိုလ် ၆၀၀ ကျော်မှ တက္ကသိုလ်ဘွဲ့ရများသာ လျှောက်ထားနိုင်ရန် ကနဦးရည်ရွယ်ထားသေးကြောင်း ဖော်ပြထားသည်။

ပညာရှင်များအတွက် ရေရှည်အကျိုးအမြတ်နှင့် သက်ဆိုင်ရာလုပ်ငန်းများ တည်ထောင်ဖို့ အဟန့်အတားဖြစ်စေသည်များကိုလည်း လျော့ချနိုင်ရန် အကြံပြုထားသေးကြောင်း ဖော်ပြထားသည်။

ဗီဇာနှင့် ပက်သတ်၍ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးဘဲ နောက်ထပ်အချက်အလက်များကို လာမည့် ၆ လအတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်အကြံပေးက ဆိုသည်။

Ref: Thai Enquirer, Digital Nomad Asia