ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၂၀၀ ကျော်ကို ကော့သောင်းဘက်ပြန်ပို့

0
1847
Photo - ရနောင်းလဝက

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ပြီးသော မြန်မာအလုပ်သမား ၂၀၀ ကျော် ကို ယနေ့ ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ်ပိုင်းတွင် ရနောင်းမြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ ပြန်လည် ပို့ဆောင်ပေး ခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချုပ်များတွင် ပြစ်ဒဏ်အမျိုးမျိုးဖြင့် ကျခံခဲ့ရပြီးနောက် ရနောင်းလဝကထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံခဲ့ရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

အလုပ်သမားများကို ရနောင်းမြို့မှတစ်ဆင့် စက်လှေများဖြင့် ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

နေရပ်ပြန်ပို့ခံရသူများတွင် မြန်မာအလုပ်သမား အမျိုးသား ၁၆၀ ဦးနှင့် အမျိုးသမီး ၄၆ ဦး ပါဝင်ကြောင်း အဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

နေရပ်ပြန်ရောက်လာသော မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်ပြီး နောက်ပိုင်းတွင် မိမိနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့ကို စိစစ်တယ်။ ကော့သောင်းဒေသခံဆို ကော့သောင်းမှာထားတယ်။ ဒေသခံမဟုတ်တဲ့သူဆိုရင် ကိုယ့်နေရာကို ပြန်ဖို့ ကားနဲ့တခါတည်း စီစဉ်ပြီး လွှတ်တာ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သော ဇန်နဝါရီအစောပိုင်းက ရနောင်းလဝကထိန်းသိမ်းရေးစခန်းက ထိန်းသိမ်းခံ မြန်မာအလုပ်သမား ၂၅၈ ဦးသည် နှစ်သစ်တွင် အိမ်ပြန်ပို့ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် ယခု ဒုတိယအကြိမ် နေရပ်ပြန်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြပြီးနောက် ဇန်နဝါရီလ ၁၀ ရက်နေ့က ပြစ်ဒဏ်ကျခံပြီးသော မြန်မာအလုပ်သမား ၁၂၁ ဦးကို ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။