ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်း၊ သင်္ကြန်အပြီးတွင် စစ်မှုထမ်းစခေါ်မည်ဟု စစ်ကောင်စီဆို

0
2819

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြီး ဧပြီလ နှစ်သစ်ကူး ရုံးပိတ်ရက်အပြီး ကာလတွင် စစ်မှုထမ်းစခေါ်မည်ဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

စစ်ကောင်စီ ဒုတိဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူ ဦးဆောင်ပြီး ၁၈ဦးပါဝင်သည့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ဧပြီလ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကာလပြီးတွင်း စစ်မှုထမ်းစတင်ခေါ်ယူမည်ဖြစ်ပြီး အပတ်စဉ် တစ်ခုလျှင် လူဦးရေ ငါးထောင်အထိ ခေါ်ယူမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီမြန်မာပိုင်းနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

ပြည်သူ့စစ်မှုထမ်း ခေါ်ယူသူများကို ရှေ့တန်းသို့လွှတ်မည်လောဟု မေးမြန်းရာ ဗိုလ်ချုပ်ဇော်မင်းထွန်းက “သူရဲ့ ကျွမ်းကျင်မှု တတ်မြောက်မှုအပေါ် မူတည်လိမ့်မယ်။ စစ်တိုက်တာ တစ်ခုတည်းနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်တာ မဟုတ်ပါဘူး” ဟု ဖြေကြားခဲ့သည်။

အသက် ၁၈နှစ်ပြည့်ပြီးသူ့တိုင်း စစ်မှုထမ်းရမည်ဖြစ်သောကြောင့် ပညာသင်၊ စီးပွားရှာ စသည့်အရွယ်ကောင်း လူငယ်များ အတွက် နစ်နာဆုံးရှုံးမှုများစွာ ရှိနိုင်သည့်အပြင် အခြေခံလူတန်းစားများ အဓိက အထိနာနိုင်ကြောင်း ထောက်ပြမှုများရှိသည်။

နိုင်ငံတစ်ဝန်း စစ်မျက်နှာဖွင့်ထားရပြီး စစ်ရေးအရအထိနာကာ စစ်ကောင်စီတပ်အင်အား လျော့နည်းလာချိန် စစ်ကောင်စီတပ် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသတ်သွင်းခြင်းဖြစ်ကြောင်းလည်း ဝေဖန်ထောက်မှုများစွာရှိနေသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီတပ်တွင် တာဝန်မထမ်းဆောင်လိုသဖြင့် တော်လှန်ရေးတပ်ဖွဲ့များသို့ ဆက်သွယ်ဝင်ရောက်မှု ဆက်တိုက်မြင့်တက်လာကြောင်း တော်လှန်ရေးအဖွဲ့များဘက် ထုတ်ဖော်ပြောဆိုထား ကြသည်။