စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် PDF ထဲဝင်ရန် ဆက်သွယ်သူများလာ

0
6800

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထံတွင် တာဝန်ထမ်းဆောင်ရန် ဆက်သွယ်စာရင်းပေးလာသူ များပြားလာကြောင်း တနင်္သာရီတိုင်းတွင်းက တော်လှန်ရေး အင်အားစုများထံက သိရသည်။

၂၀၁၀ ပြည့်နှစ်တွင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းခဲ့သည့် အရွယ်ရောက်သူ နိုင်ငံသားတိုင်း စစ်တပ်ထဲတွင် ၂ နှစ်မှ ၅ အထိ တာဝန်ထမ်းဆောင်ရမည်ဆိုသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အသက်သွင်းခဲ့သည်။

ယင်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ထံ စစ်မှုမထမ်းလိုသဖြင့် တော်လှန်ရေးအဖွဲ့များထံ စစ်မှုထမ်းရန် ဆက်သွယ်လာသူများလာခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့က ဆိုသည်။

ထားဝယ်မြို့မှ လူငယ်အမျိုးသားတစ်ဦးက မဖြစ်မနေ စစ်မှုထမ်းရလျှင် တော်လှန်ရေးတပ်ဖွဲ့များထံတွင်သာ ထမ်းဆောင်မည် ဖြစ်ကြောင်း ပြောဆိုသည်။

“စစ်ကောင်စီတပ်ထဲသွားလည်း သေမယ့်အတူတူ PDF ထဲပဲ သွားမှာပေါ့။ ကိုယ့်လူအချင်းချင်းတော့ ပြန်မပစ်နိုင်ပါဘူး။ PDF ထဲ သွားလို့သေမယ်ဆိုလည်း မြင့်မြတ်သောသေခြင်းနဲ့ပဲ သေလိုက်မယ်။ (စစ်ကောင်စီတပ်) သူတို့ဆီမှာ ဘယ်သူမှ စစ်မှုထမ်းချင်မှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်တွင် PDF တပ်သားသစ်များကို ခေါ်ယူနေကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF အမှတ် (၁) တပ်ရင်းက စာထုတ်ပြန်ပြီး နာရီပိုင်းအတွင်းမှာပင် ဆက်သွယ်လာသူ ဆယ်ဂဏန်းခန့်ရှိကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောဆိုသည်။

“သူတို့နဲ့ နီးစပ်သူတွေကနေ တစ်ဆင့် နောက်ကြောင်းကို စစ်ဆေးတာမျိုးတွေ လုပ်တာတော့ ရှိပါတယ်။ လောလောဆယ်တော့ အရေအတွက် ကန့်သတ်ထားတာမျိုး မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။

ထားဝယ်ခရိုင်-အမှတ် (၂) တပ်ရင်းကိုလည်း လာရောက်ဆက်သွယ်သူများနေကြောင်း ယင်းတပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“အရေအတွက်ကိုတော့ တပ်ရင်းစည်းမျဥ်းအရ လုံးဝ ပြောဆိုမှာမဟုတ်ပါဘူး။ လက်ခံတာကတော့ ကျွန်တော်တို့ လက်ခံနိုင်တဲ့ အရေအတွက် အထိ လက်ခံသွားမှာပါ။ စိစစ်တာက တပ်တွင်းတာဝန်ရှိသူတွေ ဖွဲ့စည်းပြီး စစ်ဆေးစိစစ်သွား မှာပါ။ တာဝန်တွေကတော့ သက်ဆိုင်ရာ ကဏ္ဍအလိုက် စိစစ်ချက်တွေကိုကြည့်ပြီး ဆုံးဖြတ်သွားမှာပါ” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်း စစ်ရေးလှုပ်ရှားနေသည့် ဒေါနစစ်ကြောင်း၊ စစ်ကြောင်းမှူး စောဒါးကိုလည်း စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက်ပိုင်းတွင် PDF ထဲသို့ ဝင်ရောက်ရန် ဆက်သွယ်လာသူများလာကြောင်း ပြောဆိုသည်။

သို့သော် အရေအတွက်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

“တောက်လျှောက်တော့ လူငယ်တွေ ဆက်သွယ်လာတာ အများကြီးရှိပါတယ်။ အမေ အဖေတွေကအစ ဦးတွေ အဒေါ်တွေက အစ တော်လှန်ရေးဘက်ကို ကလေးတွေကို လွှတ်ဖို့ဆက်သွယ်လာတာရှိတယ်။ ဘာပဲပြောပြော အခုလိုမျိုး ပြည်သူတွေ အခက်အခဲ အကျပ်အတည်းတွေ့နေချိန်မှာ ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေကလည်း အားလုံး ကူညီပေးဖို့ အဆင့်သင့်ပါ။ ကျွန်တော်တို့ဘက်ကလည်း အားလုံး Welcome ပါ” ဟု စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒေါနစစ်ကြောင်း (တပ်ခွဲ-၄) ၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း၊ မြိတ်ခရိုင်အမှတ်(၁)၊ အမှတ်(၂)တပ်ရင်းနှင့် တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စသဖြင့် တနင်္သာရီတိုင်းတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များကလည်း တပ်သားသစ်ခေါ်ယူကြောင်း ထုတ်ပြန်ကြေညာထားကြသည်။

အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ ကျန်းမာရေးကောင်းသူ၊ ပေးအပ်လာသော အမိန့်နှင့် တာဝန်များကိုကျေပွန်စွာထမ်းဆောင်နိုင်သူ၊ စစ်သည်တော်ကျင့်ဝတ်များကို လိုက်နာနိုင်သူ၊ စစ်အာဏာရှင်ပြုတ်ကျသည်အထိ တိုက်ပွဲဝင်နိုင်သူဖြစ်ပါက တပ်သားသစ် အဖြစ် လျှောက်ထားနိုင်ကြောင်း ဒေါနစစ်ကြောင်း (တပ်ခွဲ-၄)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ အသက်သွင်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်မှုထမ်းရမည်ဖြစ်သည်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာ၊ စက်မှုလက်မှုပညာ၊ အခြားအတတ်ပညာတရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများဖြစ်ပါကအမျိုးသားများဆိုလျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ အမျိုးသမီးများမှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသူ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည် ဖြစ်သည်။

အရွယ်ရောက်သူနိုင်ငံသားတိုင်းကို စစ်မှုထမ်းကာလ ၂ နှစ်သတ်မှတ်ထားပြီး ကျွမ်းကျင်ပညာရှင်များမှာ ၃ နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

အရေးပေါ်ကာလတွင် စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်ပြီး စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းကို ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဖွဲ့စည်းလိုက်သည်။ ဧပြီလ နှစ်သစ်ကူး ရုံးပိတ်ရက်အပြီး ကာလတွင် စစ်မှုထမ်းစခေါ်မည်ဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီမြန်မာပိုင်းနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။