“ပြည်ထောင်စုပြိုကွဲမှာ စိုးရိမ်သတဲ့လား…”

0
3414

(၁) ပြည်ထောင်စုနေ့ဆိုတာ ဘာလဲ

ပြည်ထောင်စုနေ့ နီးလာပြီဆိုတော့ ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ပွဲမှာ ဘယ်တိုင်းရင်းသားဝတ်စုံက အလှဆုံးလဲ၊ ဘယ်ပြည်နယ်က ကတာ အကောင်းဆုံးလဲ၊ ပြည်ထောင်စုနေ့ ညစာစားပွဲ ဘယ်သူတွေ တက်သလဲ… စသဖြင့် ပြောသံကြားရပေဦးမည်ပေါ့…

ဒါက လွတ်လပ်ရေးရပြီး နှစ် ၇၀ အတွင်း၊ အတိအကျပြောရမယ်ဆိုရင် ၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ထောင်စုနေ့ကို လူအများစု နားလည်ထားတဲ့ ရေဘူယျ ပုံစံဖြစ်ပါတယ်။

ပြည်ထောင်စုနေ့ဆိုတဲ့အသံကိုကြားလိုက်တာနဲ့ တိုင်းရင်းသားလူငယ်ပေါင်းစုံ ရိုးယာဝတ်စုံတွေဝတ်ပြီး ကခုန်နေကြတဲ့ပုံ၊ ဒါမှမဟုတ် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားတွေက ရိုးရာဝတ်စုံတွေဝတ်ပြီး မြန်မာပြည်မြေပုံကို ဝန်းရံနေတဲ့ပုံတွေကိုပဲ နိုင်ငံပိုင် မီဒီယာတွေက ဖေါ်ပြလေ့ရှိပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ်မှာ လူဖြစ်လာတဲ့ စာရေးသူကိုယ်တိုင်လည်း ဒီလိုပါပဲ။ ပြည်ထောင်စုနေ့ဆိုရင် ပြည်ထောင်စုအလံတော်ကြီး နိုင်ငံတဝှမ်းပတ်ပြီး ထားဝယ်လေဆိပ်ကိုရောက်လာတာ၊ တိုင်း-အားကစားကွင်းမှာ အဲဒီအလံကို ခဏထားပြီး ပျော်ပွဲရွှင်ပွဲ ကျင်းပတာ၊ ပြည်ထောင်စုနေ့ စက်ဘီးပွဲမှာ ဝင်ပြိုင်ဖူးတာ စသဖြင့် ဒါတွေကိုပဲ သတိရနေပါတယ်။

ဆိုလိုတာက ဗမာလူများစုကြီးစိုးခဲ့တဲ့ ဗဟိုအစိုးရအဆက်ဆက်က ဝါဒဖြန့်ထားတဲ့ အပေါ်ယံပြည်ထောင်စုနေ့ ပျော်ပွဲရွှင်ပွဲမှာပဲ စိတ်ကရောက်နေပြီး ပြည်ထောင်စုရဲ့ အနှစ်သာရက ဘာလဲ၊ ပင်လုံစာချုပ်ကနေ ပြည်ထောင်စုနေ့ပေါ်လာတယ်ဆိုတာကို ကျောင်းစာအုပ်ထဲဖတ်ဖူးပေမယ့် ပင်လုံစာချုပ်အကြောင်း အသေးစိပ်အချက်အလက်တွေ၊ နောက်ခံသမိုင်းတွေကို စဉ်းစားဖို့ စိတ်မဝင်စားခဲ့ပါဘူး။

ရှေ့မှာပြောခဲ့တဲ့ ပြည်ထောင်စုနေ့ ပွဲလမ်းသဘင်တွေမှာလည်း ပြည်ထောင်စု အနှစ်သာရအကြောင်း ဘာမှမပါဘူးရယ်။ “စည်းလုံးခြင်းရဲ့ခွန်အား” ဆိုတဲ့ သီချင်းနဲ့ ဆောင်ပုဒ်တွေကိုတော့ နေရာအတော်များများမှာတွေ့ရပြီး ထင်းစည်းပုံတခုကို လူတယောက်က ဒူးနဲ့တိုက် ချိုူးနေတဲ့ပုံ၊ တချောင်းချင်းဆိုရင် အချိုးခံရမယ်၊ အစည်းလိုက်ဆိုရင် အချိုးမခံရဘူး။ ဒါကြောင့် စည်းလုံးညီညွတ်ဖို့လိုတယ်ပေါ့… ဒီလိုအမြင်နဲ့ ရာစုနှစ်တဝက်ကျော် ဖြတ်သန်းခဲ့ပေါ့…

အခုကော ဘာထူးလို့လဲ… ပြည်ထောင်စုနေ့ကျရင် အာဏာသိမ်းစစ်ကောင်စီနဲ့ သူ့ကိုထောက်ခံသူတွေ၊ မလွန်ဆန်နိုင်သူတွေက အလားတူပွဲတွေကျင်းပပြီး ရှေးရိုးဆန်စွာ ဆက်သွားနေဦးမှာပါပဲ။

ညစာစားပွဲတက်တဲ့ နိုင်ငံရေးသမားဆိုသူတွေ၊ တိုင်းရင်းသားခေါင်းဆောင်ဆိုသူတွေကကော ဒီနှစ်သောက်ရတဲ့ ဝိုင်က မနှစ်ကလောက်မကောင်းဘူးဆိုပြီး ဆက်ပြောနေမှာလား၊ ရှေ့နှစ်ကျရင် ပြည်ထောင်စုနေ့က ဒီနှစ်တဲ့မတူနိုင်တော့ဘူး၊ အနာဂတ်ပြည်ထောင်စုပုံစံက ဘယ်လိုဖြစ်သင့်တယ် စသဖြင့် ပြောဆိုဆွေးနွေးဖို့ သတ္တိရှိလာနေပြီလား…

သေချာတာကတော့ အခု ၂၀၂၄ ခုနှစ် ပြည်ထောင်စုနေ့အခြေအနေဟာ လွန်ခဲ့တဲ့ နှစ် ၆၀ အခြေအနေနဲ့မတူတော့ပါဘူး။ ဒီနေ့နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့လူငယ်တွေရဲ့အမြင်ဟာ မဆလ ခေတ်မှာလူဖြစ်လာတဲ့ စာရေးသူတို့ ငယ်ငယ်တုန်းကလို ရှေးရိုးစွဲအမြင်အောက်မှာ ပိတ်မိနေသူတွေ မဟုတ်တော့ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စုတွေ၊ ဗမာပြည်နယ်တွေကို ပွင့်လင်းစွာပြောဆိုနေကြသူတွေဖြစ်နေပါပြီ။

အဲ… လူငယ်တွေရဲ့အမြင်တွေတင် ပြောင်းသွားတာမဟုတ်ပါဘူး။ မြေပြင် ပထဝီအနေအထားတွေကလည်း ပြောင်းလဲသွားပါပြီ။ စစ်အုပ်စု ထိန်းချုပ်မှုအောက်နေ နယ်မြေတွေ တခုပြီး တခုလွတ်မြောက်ကုန်ပါပြီ။ ဒါကို ဘယ်လို အသိအမှတ်ပြုကြမလဲ၊ ပြည်ထောင်စုရှေ့ရေး ဘယ်လိုသွးကြမလဲ… ဒါတွေကို အခုလို ပြည်ထောင်စုနေ့မှာ မဆွေးနွေးရင် ဘယ်အချိန် သွားဆွေးနွေးမှာလဲ…။

(၂) ပြည်ထောင်စုပြိုကွဲမှာ စိုးရိမ်သတဲ့လား…

နယ်မြေသစ်တွေပေါ်ထွက်လာတဲ့အပေါ် “ပြည်ထောင်စုပြိုကွဲမှာ စိုးရိမ်မိတယ်”

လို့ ပထမ ဆုံး တရားဝင်ထုတ်ပြောသူကတော့ စစ်ကောင်စီ ဒုသမ္မတ ဦးမြင့်ဆွေပါပဲ။ အသက်ငင်နေတဲ့ စစ်ကောင်စီကို ၆ လတကြိမ် သက်တန်းတိုးခြင်းအခမ်းအနားတခုရဲ့ ကာ-လုံ အစည်းအဝေးမှာ ပြောသွားတာပါ။

အာဏာသိမ်းထားတဲ့ စစ်ကောင်စီထံက ဒီစကားထွက်လာတာ ဘာမှအံ့သြစရာမရှိပါဘူး။

ဒါပေမယ့် ဒီလိုစိုးရိမ်သူဟာ သူတယောက်တည်းဟုတ်ရဲ့လား။ ရှေ့မှာတင်ပြခဲ့တဲ့ စာရေးသူတို့လို မဆလ ခေတ်မှာ ကြီးလာတဲ့လူတွေ၊ မဆလ ခေတ် ကျောင်းသမိုင်းစာအုပ်ပါ အချက်အလက်တွေကို အမှန်လို့ထင်ခဲ့သူတွေထဲမှာလည်း ဦးမြင့်ဆွေလိုပဲ နိုင်ငံပြိုကွဲသွားမလားဆိုပြီး တွေးပူနေသူတွေအများကြီးရှိနေနိုင်ပါတယ်။

အချို့ဆို သူတိုရဲ့ စိုးရိမ်ပူပန်မှုကို ဆိုရှယ်မီဒီယာပေါ် တက်ရေးတဲ့အထိ တွေ့နေရပါတယ်။ ဒါကို အပြစ်မပြောလိုပါ။ ဒါပေမယ့် တကယ်စိုးရိမ်သင့် မသင့်တော့ ဆွေးနွေးရပါလိမ့်မယ်။ ခက်တာက ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း မဆလ ခေတ်မှာ လူဖြစ်လာသူတွေဆိုတော့ ဖက်ဒရယ်အရေး၊ ခွဲရေး-တွဲရေး၊ လက်နက်ကိုင်တော်လှန်ရေးအကြောင်း ပွင့်ပွင့်လင်းလင်း မပြောရဲကြ…

ဒါကိုပြောမိ၊ ဆွေးနွေးမိရင် ရာဇဝတ်မှုတခုကို ကျုးလွန်မိသလိုလို ကျောမလုံတဲ့ ခံစားချက်မျိုး ဒီလူတွေမှာ ရှိနေလေရဲ့…။

ဟော… အခုက မဆွေးနွေးလို့မဖြစ်တော့ဘူး။ ခင်ဗျားစိုးရိမ်ရိမ် မရိမ်ရိမ် ဟိုမှာ လွတ်မြောက်နယ်မြေအသစ်တွေ တခုပြီးတခုပေါ်လာနေပြီ။ ဒီအပေါ် ခင်ဗျား ဘယ်လိုမြင်သလဲ… ထောက်ခံသလား၊ ကန့်ကွက်သလားလောက်ကတော့ ပြောရဲမှ ဖြစ်မှာပေါ့…။

မဆလ ခေတ် ကျောင်းစာအုပ်ထဲမှာ ပြည်ထောင်စုနဲ့ပတ်သက်ပြီး ဘယ်လိုရေးထားသလဲ… အသေချာမမှတ်မိတော့ပေမယ့် စိတ်ထဲစွဲနေတာကတော့ ပြည်ထောင်စုထဲကနေ ဘယ်သူမှ ခွဲမထွက်ရ၊ တိုင်းရင်းသားအားလုံး ဥမကွဲ-သိုက်မပျက် နေထိုင်ရမယ်၊ ပြည်ထောင်စုနယ်မြေကို တလက်မမှ အကျမခံပဲ ကာကွယ်ရမယ်… စသဖြင့် ဒီလိုစိတ်ထဲ စွဲနေပါတယ်။

တခါ ပြည်ထောင်စုကြီးတခုလုံးကို လူများစု ဗမာတွေကပဲ ပိုင်ဆိုင်သလိုလို၊ ဗမာက ပေးမှ ကျန်တဲ့တိုင်းရင်းသားတွေက ရမယ်ဆိုတဲ့သဘောမျီုးလည်း စိတ်ထဲစွဲနေပြန်ပါတယ်။ ဒါဟာ ကျောင်းက သင်ပေးလိုက်တဲ့ သမိုင်းနဲ့ဆိုင်သလား… စာရေးသူကိုယ်တိုင်(ထားဝယ်ကို ဗမာမဟုတ်ဘူး၊ တိုင်းရင်းသားတမျိုးဖြစ်တယ်လို့ပြောနေသည့်တိုင်) ဗမာဖြစ်နေလို့လား…

သတိထားမိသလောက်ကတော့ နယ်မြေသစ်တွေပေါ်လာတဲ့အပေါ်၊ ပြည်ထောင်စုပြိုကွဲမယ်ဆိုပြီး စိုးရိမ်သူအများစုဟာ ဗမာတွေဖြစ်နေတာပါပဲ။ တိုင်းရင်းသားတွေနဲ့ပြောမိသလောက်တော့ ဒါကို မစိုးရိမ်ပါဘူး။ အပြန်အလှန်အသိအမှတ်ပြုရေး၊ အချင်းချင်းနားလည်မှုရှိရေးသာ အဓိကဆိုတဲ့သဘောမျိုး သူတို့ဆီက ကြားခဲ့ရပါတယ်။

ပြသာနာက အခုပြောနေတဲ့ နယ်မြေသစ်တွေဆိုတာ နိုင်ငံခြားတပ်တွေက လာရောကျုးကျော် သိမ်းပိုက်သွားတာမဟုတ်ဘူး။ ဒေသခံ ဌာနေတိုင်းရင်းသားတွေက သူတို့နယ်မြေ သူတို့ ပြန်ယူခြင်းသာဖြစ်ပါတယ်။ ဒါကို ကျောင်းသင်ခန်းစာထဲမှာ ရှင်းပြမထားဘူးရယ်။

ဒီတော့ နယ်မြေအားလုံဟာ စစ်တပ်အောက်မှာပဲရှိနေရမယ်။ စစ်တပ်ကို တွန်းလှန်ပြီး နယ်မြေတွေယူသွားရင် ဒါဟာ ပြည်ထောင်စုကို ကျုးကျော်တိုက်ခိုက်သူတွေဖြစ်တယ်ပေါ့။ ဒီလိုအမြင်ဝင်နေအောင် မဆလ ခေတ်ပညာရေးက ဂျင်း ထည့်ထားလေရဲ့…

“ဒါတို့ပြေ ဒါတို့မြေ တို့ကာကွယ်မလေ.”… ဆိုတာ နိုင်ငံခြားက ကျုးကျော်လာရင် ကာကွယ်ရမယ်လို့ ပြောလိုခြင်းသာဖြစ်ပါတယ်။ ဌာနေတိုင်းရင်းသားတွေက စစ်တပ်ဆီကနေ သူ့နယ်သူပြန်ယူတာ ကာကွယ်စရာလား…။ စစ်တပ်က ကျုးကျော်သူလား… ဒေသခံ တော်လှန်ရေးသမားတွေက ကျုးကျော်သူလား… ဒါ ဒီနေ့ ခင်ဗျားကိုယ်တိုင် (စာဖတ်သူ တဦးချင်းကိုယ်တိုင် – နိုင်ငံသားတဦးချင်းကိုယ်တိုင်) စဉ်းစားဆုံးဖြတ်ရမယ့် အချိန်ဖြစ်ပါတယ်။

(၃) ဘယ်လိုပြည်ထောင်စုကို လိုချင်တာလဲ…

မနက်ဖန် စစ်ကောင်စီက ဦးစီးကျင်းပမယ့် ၇၇ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကတော့ ခေတ်ဟောင်းစနစ်ဟောင်းကအတိုင်း ပုံစံခွက်ထဲမှာပဲ အဝတ်အစား အလှအပ၊ အကအခုန် အနုအရွ၊ ညစာစားပွဲ တက်ခွင့်ရလည်း နည်းလားဆိုတဲ့ လူတွေနဲ့ပဲ အရင် နစ် ၇၀ လိုပဲ စခန်းသွားနေဦးမှာဖြစ်ပါတယ်။

ဒါပေမယ့် ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း နေပြည်တော်က အခြေအနေနဲ့ အခြားဒေသက အခြေအနေတွေ မတူတော့ပါဘူး။ တနည်းအားဖြင့် ရှေ့နှစ် ဒီအချိန်ကျရင်ကျင်းပမယ့် ၇၈ ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားဟာ ဒီနေ့ စစ်အာဏာရှင်က ကျင်းပနေသလို မဟုတ်တော့မှာကတော့ သေချာပါတယ်။

ဆိုတော့ ဒီလိုပြည်ထောင်စုနေ့ပုံစံမျိုးမဟုတ်ဘူးဆိုရင် ဘယ်လိုပြည်ထောင်စုနေ့ ပုံစံမျိုးဖြစ်လာမှာလဲ… ဒါကို အဓိကဆွေးနွေးချင်တာပါ။

အခု ရှိပြီးသား နယ်မြေသစ်တွေထဲမှာဆိုရင် နွေဦးတော်လှန်ရေးမတိုင်ခင်က ရှိနေပြီးသားဖြစ်တဲ့ ၀ (UWSA) နယ်မြေနဲ့ မိုင်းလား (NDAA) နယ်မြေကို လေ့လာသင့်ပါတယ်။

ပြီးရင်တော့ အခု အသစ်စက်စက် ထပ်ပေါ်လာတဲ့ ကိုးကန့် (MNDAA) နယ်မြေ၊ တအာင်း (TNLA) နယ်မြေ၊ ရခိုင် (AA) နယ်မြေ၊ ချင်း (NCA, CDF) နယ်မြေ၊ ကချင် (KIA) နယ်မြေ၊ စစ်ကိုင်းတိုင်းအတွင်းက လွတ်မြောက်မြို့နယ် အချို့၊ ကရင်နီပြည်နယ် ကြားကာလအစိုးရ အုပ်ချုပ်ဒေသ၊ ကရင်ပြည်နယ် ကော်သူးလေအစိုးရ အုပ်ချုပ်ဒေသ… စသဖြင့် နယ်ပယ်သစ်တွေကို လေ့လာသင့်ပါတယ်။

ဘယ်နယ်မြေရဲ့ အုပ်ချုပ်ရေးပုံစံက အကောင်းဆုံးလဲ။ ဒေသခံလူထု အခြေအနေ ဘယ်လိုရှိသလဲ၊ ဘယ်လောက်လွတ်လပ် ပျော်ရွှင်နေကြသလဲ…။ အခုက စစ်ပွဲကြီးဖြစ်နေဆဲဆိုတော့ အုပ်ချုပ်ရေးအသေချာမလုပ်နိုင်သေးတဲ့အတွက် အတိအကျပြောဖို့ ခက်ပါလိမ့်မယ်။

၀ နဲ့ မိုင်းလား အခြေကိုပဲ ကြည့်ပါ။ စစ်ကောင်စီအုပ်ချုပ်မှု အောက်မှာနေရတာထက်တော့ သာတာ သေချာပါတယ်။ ရန်ုကုန်၊ မန္တလေးအပါဝင် မြို့ကြီးကလူတွေ ၀ နဲ့ မိုင်းလားနယ်မှာ သွားပြီး အလုပ်လုပ်နေတာတွေရှိတယ်ဆိုကတည်းက အဲဒီဒေသတွေဟာ စစ်အုပ်စု အုပ်ချုပ်ရေးအောက်က နယ်မြေထက် ပိုကောင်းလို့ပေါ့…

ဒါပေမယ့် ပြသာနာက နိုင်ငံသစ်တခုကို တည်ဆောက်မယ်ဆိုရင် ဒီလို ကွက်ကြားကောင်းလို့ မရဘူး။ ဒီလိုကွက်ကြားမိုးရွာနေလို့ မဖြစ်ဘူး။ ပြည်နယ် သို့မဟုတ် ဒေသတွေအားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေတခုအောက်မှာ အခွင့်အရေး ညီတူညီမျှ ရှိနေရမှာဖြစ်ပါတယ်။

၀ (UWSA) က လက်နက်ကိုင်အင်အားများလို့ အခွင့်အရေးများများပေးစေ၊ ၀ ခေါင်းဆောင် နေမကောင်းဖြစ်ရင် စစ်ကောင်စီဥက္ကဌကိုယ်တိုင် ငှက်သိုက်-ဆန်ပြုတ်သွားတိုက်စေ၊ မိုင်းလား (NDAA) က လက်နက်ကိုင်အင်အားနည်းလို့ ၀ လောက်အထိ အလေးထားစရာမလိုဘူး… စသဖြင့်… လက်ရှိ စစ်ကောင်စီက (ဦးသိန်းစိန်အစိုးရ၊ NLD အစိုးရခေတ်အပါဝင်) ကိုင်တွယ်နေတဲ့ပုံစံနဲ့ ဆက်သွားလို့မရပါ။

ဒါဖြင့် ဘယ်လိုသွားသင့်သလဲ…

၀ (UWSA) နဲ့ မိုင်းလား (NDAA) ဒေသက လူထုကို အရင်ဆုံးမေးကြည့်ပါ။

ပြီးရင် အခု နွေဦးတော်လှန်ရေးနဲ့အတူ လွတ်မြောက်လာတဲ့ ဒေသသစ်တွေက လူထိုကို မေးကြည့်ပါ။ ပြီးရင် ခင်ဗျားနေတဲ့အရပ်က လူထု သို့မဟုတ် ခင်ဗျားရဲ့ မိတ်ဆွေတွေကို မေးကြည့်ပါ။ ပြီးရင် ခင်ဗျားကိုယ် ခင်ဗျား ပြန်မေးပါ။ ဘယ်လို ပြည်ထောင်စုပုံစံကို ခင်ဗျားလိုချင်လဲ…

ဒါဟာ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေ၊ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ၊ ဆန်းစစ်ဝေဖန်သူတွေ၊ သတင်းစာဆရာတွေရဲ့ အလုပ်သက်သက်မဟုတ်ပါဘူး။ နိင်ငံသားတိုင်းနဲ့ ဆိုင်တဲ့ကိစ္စ၊ နိုင်ငံသားတဦးချင်းက ရွေးချယ်ဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်ပါတယ်။

(၄) ဘယ်လိုပြည်ထောင်စုပုံစံကိုပဲ ကြိုက်ကြိုက် စစ်ကောင်စီကို မဖြုတ်ချနိုင်ရင်တော့ ဘာမှမရနိုင်ဘူး…

အဲတော့ စာရေးသူလည်း အနီးနားကို မိတ်ဆွေတွေကို မေးကြည့်ပါတယ်။ ခင်ဗျားတို့က ဘယ်လိုဖက်ဒရယ်ပုံစံကိုကြိုက်လဲ…ပေါ့။ နွေဦးတော်လှန်ရေးအောင်မြင်လို့ မြန်မာပြည်ပြန်ခွင့်ရရင် ဘယ်ပြည်နယ်၊ ဘယ်ဒေသမှာ သွားနေကြမလဲပေါ့…။

ကိုယ့်မိတ်ဆွေအများစုကလည်း ၈၈ ကျောင်းသားဟောင်းတွေ၊ ABSDF ရဲဘော်ဟောင်းတွေ၊ တတိယ နိုင်ငံတွေမှာ နေထိုင်ကြသူတွေများပါတယ်။

…ဆိုတော့ သူတို့ဆီက ပြန်ကြားရတဲ့ တုန့်ပြန်ချက်က အမေရိကန်ပြည်ထောင်စုလိုမျိုး လူမျိုးကို အခြေမခံပဲ နယ်မြေကိုခြေခံတဲ့ ဖက်ဒရယ်ပုံစံမျိုး၊ လူတဦးချင်းရဲ့ လွတ်လပ်ခွင့်ကို အလေးပေးတဲ့ နိုင်ငံရေးစနစ်မျိုး၊ သာဘာရေး၊ လူမျိုးရေး၊ အသားအရောင်၊ လိင် ခွဲခြားမှုမရှိတဲ့ နိုင်ငံမျိုးလို့ ဆိုကြပါတယ်။

ဒါက အနောက်နိုင်ငံတွေမှာ အနေကြာလို့ စဉ်းစားပုံက အနောက်တိုင်းဆန်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလူတွေက မြန်မာနိုင်ငံသားမဟုတ်တော့ဘူး။ တနည်းအားဖြင့် ဒီနေ့ မြန်မာနိုင်ငံမှာ ဘယ်လိုဖက်ဒရယ်ပုံစံနဲ့သွားသင့်သလဲဆိုတာကို ဒီလူတွေက ဆုံးဖြတ်ပေးနိုင်တဲ့ ၊ မဲပေးနိုင်တဲ့ အခွင့်အရေးမရှိတော့ပါ။ အကြံပေးချင်ရင် … အပေးခံရသူဖက်ကလည်း လိုလားရင်တော့ အကြံပေးခွင့်၊ အတွေ့အကြုံဝေငှခွင့်လောက်တော့ ရှိဦးမယ်ထင်ပါတယ်။

ဒါပေမယ့် ဒီလူတွေအများစုဟာ နွေဦးတော်လှန်ရေးရဲ့ ထောက်ပို့တပ်သားတွေဖြစ်နေတဲ့အတွက် အနာဂတ်ပြည်ထောင်စုအတွက် အကြံပေးခွင့်ရှိမယ်၊ ပေးလည်း ပေးနေကြတယ်လို့ ထင်ပါတယ်။

စာရေးသူကတော့ ပြည်ပရောက်နေတယ်ဆိုပေမယ့် ပြည်တွင်းနဲ့လည်း နေစဉ်အဆက်အသွယ်ရှိနေတယ် (အင်တာနက် ခေတ်မဟုတ်ပါလား)၊ တာဝန်အရ တိုက်ပွဲ သတင်းမေးတာအပြင်၊ ထောက်ပို့တပ်သားကလည်း တပိုင်းဖြစ်နေပြန်တော့ သက်ဆိုင်ရာ တော်လန်ရေးအဖွဲ့တွေရဲ့ အွန်လိုင်း အစည်းအဝေးတွေကိုလည်း အခါအားလျော်စွာ တက်ဖြစ်တယ်ဆိုပါတော့…

“ကျနော်တို့က လောင်းလုံးကျွန်းစွယ်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်။ အခြားဒေသက အဖွဲ့တွေကိုလည်း မဟာမိတ်အဖြစ် တန်းတူရည်တူ ဆက်ဆံနေပါတယ်” ဆိုတဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ ဆွေးနွေးချက်ကို စာရေးသူ ကြားခဲ့ရပါတယ်။

ဆိုလိုတာက နိုင်ငံခြားရောက် ဆရာသမားတွေပြောနေတဲ့ ဘယ်လိုဖက်ဒရယ်ပုံစံက ကောင်းတယ်၊ မကောင်းဘူးဆိုတာ ခနထားဦး၊ “လောလောဆယ်ကတော့ ကိုယ့်ဒေသ ကိုယ့်လက်ထဲရောက်အောင် အရင်တိုက်ယူရမယ်။ ကိုယ်တိုက်မှ ကိုယ်ရမယ်” ဆိုတဲ့ သဘောထား အဲဒီလူငယ်တွေမှာရှိတာကို သတိထားမိပါတယ်။

ဒါဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ညီနောင် ၃ ဖွဲ့ ဒေသတွေ စစ်ကောင်စီအောက်က လွတ်မြောက်သလိုမျိုး သူတို့ဒေသကိုလည်း လွတ်မြောက်အောင် တိုက်မယ်ဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။

ဒါပေမယ့် ပြသာနာက အဲဒီ တခုချင်း၊ မြို့နယ် တခုချင်း လွတ်မြောက်သွားတဲ့ဒေသတွေကို ဒေသအလိုက်၊ ခရိုင်အလိုက်၊ ပြည်နယ်အလိုက် ဘယ်လို ပေါင်းစပ် စုဖွဲ့ကြမလဲ…

အခုဆိုရင် ချင်းပြည်နယ်မှာ ဒီလို ဒေသအလိုက် ကွဲပြားမှုကို ဘယ်လိုပြန်စုမလဲ၊ ချင်းအစိုးရအောက်မှာ ချင်းပြည်တခုလုံး တစုတစည်းတည်းဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ အရေးတကြီး စမ်းသပ်နေပြီဖြစ်ပါတယ်။

ဒါပေမယ့် ဒါတွေဟာ အရင်က တခါမှမကြုံဖူးသေးတဲ့ အသစ်ဖြစ်ပေါ်တိုးတက်မှုတွေပါ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ လက်ရှိအခြေအနေဟာ ဦးသိန်းစိန်အစိုးရခေတ် နှောင်းပိုင်း၊ NLD အစိုးရခေတ် အစောပိုင်းမှာ မြန်မာလူထု နှစ် ၆၀ တွင်း ပထမ ဆုံးအကြိမ် ဒီမိုကရေစီအခွင့်အရေးတွေ (တင်းကျပ်မှုတွေလျော့ပေး) စတင်ရရှိစဉ်က အခြေအနေမျိုးနဲ့ သွားတူနေတယ်လို့ထင်ပါတယ်။

လက်ကိုင်တယ်လီဖုန်းသုံးစွဲခွင့် ပိတ်ပင် (အလွန်တရာကန့်သတ်) ထားရာကနေ လူတိုင်း စမတ်ဖုန်းကိုင်နိုင်တဲ့အထိ။ လိုင်းဖုန်းတွေ၊ အီးမေးလ်တွေသုံးတဲ့အဆင့်ကို ခုန်ပျံကျော်လွှားပြီး စမတ်ဖုန်းနဲ့ ဆိုရှယ်မီဒီယာ တန်းသုံးတဲ့အဆင့်အထိ ခုန်တက်သွားတဲ့အခါမှာ အလွန်အကျွံလွတ်လပ်မှုတွေရပြီး ပွတ်တိုက်မှုများစွာကို မြင်ခဲ့ရသလိုမျိုးပေါ့…

အခုလည်း စစ်အာဏာရှင်အောက်ကနေ လွတ်မြောက်တဲ့ဒေသတွေမှာ ဖက်ဒရယ်အခွင့်အရေးတွေက ထင်တာထက်ပိုရနေပြီ၊ ပိုထူးခြားတာက ရှေ့မှာပြောခဲ့တဲ့ ဦးသိန်းစိန်ခေတ်နဲ့ NLD ခေတ်မှာ ဒီမိုကရေစီအခွင့်အရေး (တင်းကျပ်မှုတွေကို လျော့ပေးတာ) ရတယ်ဆိုတာက စစ်အစိုးရ၊ ဒီမိုကရေစီတပိုင်းအစိုးရတွေက ပေးလို့ရတာမျိုးပါ…

အခုက လက်နက်ကိုင်ပြီး အနိုင်တိုက်ခဲ့လို့ရတာ၊ သူများပေးမှ ရတာမဟုတ်ဘူး၊ တိုက်ယူထားတာ… ဆိုတော့ ပိုတန်ဖိုးကြီးတာပေါ့။ ငါတို့အသက်တွေနဲ့ ရင်းပြီး တိုက်ထားရတဲ့နယ်မြေမှာ ငါတို့ စိတ်ကူးနဲ့ ငါတို့လုပ်မယ်၊ အပြင်ကလူတွေ လာမပြောနဲ့… ဒါမျီုးလည်း ရှိနေနိုင်ပါတယ်။

နိဂုံးပြန်ချုပ်ရမယ်ဆိုရင် … အရင်က ကျနော်တို့ ၈၈ တောခိုကျောင်းသားတွေပြောနေကြ စကားလုံး…“ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးကို တပြိုင်တည်းဆောင်ရွက်ရမယ်” ဆိုတဲ့နေရာမှာ အခုတော့ “ဖက်ဒရယ်အရေးနဲ့ ဒီမိုကရေစိအရေးကို တပြိုင်တည်းဆောင်ရွက်ရမယ်” လို့ပြောင်းရမလို အခြေနေအနေတွေက ရှေု့နောက် ပြောင်းကုန်ပြီဖြစ်ပါတယ်။

လွတ်မြောက်ဒေသတွေမှာ စစ်ကောင်စီလုံးဝမရှိတော့တဲ့အတွက် လွတ်လပ်တဲ့ဒေသတွေ၊ လွတ်လပ်တဲ့ ပြည်နယ်တွေ ဖြစ်လာတော့မှာပါ။ ဒါပေမယ့် အဲဒီသေတွင်းရှိ လူတဦးချင်းစီရဲ့ ဒီမိုကရေစီအခွင့်အရေးအပြည့်အဝရရှိဖို့၊ တနိုင်ငံလုံးက လူတွေ ဒီမိုကရေစီအခွင့်အရေးရဖို့ ကျနော်တို့ ဆက်လုပ်ရဦးမှာပါ။

တနိုင်ငံလုံးကလူတွေအတွက် ဒီမိုကရေစီအခွင့်အရေးရအောင် လုပ်ပေးဖို့ဆိုရင် နယ်မြေတခုချင်း၊ ဒေသတခုချင်း လွတ်မြောက်နေရုံနဲ့မရသေး။ စစ်ကောင်စီကို နေပြည်တော်ကနေ ဖယ်ရှားနိုင်မှ ရမှာပါ…

ဒီတော့ တဖက်မှာ ကိုယ့်ဒေသ လွတ်မြောက်အောင်လည်းလုပ်၊ ဒေသတွင်းအုပ်ချုပ်ရေးမှာ ဒီမိုကရေစီနည်းကျအောင်လည်းကြိုးစားရင်း နေပြည်တော်က စစ်ကောင်စီကို ဖြုတ်ချနိုင်ရေးအတွက် တနိုင်ငံလုံးရှိ တော်လှန်ရေးတပ်တွေ လက်တွဲမပျက် ဆက်လက်ချီတက်ဖို့ လိုနေပါကြောင်း တင်ပြလိုက်ရပါတယ်။

(ထက်အောင်ကျော်)
(၁၁- ၂- ၂၀၂၄)