စစ်ခေါင်းဆောင်ရဲ့ စစ်မှုမထမ်းမနေရ ပြည်သူတွေဘာပြောနေလဲ (၁)

0
9745

အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်ကောင်စီတပ်ထဲဝင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင်က ဖေဖော်ဝါရီလ ၁၀ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။

အချိန်အနည်းဆုံး ၂ နှစ် (၂၄ လ)စစ်မှုထမ်းရမည့် အဆိုပါဥပဒေကို စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် နအဖလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဌာန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေအရ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်မပြည့်သေးသူများနှင့် အမျိုးသမီးဖြစ်ပါက ၁၈ နှစ်မှ ၂၇ နှစ်မပြည့်သေးသူများဟုဆိုကာ ခွဲခြားထားပြီး မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ရေးသားထားသည်။

စစ်ကောင်စီ၏ ယခုလုပ်ရပ်အပေါ် ဝေဖန်မှုများစွာဖြစ်ပေါ်နေပြီး စစ်ကောင်စီ ကျရှုံးရန် နီးကပ်လာပြီဟု သုံးသပ်သူများလည်းရှိကြသည်။

‘၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က (နိဂုံးရဲ့အစ) ဆိုရင်…..၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့ စတင်အာဏာတည်သော ဥပဒေက (နိဂုံးရဲ့ အဆုံးသတ်) လို့ဆိုရမှာပေါ့’ ဟု စစ်ကောင်စီနှင့် အာဏာရှင်စနစ်ကို ဦးဆောင်တိုက်ခိုက်နေသူ တစ်ဦးဖြစ်သည့်ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ခေါင်းဆောင်းတစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က မှတ်ချက်ပြု ရေးသားထားသည်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရေးဆွဲအတည်ပြုပြီး ၂၀၂၁ ခုနှစ် စစ်အာဏာရှင်အသစ်က အသက်သွင်းလိုက်သည့် အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် လူငယ်များနှင့် ပြည်သူများ၏ သဘောထားကို သိရှိနိုင်ရန် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်သည်။

“ပေါ်တာဆွဲတာတွေ ဖြစ်လာလိမ့်မယ်။ ကျောင်းသား ကျောင်းသူတွေပါမကျန်”

အသက် ၄၀ ကျော်အရွယ် ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦး

DW ။ အခုဆိုရင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်တော့မယ်ဆိုပြီး လုပ်လာတာပေါ့။စစ်ကောင်စီတပ်က အခုအချိန်မှာ နိုင်ငံအနှံ့ တိုက်ပွဲတွေတိုက်နေရပြီး အင်အားပြုန်းတီးတာတွေ အများအပြားဖြစ်နေတဲ့အချိန်မှာ အခုလိုစစ်မှုမထမ်းမနေရဆိုပြီး လုပ်လာတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။ ဘာမှတ်ချက်ပေးချင်လဲ။

ဖြေ ။ မဖြစ်သင့်ဘူးလို့ပဲထင်တယ်။ အခုအချိန်မှာကလည်း စစ်ဖြစ်နေတဲ့အတွက် ပိုပြီးတောင် မဖြစ်သင့်ဘူး။ စစ်မှုထမ်းဆိုကတည်းက လူငယ်လေးတွေပါလာတော့မယ်လေ။ တက်လမ်းတွေ အများရှိနေတဲ့အရွယ်တွေမှာ စစ်မှုထမ်းဖို့ ခေါ်လိုက်မယ်ဆို အနာဂတ်တွေဆုံးရှုံးသွားသလို ဖြစ်သွားလိမ့်မယ်။ တိုင်းရေးပြည်ရေးအေးနေတဲ့ အချိန်မျိုးဆို အကြောင်းမဟုတ်ဘူး။ စစ်မှုထမ်းရမယ်ဆိုတာနဲ့ ရှေ့တန်းထွက်ရတော့မယ်လေ။ကိုယ့်စိတ်ကူးနဲ့ ကိုယ့်ရွေးချယ်မှုနဲ့ လုပ်သွားတာက ပြဿနာမရှိဘူး။အခုက သူ့ရဲ့အကျင့်စရိုက်အတိုင်း အာဏာရှင်ဆန်ဆန် ဖြစ်နေတာပေါ့။

အရင်တုန်းကလို အာဏာမသိမ်းခင်ကအချိန်မျိုးဆို ဝင်ချင်ဝင်ကြမှာလေ။ ကျွန်မတို့လည်း တပ်မတော်ဆိုတာကို ချစ်မြတ်နိုးလာတဲ့သူတစ်ယောက်ပဲလေ။အရင်တုန်းကဆို စစ်တပ် စစ်တပ်ဆိုတာကို ပါဝင်ပြီး အားကျိုးမာန်တက် ဖြစ်လာတဲ့သူတစ်ယောက်ပဲ။အခုချိန်မှာတော့ ဘယ်လိုနည်းနဲ့မှ မေတ္တာထားလို့မနိုင်ဘူး။ စေတနာထားလို့ မနိုင်ဘူးဖြစ်နေတာပေါ့။ လူထုလက်မခံနိုင်တဲ့ အာဏာသိမ်းလိုက်တဲ့ အကျိုးဆက်ပေါ့။

DW ။ ဒီလိုမျိုးလုပ်ဆောင်မှုနဲ့ တပ်သားစုဆောင်းနိုင်မယ်ထင်လား။

ဖြေ ။ အခုချိန်မှာ မဖြစ်မနေစစ်မှုထမ်းရမယ်ဆိုတဲ့ဥပဒေကလေ သူ့(စကစ)ကို ဆန့်ကျင်တဲ့လူတွေလောက်ပဲ မဟုတ်ဘူး။ သူ့ကို ထောက်ခံတဲ့လူတွေပါ လက်မခံတဲ့လေသံတွေ ထွက်နေတယ်။ သူ့ကိုထောက်ခံတဲ့လူတွေတောင် ဒီလိုလေသံဖြစ်လာပြီဆို သူ့ကို ဆန့်ကျင်နေတဲ့လူတွေဆို ဘယ်လိုဖြစ်မလဲ။ဒီလိုလေသံတွေထွက်နေတော့ ဘယ်လိုမှမစုနိုင်ဘူး။ တစ်ကယ်လို့ မဖြစ်မနေ ဝင်ဆိုတဲ့ အမိန့်နဲ့ဖြစ်လာရင်တောင် သူ့ကိုဆန့်ကျင်မယ့်သူတွေချည်းပဲ။

DW ။ ဒီဥပဒေ အကြောင်းပြုပြီး ပေါ်တာဆွဲတာ ဖြစ်နိုင်မလား။ဒါက တရားဝင် ပေါ်တာဆွဲခွင့်ပေးသလို ဖြစ်နေတာဆိုတော့လေ။

ဖြေ ။ ပေါ်တာဆွဲတာတွေ ဖြစ်လာလိမ့်မယ်။ ကျောင်းသား ကျောင်းသူတွေပါမကျန်။ အရင်တုန်း (နှစ်၂၀ကျော်)က ထားဝယ်အရှေ့တောမှာဆို ကျူရှင်သွား ကျောင်းသွားတဲ့အချိန် ပေါ်တာဆွဲလာတဲ့ ကလေးတွေဆို လွယ်အိတ်တွေထဲမှာ (ကျောင်းသုံး)စာအုပ်တွေ ပါလာသေးတယ်။ သူတို့ပေါ်တာဆွဲတာက ကျောင်းသားတွေလည်း မရှောင်ဘူး။ ကိုယ့်တွေ့ ကြုံခဲ့ဖူးလို့ ပြောပြတာပါ။

DW ။ စစ်မှုထမ်းဖို့ ခေါ်လာခဲ့ရင် သားသမီးတွေအတွက် ဘာဆက်လုပ်မယ်လို့ စိတ်ကူးထားလဲ။ဘာကြောင့်လဲ။

ဖြေ ။ စဉ်းစားတာကတော့ သားသမီးတွေကို ဘယ်လိုနည်းနဲ့မှ ထည့်လို့ဖြစ်မှာမဟုတ်ဘူး။ နောက်ဆုံး ရှမ်းပြည်(ထိုင်း)ကို ပို့ချင်ပို့မယ်။မဟုတ်ရင် လွတ်မြောက်နယ်မြေကို လွှတ်ချင်လွှတ်မယ်။ တစ်ကယ်လို့ ဖြစ်လာမယ်ဆိုရင် ဒီလိုပဲဆုံးဖြတ်ထားတယ်။

DW ။ အခြားဘာဖြည့်စွက်ပြောချင်လဲ။

ဖြေ ။ လူငယ်တွေရဲ့ အနာဂတ်ကို ဆုံးရှုံးသွားအောင် မလုပ်သင့်ဘူးပေါ့။ မဖြစ်သင့်တဲ့ ဥပဒေလေ။ ကြည်ကြည်ဖြူဖြူနဲ့တော့ ဝင်ဖို့ဖြစ်ကြမှာမဟုတ်ဘူး။ အဓမ္မ ဆွဲလားရမ်းလားပဲ ဖြစ်ချင်ဖြစ်မယ်။ ဒီလိုလုပ်ရင်လည်း အထဲ(စစ်တပ်)ရောက်ရင်လည်း ကလန်ကဆန်လုပ်ကြမှာပဲ။

“ကိုယ့်သားသမီးကိုတော့ သေတွင်းကို ဘယ်တော့မှမပို့ဘူး။ ဖြစ်ချင်းဖြစ် ကိုယ်ပဲဖြစ်ခံလိုက်မယ်”

ကော့သောင်းမြို့ခံ အမျိူသားတစ်ဦး

DW ။ စစ်ကောင်စီတပ်က အခုအချိန်မှာ နိုင်ငံအနှံ့ တိုက်ပွဲတွေတိုက်နေရပြီး အင်အားပြုန်းတီးတာတွေ အများအပြားဖြစ်နေတဲ့အချိန်မှာ အခုလိုစစ်မှုမထမ်းမနေရဆိုပြီး လုပ်လာတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။ ဘာမှတ်ချက်ပေးချင်လဲ။

ဖြေ ။ ဒီဟာဥပဒေလို့ ပြောလို့မရဘူး။ ဥပဒေဆိုတာက ပြည်သူကလက်ခံမှရတာ။ အခုက ဘယ်သူမှလက်မခံဘဲ သူတို့ဘာသာသူတို့ ဥပဒေဆိုပြီး ထုတ်တာ။ ကျွန်တော်အနေနဲ့ကတော့ ဒီဟာကို ဥပဒေတစ်ခုလို့မမြင်ဘူး။

DW ။ ဒီလိုမျိုးလုပ်ဆောင်မှုနဲ့ တပ်သားစုဆောင်းနိုင်မယ်ထင်လား။

ဖြေ ။ ကျွန်တော်တို့ ကော့သောင်းအနေနဲ့ဆိုရင်တော့ လုပ်လို့မရဘူးထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ (ထိုင်းနိုင်ငံ) နယ်စပ်မြို့ဖြစ်နေတယ်လေ။ နယ်စပ်မြို့ဆိုတော့ လူတွေက ရနောင်း(မြို့) ကိုသွားဖို့က လွယ်လွယ်လေးပဲ။ စစ်မှုမထမ်းမနေရဆိုရင် ဒီလူတွေအကုန်လုံးက ရနောင်းသွားနေကြလိမ့်မယ်။ အဲလိုသွားနေလိုက်ပြီဆို သူ့အနေနဲ့ ဘာမှလုပ်လို့မရဘူး။ ဒါက ပြည်တွင်းမှာဖြစ်တဲ့ကိစ္စဆိုတော့ ထိုင်းနိုင်ငံကလည်း ဘာမှလုပ်ပေးမှာမဟုတ်ဘူး။ ဖမ်းပြီးပြန်ပို့ပေးမှာမဟုတ်ဘူး။ ‌ကော့သောင်းအနေနဲ့ဆိုရင်တော့ ဒါဖြစ်လာပြီဆိုရင် ရှောင်ပြေးမယ့်သူတွေ အများကြီးရှိလာလိမ့်မယ်။ ဘယ်သူကအသေခံပြီး စစ်ထဲဝင်မှာလဲ။ စစ်ထဲဝင်တာက ကိုယ့်မိသားစုကောင်းကျိုးအတွက်လည်း မဟုတ်ဘူးလေ။ နိုင်ငံကောင်းကျိုးအတွက်လားဆိုလည်း မဟုတ်ဘူး။ ဒီလိုဖြစ်နေတာ ဘယ်သူက ဝင်ချင်မှာလဲ။

DW ။ စစ်ကောင်စီဖက်က မဝင်ဝင်အောင် အတင်းအကျပ်လုပ်လာတာမျိုးဆိုရင်ရော။

ဖြေ ။ သူတို့ကအတင်းအကျပ် လုပ်လာမယ်ဆိုရင်တောင် မရနိုင်ဘူးထင်တယ်။ ကော့သောင်းဒေသခံတွေက ရနောင်းကို ဘယ်လမ်းကနေသွားရမလဲ‌ဆိုတာ လူတိုင်းသိတယ်လေ။ ဒီကိစ္စက ကိုယ့်အသက်နဲ့ ဆိုင်တဲ့ ကိစ္စဖြစ်လာပြီ။ မိသားစုကိုလည်း ဘယ်လိုပဲချုပ်ကိုင်၊ ချုပ်ကိုင် လုပ်မှာမဟုတ်ဘူး။

DW ။ တကယ်လို့ ကိုယ့်မိသားစုမှာသာ စစ်မှုထမ်းရမယ့်အရွယ်သားသမီးတွေရှိမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

ဖြေ ။ ခုနက ပြောသလိုပဲပေါ့လေ။ နယ်စပ်မြို့ဖြစ်‌နေတော့ ရနောင်းထွက်ပေါက်က အများကြီးရှိတယ်လေ။ သူတို့ဘယ်လိုပဲပိတ်ပိတ် ရအောင်ထွက်ကြလိမ့်မယ်။ အဲတော့ ကျွန်တော်ဆိုရင်တော့ ကိုယ့်သားသမီးတွေကို မဖြစ်မနေ ဟိုဖက်ကိုပို့ရလိမ့်မယ်။ ကိုယ့်သားသမီးကိုတော့ သေတွင်းကို ဘယ်တော့မှမပို့ဘူး။ ဖြစ်ချင်းဖြစ် ကိုယ်ပဲဖြစ်ခံလိုက်မယ်။

DW ။ အခြားဘာဖြည့်စွက်ပြောချင်လဲ။

ဖြေ ။ ဒီဥပဒေထုတ်တာ အခုထိတော့ လူတွေကြားထဲမှာ သိပ်ပြီးမပြောကြသေးဘူး။ ကော့သောင်းမှာက တစ်ခုခုကို ‌အပြင်ကိုထုတ်ပြောမရဲကြဘူး။ ဘာဖြစ်လို့လည်းဆိုတော့ စကစက လူငယ်တွေကို စည်းရုံးထားတာ။ လူငယ်ဆေးသမားတွေကိုပေါ့။ လူတွေကြားထဲမှာ ဘာပြောနေတယ်ဆိုတာက အဲဒီလူတွေနားထောင်ပြီး ပြန်သတင်းပို့တာတွေရှိတယ်။ တစ်ခုခုကိုပြောဖို့ ကြောက်နေရတယ်ပေါ့နော်။ နိုင်ငံရေးဆိုရင်ပိုဆိုးတာပေါ့။ ကျွန်တော်အနေနဲ့ကတော့ ဒီဥပဒေက မတရားတဲ့စာအုပ်ကြီးလို့ပဲ ပြောချင်တယ်။