စစ်ခေါင်းဆောင်ရဲ့ စစ်မှုမထမ်းမနေရ ပြည်သူတွေဘာပြောနေလဲ (၂)

0
10038

အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်ကောင်စီတပ်ထဲဝင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင်က ဖေဖော်ဝါရီလ ၁၀ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။

အချိန်အနည်းဆုံး ၂ နှစ် (၂၄ လ)စစ်မှုထမ်းရမည့် အဆိုပါဥပဒေကို စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် နအဖလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဌာန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေအရ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်မပြည့်သေးသူများနှင့် အမျိုးသမီးဖြစ်ပါက ၁၈ နှစ်မှ ၂၇ နှစ်မပြည့်သေးသူများဟုဆိုကာ ခွဲခြားထားပြီး မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ရေးသားထားသည်။

စစ်ကောင်စီ၏ ယခုလုပ်ရပ်အပေါ် ဝေဖန်မှုများစွာဖြစ်ပေါ်နေပြီး စစ်ကောင်စီ ကျရှုံးရန် နီးကပ်လာပြီဟု သုံးသပ်သူများလည်းရှိကြသည်။

‘၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က (နိဂုံးရဲ့အစ) ဆိုရင်…..၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့ စတင်အာဏာတည်သော ဥပဒေက (နိဂုံးရဲ့ အဆုံးသတ်) လို့ဆိုရမှာပေါ့’ ဟု စစ်ကောင်စီနှင့် အာဏာရှင်စနစ်ကို ဦးဆောင်တိုက်ခိုက်နေသူ တစ်ဦးဖြစ်သည့်ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ခေါင်းဆောင်းတစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က မှတ်ချက်ပြု ရေးသားထားသည်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရေးဆွဲအတည်ပြုပြီး ၂၀၂၁ ခုနှစ် စစ်အာဏာရှင်အသစ်က အသက်သွင်းလိုက်သည့် အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် လူငယ်များနှင့် ပြည်သူများ၏ သဘောထားကို သိရှိနိုင်ရန် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်သည်။

“အရှေ့ကနေပီး အထုပ်ဆွဲ လူသားဒိုင်းအဖြစ်မိုင်းအနင်းခံဖို့ စုဆောင်းတာပါလို့ သိစေချင်ပါတယ်”

အသက် ၂၃ နှစ်အရွယ် CDM ကျောင်းသားတစ်ဦး၊ ထားဝယ်မြို့

DW ။ အခုလိုစစ်မှုမထမ်းမနေရဆိုပြီး လုပ်လာတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ၊ ဘာမှတ်ချက်ပေးချင်လဲ။

ဖြေ ။ အရှုံးကိုလှိမ့်ရင်ဆိုင်လာရတဲ့ စကစ အနေနဲ့ကတော့ နည်းလမ်းပေါင်းစုံနဲ့ ပြည်သူကို ဖိနှိပ်လာမှာ မဆန်းပေမယ့် အခုလိုမျိုးစစ်မှုထမ်းဥပဒေဆိုတာ ထုတ်ပြန်တဲ့အပေါ်မှာ ပြောချင်တာကတော့ မြန်မာစစ်တပ်ဆိုတာထက် ဦးဆောင်သူဖြစ်တဲ့ မင်းအောင်လှိုင်ရဲ့ ရက်စက်မှုတွေ ‘ငါးမရရင် ရေချိုးပြန်မယ်’ ဆိုတဲ့စိတ်နဲ့ ငါနဲ့မတူငါ့ရန်သူဆိုပြီး အကုန်လုံးကို အသေခံခိုင်းဖို့ ပြင်ဆင်နေတာလို့ ခံစားနေရပါတယ်။

DW ။ ဒီလိုမျိုးလုပ်ဆောင်မှုနဲ့ တပ်သားစုဆောင်းနိုင်မယ်ထင်လား။

ဖြေ ။ အဲဒါကတော့ စစ်ကောင်စီရဲ့ အမျိုးမျိုးသောဉာဏ်နီဉာဏ်နက်နဲ့ ထုတ်ပြန်လာတဲ့ဥပဒေတွေကို ကြည့်ရဦးမှာပေါ့ဗျာ။

DW ။ ဒီဥပဒေ အကြောင်းပြုပြီး ပေါ်တာဆွဲတာ ဖြစ်နိုင်မလား။

ဖြေ ။ ဖြစ်နိုင်တယ်လို့ ပြောလို့လည်းရပါတယ်။ ဘာလို့ဆို မြန်မာ့တပ်မတော်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခိုးဆိုးလုနှိုက် မလုပ်တာဘာမှမရှိဘဲ။ ရိုးရိုးအနိမ့်ဆုံး ကျွန်တော်တို့ ထားဝယ်ဒေသနဲ့ပြောရရင် ယာဉ်ထိန်းရဲတွေတောင် ဥပဒေဆိုတာ အကြောင်းပြပြီး အမျိုးမျိုးဖမ်းဆီး ဒဏ်ရိုက်ကြသေးတာပဲ။ကျန်တာတွေ အခုလိုပေါ်တာဆွဲတာနဲ့ ပတ်သက်ပြီး မလုပ်နိုင်ဘူးလို့ ပြောရခက်ပါတယ်။

DW ။ စစ်မှုထမ်းဖို့ ခေါ်လာခဲ့ရင် ဘာဆက်လုပ်မယ်လို့ စိတ်ကူးထားလဲ။ဘာကြောင့်လဲ။

ဖြေ ။ လက်ရှိတော့ အတွေးပေါင်း သောင်းခြောက်ထောင်နဲ့ တိုင်ပတ်နေပြီပေါ့။ အဲနေရာမှာ ဖြည့်စွက်ပြောချင်တာက စစ်ကောင်ီစရဲ့စစ်မှုထမ်းဥပဒေကို တချို့တချို့သောသူတွေက စစ်တပ်ထဲဝင်ပီး သူ့ကိုပြန်ဆော်မယ် သေနတ် ပြောင်းလှည့်မယ်ဆိုပြီး ပြောနေတဲ့သူတွေ တွေ့ရတယ်။စစ်ကောင်စီက အဲလိုမျိုးပေးလုပ်ရအောင် ထူပိန်းနေတာမှမဟုတ်တာ။ ရှေ့ကနေပြီး အထုပ်ဆွဲ လူသားဒိုင်းအဖြစ် မိုင်းအနင်းခံဖို့ စုဆောင်းတာပါလို့ သိစေချင်ပါတယ်။

DW ။ အခြားဘာဖြည့်စွက်ပြောချင်လဲ။

ဖြေ ။ တခြားဖြည့်စွက်ပြောချင်တာက အပေါ်ကလိုပဲ ဘုန်းကြီးပြေးဝတ်မယ်တို့ လင်ယူကြမယ်တို့ အဲလိုတွေနောက်တီးနောက်တောက် ပြောနေတာထက် စစ်ကောင်စီဆိုတာ ကျွန်တော်တို့ တီဗီဖန်သားပြင်မှာသာ ထူပိန်းချင်ယောင်ဆောင်နေပေမယ့် ကျွန်တော်တို့အားလုံးထက် ဉာဏ်များလို့ အာဏာထိန်းဆိုတဲ့ လှည့်ကွက်အောက်မှာ အာဏာအသိမ်းခံထားရတာပဲ။ ဘယ်သူကပိန်းနေတာလဲ သေချာပြန်သုံးသပ်ရင်း နေစိမ့်တဲ့လူတွေအတွက်ပါ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေ ဆိုက်ရောက်လာပြီဆိုတာကို သိစေချင်ပါတယ်ဗျာ။

“စစ်မှုထမ်းဖို့ စာထုတ်ထားတော့ မနက်ပိုင်းတွေတောင် မလုံခြုံသလိုခံစားရတယ်”

အသက် ၂၅ အရွယ် အမျိုးသားတစ်ဦး ၊ ရေဖြူမြို့နယ်

DW ။ အခုလိုစစ်မှုမထမ်းမနေရဆိုပြီး လုပ်လာတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ၊ ဘာမှတ်ချက်ပေးချင်လဲ။

ဖြေ ။ အာဏာသိမ်းမှုမတိုင်ခင် ၂၀၂၀ လောက်က ထိုင်းကိုရောက်တယ်။ အခု ၄ နှစ်နီးပါးအကြာမှာ ပြန်ရောက်လာတယ်(ယခုလအတွင်း ထိုင်းနိုင်ငံမှပြန်လာသူ)။ ကြားထဲမှာဖြစ်ပျက်ခဲ့တာတွေကတော့ ကြားရတာပဲရှိတယ်။ မကြုံခဲ့ရဘူး။ အခုမြန်မာပြည်ပြန်ရောက်တော့ အရင်ကနဲ့မတူတာတော့ ခံစားရတယ်။ အခုလို စစ်မှုမထမ်းမနေရဆိုတာနဲ့ ပတ်သက်ပြီးကတော့ ပြောပြမတတ်သေးဘူး။ ဘယ်လိုဖြစ်လာမလည်းပဲ စောင့်ကြည့်ရမယ်။ မြန်မာပြည်ရောက်တော့ အသိတွေက ပြောတယ်။ ဘာလို့ပြန်လာတာလဲပေါ့ ။ အဲလိုပြောတာတွေတော့ကြုံခဲ့ရတယ်။

DW ။ ဒီလိုမျိုးလုပ်ဆောင်မှုနဲ့ တပ်သားစုဆောင်းနိုင်မယ်ထင်လား။

ဖြေ ။ ဖြစ်နိုင်မယ်လို့ထင်တယ် ။ သူတို့မှာ(စစ်ကောင်စီ) လူမရှိတော့လို့ အခုလိုလုပ်တာလို့ ပြောလို့ရတယ်။

DW ။ ဒီဥပဒေ အကြောင်းပြုပြီး ပေါ်တာဆွဲတာ ဖြစ်နိုင်မလား။

ဖြေ ။ ပေါ်တာ ဖမ်းတာကတော့ မြန်မာပြည်ပြန်ရောက်မှကြားရတာ ။ ပြန်ရောက်တဲ့ရက်ပိုင်းက သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်သွားထိုင်တော့ ၆ နာရီစွန်းစွန်းလောက်ပဲရှိသေးတယ် ပြန်ဖို့ခေါ်ကြတယ်။ မပြန်လို့မရဘူးလားမေးတော့ ညဘက်တွေ လမ်းမပေါ်အခုလို သွားလာနေလို့မရဘူး။ အဖမ်းခံရတာတွေရှိတာကို သူတို့ပြောပြမှသိရတယ်။ အခုက စစ်မှုထမ်းဖို့ စာထုတ်ထားတော့ မနက်ပိုင်းတွေတောင် မလုံခြုံသလိုခံစားရတယ်။

DW ။ စစ်မှုထမ်းဖို့ ခေါ်လာခဲ့ရင် ဘာဆက်လုပ်မယ်လို့ စိတ်ကူးထားလဲ။ဘာကြောင့်လဲ။

ဖြေ ။ ညီအကိုက ၃ ယောက်ရှိတယ်။ လက်ရှိ ၂ယောက်က မြန်မာပြည်မှာ။ လောလောဆယ်ကတော့ မြန်မာပြည်မှာရှိနေတော့ စိတ်ပူနေရတယ်။ ထိုင်းဘက်ကိုပဲ ပြန်ထွက်သွားဖို့တွေးထားတယ်။ ဒီမှာက လုံးဝမလုံခြုံဘူးလေ။

DW ။ အခြားဘာဖြည့်စွက်ပြောချင်လဲ။

ဖြေ ။ မရှိတော့ပါဘူး။

“သေရမယ့်အတူတူ ကိုယ်ယုံကြည်တဲ့ဘက်မှာ ရပ်ဖို့ဆုံးဖြတ်ထားတယ်”

အသက်၂၀အရွယ် အမျိုးသားတစ်ဦး၊ နိုင်ငံခြားသွားရန်ပြင်ဆင်နေသူ

DW ။ အခုလိုစစ်မှုမထမ်းမနေရဆိုပြီး လုပ်လာတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ၊ ဘာမှတ်ချက်ပေးချင်လဲ။

ဖြေ ။ နောက်ဆုံးအကွက်ပဲလို့ထင်တယ်။ စစ်တပ်ထဲမှာ စစ်သားမယားနဲ့ ကလေးတွေကအစ စစ်တိုက်နေရတာကလည်း မျက်မြင်ပဲ။ လုံးဝဆုတ်ယုတ်သွားပြီ အရင်၃နှစ်နဲ့စာရင်။ ချိန်ခွင်လျှာနဲ့ကြည့်ရင် အရင်ကသူ (စစ်ကောင်စီ)က အလေးသာ နေသေးတယ် ။ အခုအခြေအနေက ချိန်ခွင်လျှာကြည့်မယ်ဆိုရင် အလယ်မှာရှိနေတယ် ။ သူလုပ်နိုင်ရင်လည်း ကျွန်ခံပဲ။ မြောက်ကိုးရီးယား ပုံစံဖြစ်သွားလိမ့်မယ်။

DW ။ ဒီလိုမျိုးလုပ်ဆောင်မှုနဲ့ တပ်သားစုဆောင်းနိုင်မယ်ထင်လား။

ဖြေ ။ တပ်သားက အရင်ကတည်းကစုဆောင်းနေတာ ပုံစံအမျိုးမျိုးနဲ့။ အခုက စာထုတ်ပြီးတော့ တရားဝင်ပေါ်တာ ဆွဲတော့မယ်လို့ပြောလိုက်သလိုပဲ။ မိန်းကလေးတွေပါ မလွတ်ဘူး။ သူဘယ်လိုအကောင်ထည်ဖော်မလဲတော့ ပြောမတတ်ဘူး။ သက်ရောက်မှုကတော့ နိုင်ငံခြားထွက်မယ့်သူတွေရော၊ စီးပွားရေးသမားတွေရော အားလုံး အပေါ်ရိုက်ခတ်မှုရှိတယ်။ သူလုပ်လိုက်တာ တစ်ချက်ခုတ် သုံးလေးငါးချက်ပြတ်ပဲ။ လူစွမ်းအားအရင်းအမြစ်နဲ့ နိုင်ငံစီးပွားရေးက အခုအခြေအနေကနေ ပျက်စီးသွားမယ့်အခြေအနေအထိ ရောက်သွားမယ်ထင်တယ်။ ပြီးတော့ ပေါ်တာခေတ်ပြန်ရောက်လာမယ်။ ပေါ်တာလုပ်စားသူတွေပေါ်လာမယ်။ သူတို့အသိုင်းအဝိုင်းနဲ့နီးတဲ့ သူတွေကပဲ ချမ်းသာသွားပြီး ပြည်သူတွေကတော့ ကုန်းကောက်စရာရှိမှာမဟုတ်တော့ဘူး။

DW ။ စစ်မှုထမ်းဖို့ ခေါ်လာခဲ့ရင် ဘာဆက်လုပ်မယ်လို့ စိတ်ကူးထားလဲ။ဘာကြောင့်လဲ။

ဖြေ ။ အခုပုံစံအရဆိုရင် ပြည်ပထွက်ခွင့်ဗီဇာတွေလည်း ကန့်သတ်မယ့်အခြေအနေရှိတယ်။ စစ်မှုထမ်းဖို့ကို တင်းတင်းကျပ်ကျပ် လုပ်လာရင်လည်း သေရမယ့်အတူတူ ကိုယ်ယုံကြည်တဲ့ဘက်မှာ ရပ်ဖို့ဆုံးဖြတ်ထားတယ်။ သူတို့(စစ်ကောင်စီ)နဲ့တော့မပူးပေါင်းဘူး။

DW ။ ကျေးဇူးတင်ပါတယ်