လောင်းလုံးရှိ မြို့မရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးအချို့၏ ရုံးသုံးပစ္စည်းများ ပြောင်းရွှေ့

0
1891

လောင်းလုံးမြို့ရှိ မြို့မရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးအချို့ရှိ ရုံးသုံးပစ္စည်းများကို ယနေ့ ဖေဖော်ဝါရီလ ၁၁ရက် နံနက်ပိုင်းတွင် လာရောက်ပြောင်းရွှေ့သွားကြကြောင်း ဒေသခံများနှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ထားဝယ်မြို့က စစ်အင်အားအလုံးအရင်းဖြင့် ယနေ့ နံနက် ၇ နာရီခန့်တွင် လာရောက်ပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ရဲစခန်းထဲက ပစ္စည်းတွေ သယ်ထုတ်နေတာလို့ ကြားတယ်” ဟု ၎င်းက ပြောဆိုသည်။

ယနေ့ နံနက် ၉ နာရီခန့်တွင် ကားကြီး၊ ကားငယ် ခုနစ်စီးခန့်ဖြင့် စာရွက်စာတမ်းများ တင်ဆောင်ပြီး ထားဝယ်မြို့ဘက်သို့ ထွက်ခွာသွားကြကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်တရားရုံးက တရားရေးဆိုင်ရာ စာရွက်စာတမ်းများ သယ်ဆောင်လာသည့် ကားတစ်စီးကို လောင်းလုံး-ထားဝယ် လမ်းပိုင်းတစ်‌နေရာတွင် နွေဦးပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးပြီး စာရွက်စာတမ်းများကို သိမ်းဆည်းခဲ့သေးသည်။

ထို့နောက် ငါးရက်အကြာ၌ မြို့မ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးအချို့ရှိ ရုံးသုံးပစ္စည်းများနှင့် ဌာနဆိုင်ရာ စာရွက်စာတမ်းများ ပြောင်းရွှေ့သွားခြင်းဖြစ်သည်။

ပြောင်းရွှေ့သွားသည့် ဌာနဆိုင်ရာရုံးများမှာ ရဲစခန်း၊ လဝက၊ မြေစာရင်းရုံးများဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း Dawei Watch အနေဖြင့် အသေးစိတ်မသိရသေးပေ။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကလည်း လောင်းမြို့ပေါ်တိုက်ပွဲတွင် မြို့မရဲစခန်းတိုက်ခိုက်ခံရပြီး စစ်ဘက်ရေးရာလုံခြုံရေး ရုံးနှင့် စာရင်းစစ်ရုံးကစာရွက်စာတမ်းများ မီးရှို့ခံရကာ ဌာနဆိုင်ရာဝန်ထမ်းနှစ်ဦးမှာလည်း ဖမ်းဆီးခံထားရသည်။