ရေးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ ကလေး ၂ ဦးအပါအဝင် ၉ ဦး ဒဏ်ရာရ

0
938

မွန်ပြည်နယ်၊ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ညက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ် ၃၁၆ တပ်ရင်းမှ ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က လက်နက်ကြီး ၅ လုံးခန့်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

စစ်ကောင်စီအမြောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအနီးရှိ ကျုံလောင်းရွာဟောင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၁ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ဒေသခံပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကျုံလောင်းရွာခံအမျိုးသားတစ်ဦးက “ဖြစ်တာက ညနေ ၅ နာရီကျော်ကျော် ၆ နာရီမထိုးခင်အချိန်ပါ။ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ လက်နက်ကြီးလာကျသွားတယ်။ ကျတော့ လူတွေ ထိကုန်တာ။ ထိသွားတာက ၉ ယောက်။ ကလေးလည်းပါတယ်” ဟု ပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုအပြင် နေအိမ်ထိခိုက်ပျက်စီးမှုလည်းရှိခဲ့ကြောင်း ကျုံလောင်းရွာခံတို့ထံမှ သိရသည်။

လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရသူများကို မွန်ပြည်သစ်ထိန်းချုပ်နယ်မြေအတွင်းရှိ ဆေးရုံများတွင်ပို့ဆောင် ဆေးကုသခံယူနေရကြောင်း သိရသည်။

ထိုသို့ ကျေးရွာထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲနေမှုကြောင့် ဒေသခံများ စိုးရိမ်ထိန့်လန့်နေကြပြီး အချို့က မွန်ပြည်သစ်ပါတီနယ်မြေဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသူများလည်းရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း ရေးမြို့နယ်၊ အာယုတောင်အခြေစိုက် ခမရ – ၃၄၃ နှင့် ခမရ – ၅၇၈ တို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၁၁ နှစ်အရွယ်ကလေး သေဆုံးသွားခဲ့ပြီး အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်း တပ်စခန်းတို့မှ လူနေကျေးရွာထဲ လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။