သံဖြူဇရပ်တွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိ

0
959

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦး ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်းအချိန်က မြေမြှုပ်မိုင်းနင်းမိခဲ့ကြောင်း ဒေသခံတစ်ဦကပြောသည်။

မြေမြှုပ်မိုင်းနင်းမိသည့် အဆိုပါ ဒေသခံမှာ ဒေါ်မလေးဖြစ်ပြီး ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

ဒေါ်မလေးမှာ ကရုပ္ပိကျေးရွာအနီး ရော်ဘာခြံအတွင်း ထင်းသွားကောက်စဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ခြေထောက်နှစ်ဖက်လုံးတွင် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ဒေါ်မလေး၏ ဘယ်ဘက်ခြေထောက် ညို့သကျည်းအောက်ပိုင်းမှာ ပြတ်ထွက်သွားခဲ့ပြီး ညာဘက်ခြေထောက်မှာလည်း စုတ်ပြတ်သွားကြောင်း သိရသည်။

ဖေဖော်ဝါရီလဆန်းပိုင်းက သံဖြုဇရပ်မြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေခဲ့ကြသည့်အပြင်၊ တိုက်ပွဲများအပြီးတွင်လည်း မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် နေ့စဉ်ဘဝကို စိုးရိမ်ပူပန်စွာ ဖြတ်သန်းနေကြရကြောင်း ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က မွန်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု ၁၆ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ ၇ ဦးသေဆုံးကာ၊ ၁၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။