၂ နှစ်သမီးကို အိုးထဲထည့်လှော်ကာ အလောင်းဖျောက်သည့် မိခင်ကို စင်ကာပူတရားရုံးက ထောင် ၁၄ နှစ်ချ

0
1038

သေဆုံးသွားသော ၂ နှစ်အရွယ် သမီးကို အိုးထဲထည့် မီးနှင့်လှော်ကာ ၅ နှစ်ခွဲကျော် အလောင်းဖျောက်ခဲ့မှုနှင့် ပတ်သက်၍ မိခင်ဖြစ်သူကို ထောင်ဒဏ် ၁၄ နှစ် ကျခံစေရန် စင်ကာပူတရားရုံးက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အမိန့်ချလိုက်သည်။

သမီးကို သတ်ဖြတ်ခဲ့သော ဖခင်ဖြစ်သူကိုလည်း တရားရုံးက ထောင်ဒဏ် ၂၁ နှစ်ခွဲနှင့် ကြိမ်ဒဏ် ၁၈ ချက်ကို ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် ချမှတ်ထားပြီးဖြစ်သည်။

ဆေးသုံးထားသော ဖခင်ဖြစ်သူက ကလေးကို ရိုက်နှက်ခဲ့သဖြင့် သေဆုံးသွားခြင်းဖြစ်သည်။

သေဆုံးသွားသော ကလေးကို အိုးထဲထည့် မီးဖြင့် လှော်ကာ သက်သေများကို ဖျောက်ဖျက်ရန် မိခင်နှင့်ဖခင်နှစ်ဦးစလုံးက ကြိုးစားခဲ့ကြသည်။

ယင်းနောက်မီးကျွမ်းနေသော အလောင်းပါ အိုးကို သေတ္တာထဲထည့် တိပ်နှင့်ပတ်ပြီး မီးဖိုအောက်တွင် အခြားသူများ သတိမထားမိစေရန် ၅ နှစ်ခွဲကြာ ဖျောက်ဖျက်ထားခဲ့ကြသည်။

ယင်းအဖြစ်အပျက်မှာ ပြီးခဲ့သော ၂၀၁၄ ခုနှစ်တည်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သမီးမိန်းကလေးက သေဆုံးချိန်တွင် အသက် ၂ နှစ်ခွဲအရွယ်သာ ရှိနေသေးသည်။

သေဆုံးခဲ့ပြီး ၅ နှစ်အကြာ ၂၀၁၉ ခုနှစ်တွင် ဦးလေး(အမေဖြစ်သူ၏မောင်)က အဆိုပါသေတ္တာကို သွားဖွင့်ကြည့်မိရာမှ မိန်းကလေးငယ်၏ အလောင်းကို တွေ့မြင်ခဲ့ပြီး ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

အလောင်းကို ရင်ခွဲစစ်ဆေးသောအခါ မီးနှင့် အလှော်ခံထားရသဖြင့် လုံးဝပျက်စီးနေခဲ့ပြီး ကိုယ်ပေါ်တွင် အရေပြားများ လုံးဝမတွေ့ရတော့ပေ။

အလောင်းက ပျက်စီးနေပြီဖြစ်သဖြင့် လက်နှင့် ခြေထောက်များကိုပင် ခွဲခြား၍ မရနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

သမီးဖြစ်သူ သေဆုံးပြီးနောက်ပိုင်းလည်း အသက် ၃၅ နှစ်အရွယ် မိခင်ဖြစ်သူက အသက် ၂ နှစ်မှ ၇ နှစ်အရွယ်ရှိ ကျန်ရှိနေသော သားသမီး ၃ ဦးကို ဆက်လက်ညှင်းပန်း နှိပ်စက်နေခဲ့သေးသည်။

ယင်းအပြင် ကလေးများကို ယောက်ျားဖြစ်သူက နှိပ်စက်နေသည်ကိုလည်း တားဆီးခြင်းမရှိခဲ့ကြောင်း‌ သတင်းတွင်ဖော်ပြထားသည်။

ကလေးများက အစာနှင့် ရေများ ပုံမှန်မစားမသောက်ရဘဲ ခေါက်ဆွဲပြုတ်စားလိုက် အသားချောင်းများစားလိုက် နေနေရကာ ရေမရှိသောနေ့များတွင် ကလေးကာကွယ်ရေးအရာရှိထံသို့ အကူအညီတောင်းခံခဲ့ရကြောင်း ဖော်ပြထားသည်။

မိခင်ဖြစ်သူသည် အလောင်းဖျောက်ဖျက်မှုများနှင့် ကလေးညှင်းပန်းနှိပ်စက်မှုများအတွက် အမှုပေါင်း ၁၂ မှုနှင့် တရားစွဲခံခဲ့ရပြီး ကျန်ရှိသော ၈ မှုကို ထည့်သွင်းစဉ်းစားနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: CNA, The Straits Times