နယ်ခြားစောင့်စခန်း တပ်မှူးတို့က လက်နက်များကို ARA နှင့် RSO ထံ ကြိုတင်ရောင်းချခဲ့သည်ဟု AA ပြော

0
1069
ပုံစာ - တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းနှင့် ARA၊ RSO စခန်းတို့မှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ နယ်ခြားစောင့်စခန်းနှစ်ခုက တပ်မှူးများသည် စခန်း မတိုက်ခံရမီကတည်းက လက်နက်များကို ARA နှင့် RSO တပ်ဖွဲ့တို့ထံ ကြိုတင်ညှိနှိုင်းရောင်းချခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

ဗျူဟာစခန်းနှစ်ခုဖြစ်သည့် တောင်ပြို (လက်ဝဲ) နှင့် တောင်ပြို (လက်ယာ) စခန်းနှစ်ခုကို AA က ဖေဖော်ဝါရီလ ၄ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့တွင်ပင် တောင်ပြို (လက်ယာ) စခန်းကို သိမ်းယူခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲ သုံးရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တောင်ပြို (လက်ဝဲ) စခန်းကို ထမ်မံသိမ်းယူနိုင်ခဲ့ကြောင်း AA က ဆိုသည်။

ယင်းသို့ တိုက်ခိုက်ရာတွင် အဆိုပါစခန်းနှစ်၌ ARA (Arakan Rohingya Army) နှင့် RSO (Rohingya Solidarity Organisation) တို့မှ တပ်ဖွဲ့ဝင်များတို့ပါ ရှိနေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စခန်းသိမ်းယူရာတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများအပြင် ARA နှင့် RSO တပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများကိုလည်း ရရှိကြောင်း AA က ဆိုသည်။

မြန်မာနယ်ခြားစောင့်တပ်များနှင့် နိုဘီဟူဆောင်း ခေါင်းဆောင်သည့် ARA အဖွဲ့အစည်းတို့သည် ရင်းနှီးသော ဆက်ဆံရေးရှိကြောင်းလည်း ဆိုသည်။

စခန်းတိုက်ခိုက်ခံရ၍ ထွက်ပြေးရလျှင် လက်နက်များကို ဘင်္ဂလားဒေ့ရှ်ငွေ တကာ ဆယ်သန်းဖြင့် ရောင်းချရန် စခန်း တိုက်ခိုက် မခံရမီကတည်းက နယ်ခြားစောင့်စခန်းတပ်မှူးများနှင့် ARA ၊ RSO တို့ ကြိုတင်ညှိနှိုင်းရောင်းချထားခဲ့သည်ဟု အဆိုပါစခန်းနှစ်ခုက ဖမ်းဆီးရရှိထားသူများက ဝန်ခံသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရာတွင်လည်း ARA ထံ အကူအညီတောင်းခံခဲ့သည်ဟုလည်း ဆိုသည်။

နယ်ခြားစောင့်စခန်းနှင့် အဖြောင့်တိုင်းလျှင် မီတာ တစ်ထောင်ကျော်သာ ကွာဝေးသည့်နေရာတွင် ARA စခန်း အခိုင်အမာ ဆောင်ထားသည်ကိုတွေ့ရပြီး နယ်ခြားစောင့်စခန်းနှင့် အင်္ဂတေလူသွားလမ်းဖြင့် ချိတ်ဆက်ထားကြောင်း ဆိုသည်။

ရောင်းချထားသည့် လက်နက်များအပြင် လက်နက်ဂိုဒေါင်များမှ ယူဆောင်သွားသည့် လက်နက်များ၊ မူးယစ်ဆေးဝါးများကို ARA စခန်းထံမှ ရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ARA အဓိက စခန်း၏ တစ်ဖက်ကမ်းတွင် ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ် BGB (Border Guard Bangladesh) တပ်စခန်း တစ်ခုလည်းရှိနေကြောင်းဖော်ပြသည်။

ARA သည် နယ်ခြားစောင့်စခန်းက လက်နက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကားတစ်စီးဖြင့် သယ်ဆောင်သွားသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စခန်းသိမ်းတိုက်ပွဲတွင် နယ်ခြားစောင့်စခန်းနှစ်ခုက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် နှစ်ရာနှင့်အထက် လက်နက်များဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားကြောင်း AA က ဆိုသည်။

AA ဘက်က ထုတ်ပြန်ချက်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။