ထိုင်းက အလိုရှိနေသည့် သူဌေးကျွန်းဟိုတယ်ပိုင်ရှင်ကို စစ်ကောင်စီတရားရုံးကလည်း ဝရမ်း ထပ်ထုတ်

0
2058

ထိုင်းအာဏာပိုင်များက ဖမ်းဝရမ်းထုတ်ထားသည့် သူဌေးကျွန်းဟိုတယ်ပိုင်ရှင် ဦးကျော်လွင်ကို စစ်ကောင်စီ၏ ကော့သောင်းခရိုင်တရားရုံးကလည်း ဖမ်းဝရမ်းထပ်ထုတ်လိုက်သည်။

မြန်မာနိုင်ငံတောင်ဘက်အစွန်း ကော့သောင်းမြို့ရှိ သူဌေးကျွန်းဟိုတယ် ပိုင်ရှင်ဦးကျော်လွင်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ခရိုင်တရားရုံးက ဝရမ်းထုတ်ထားခြင်းဖြစ်သည်။

၎င်းသည် တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ခြင်းနှင့် ယင်းလုပ်ငန်းမှရသည့် ငွေကြေး၊ ပစ္စည်းများကို အသွင်ပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်းများလုပ်ခဲ့သည်ဟု သံသယဖြစ်သည့်အတွက် ဝရမ်းထုတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီအာဘော် သတင်းစာတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံဘက်ခြမ်းတွင်လည်း ဦးကျော်လွင်နှင့် ဆက်စပ်သည့် ဘန်ကောက်နှင့် ရနောင်းမြို့ရှိ နေရာ ၂၇ ခုကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။

နှစ်လုံးထီ ရောင်းချမှု၊ ငွေတိုးချေးစားမှုနှင့် ဆီတင်ပို့ရာတွင် အခွန်လိမ်လည်မှု စသည့် လုပ်ငန်းများတွင် ငွေကြေးခဝါချသည် ဆိုသော သံသယဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဝင်ရောက်စီးနင်းပြီးနောက်ပိုင်းတွင် သူဌေးကျွန်းဟိုတယ်သို့ သွားရောက်လုပ်ကိုင်နေသည့် ဝန်ထမ်းများကို မတွေ့ရတော့ကြောင်း ကော့သောင်းမြို့ခံတစ်ဦးက ဆိုသည်။

သူဌေးကျွန်းဟိုတယ်တွင် အလုပ်လုပ်နေသည့် ကော့သောင်းမြို့ခံများက ၎င်းတို့စီးနင်းသည့် ဆိုင်ကယ်များကို ကမ်းနားလမ်းရှိ ဆိုင်ကယ်ရပ်နားရာနေရာတွင်ထားခဲ့ပြီး စက်လှေဖြင့် အလုပ်သွားလေ့ရှိသည်။

“ဒီလိုအသံကြားကတည်းက အလုပ်သမားဆိုင်ကယ်တွေ မရှိတော့ဘူး။ အဲဒီနားတစ်ဝိုက်မှာဆို တိတ်ဆိတ်နေရောပဲ” ဟု ၎င်းက ပြောသည်။

ထိုဟိုတယ်တွင် ကာစီနိုကစားဝိုင်းများနှင့် ဂေါက်ကွင်းရှိပြီး ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားနေလေ့ရှိကာ မြန်မာဝန်ထမ်းအများအပြားရှိသည်။

‘ဆီကျော်လွင်’ ဟု လူသိများသည့် ဦးကျော်လွင်သည် လောင်စာဆီတင်သွင်းဖြန့်ဖြူးရေးလုပ်ငန်း၊ ရေခဲစက်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းအပြင် ဆိပ်ခံဘောတံတားများလည်း ပိုင်ဆိုင်ကာ အသက် ၆၀ ကျော် အရွယ်ရှိသည်။

၎င်းသည် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ပုံမှန်ထက်ရင်းနှီးသည့် ဆက်ဆံရေးရှိသူအဖြစ် နာမည်ကြီးသူတစ်ယောက်လည်း ဖြစ်သည်။

တစ်ဖက်တွင်လည်း ဘတ် ၁၀ ဘီလီယံခန့် ငွေကြေးခဝါချမှုများနှင့် ပတ်သက်၍ ဦးကျော်လွင်နှင့် သက်ဆိုင်သူ ၁၈ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဝရမ်း ထုတ်ထားသည်။

လက်ရှိတွင် ၇ ဦးကို ဖမ်းမိထားသော်လည်း ဦးကျော်လွင်အပါအဝင် အခြားသူများမှာ လွတ်မြောက်နေဆဲဖြစ်သည်။

ဦးကျော်လွင်သည် “Ko Fuk” ဟု အမည်ရသော ဂိုဏ်းကို လွန်ခဲ့သော ၁၀ နှစ်ကတည်းကလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ထိုင်းသတင်းများက ဆိုသည်။

အဆိုပါဂိုဏ်းနှင့်ပတ်သက်၍ လက်ရှိတွင် ဖမ်းဝရမ်းထုတ်ထားသူများထဲက ၇ ဦးကို ဖမ်းမိထားပြီးဖြစ်ပြီး ကျန် ၁၁ ဦးကိုဆက်လက်ရှာဖွေဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထိုင်းအထူးစုံစမ်းရေးအဖွဲ့က ပြောဆိုထားသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံသား ခံယူထားသော ခေါင်းဆောင် Ko Fuk ခေါ် ဦးကျော်လွင်သည် ထိုင်းနိုင်ငံအတွင်းမှ တရားဝင်လမ်းကြောင်းဖြင့် ထွက်သွားခြင်းမရှိသဖြင့် ခိုးလမ်းမှတစ်ဆင့် မြန်မာပြည်သို့ ထွက်ပြေးသွားသည်ဟု ယူဆရကြောင်းလည်း သတင်းများက ဆိုသည်။

တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် ရှမ်းမြောက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များကို နှိမ်နင်းနေချိန် ထိုင်းတောင်ပိုင်းတွင်လည်း ဖမ်းဆီးမှုရှာဖွေမှုများ ပြုလုပ်လာခြင်းဖြစ်သည်။

ဇန်နဝါရီလဆန်းပိုင်းကလည်း ထိုင်း – မြန်မာနယ်စပ်အနီး ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်လုပ်ငန်း)များကို ပူးပေါင်းနှိမ်နင်းရန်ဟုဆိုကာ စစ်ကောင်စီဥက္ကဋ္ဌနှင့် ထိုင်းတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ဆွေးနွေးခဲ့ကြသည်။