မဟာချိုင်ရှိ ဆောက်လုပ်ရေးဆိုဒ်တွင် တရားမဝင် လုပ်ကိုင်နေသော မြန်မာလုပ်သားများ ထပ်မံဖမ်းဆီးခံရ

0
925

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၂၄ ဦးကို ယမန်နေ့ (ဖေဖော်ဝါရီ ၇) က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မဟာချိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် မြန်မာနိုင်ငံသားများ တရားမဝင် လုပ်ကိုင်နေကြောင်း သတင်းရရှိခဲ့သဖြင့် စမွတ်စခွန် လဝက အရာရှိများက ဆိုဒ်အတွင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

လုပ်ငန်းခွင်ထဲတွင် မြန်မာအလုပ်သမား အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၁ ဦး လုပ်ကိုင်နေကြပြီး အလုပ်ရှင်ဖြစ်သော ထိုင်းနိုင်ငံသား လင်မယားနှစ်ဦးက အလုပ်ခန့်ထားသည်မှာ ၁ လခန့်ရှိပြီဖြစ်သည်။

မြန်မာအလုပ်သမားများတွင် အလုပ်လုပ်ခွင့်လက်မှတ်များ မရှိဘဲ လုပ်ကိုင်နေကြသည်ကိုလည်းအလုပ်ရှင်များက သိနေကြပြီးဟုဆိုသည်။

မြန်မာအလုပ်သမားများသည် လုပ်ငန်းခွင်ရှိ ဆောက်လုပ်ရေးတန်းလျားများတွင်ပင် နေထိုင်လုပ်ကိုင်နေကြပြီး လုပ်အားခအဖြစ် အမျိုးသား ၄၀၀ ဘတ်နှင့် အမျိုးသမီး ၃၅၀ ဘတ်ရရှိကြောင်း‌ သတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသော ထိုင်းနိုင်ငံသားအလုပ်ရှင်နှစ်ဦးကို တရားမဝင် ဝင်လာသော နိုင်ငံခြားသားများကို လက်ခံထားမှုနှင့် အလုပ်လုပ်ခွင့်လက်မှတ်မရှိသူများကို အလုပ်စေခိုင်းမှုများဖြင့် အရေးယူထားဟုဆိုသည်။

မြန်မာအလုပ်သမားများကိုလည်း တရားမဝင် နေထိုင်လုပ်ကိုင်မှုများဖြင့် အရေးယူထားကြောင်းသတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် အလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ရန် အသစ်လျှောက်ထားမှုကို ရပ်ဆိုင်းလိုက်ပြီးနောက် လုပ်ငန်းခွင်အတွင်း တရားမဝင် လုပ်ကိုင်နေသူများအား ဖမ်းဆီးမှု မြင့်တက်လာနေခဲ့သည်။

ယမာန်နေ့ကပင် ထိုင်းနိုင်ငံ ရယွန်ခရိုင် စက်ရုံတစ်ခုရှိ မြန်မာအလုပ်သမား ၆၀ နီးပါးကို အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ လုပ်ကိုင်မှုနှင့် အလုပ်ရှင်မတူဘဲလုပ်ကိုင်မှုများဖြင့် ဖမ်းဆီးခဲ့သေးသည်။