ထားဝယ်မြို့က အကြမ်းမဖက်လူထုသပိတ် ၃ နှစ်ခရီးလည်ပြန် (၁)

0
977

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အကြမ်းမဖက်လူထုသပိတ်ကို အာဏာသိမ်းပြီး ၄ ရက်အကြာဖြစ်သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထားဝယ်မြို့၌ စတင်ခဲ့သည်။

လူငယ်ဆယ်ဂဏန်းဖြင့် စတင်ခဲ့သည့် ထားဝယ်သပိတ်လှုပ်ရှားမှုမှာ နွေဦးတော်လှန်ရေး လူထုသပိတ်များထဲတွင် အစောဆုံးသပိတ်တစ်ခုလည်း ဖြစ်ခဲ့သည်။

အင်အား ဆယ်ဂဏန်းဖြင့်စတင်ခဲ့ရာမှ ရက်ပိုင်းအကြာတွင် ရာထောင်ချီအထိ များပြားလာပြီး ဖေဖော်ဝါရီ တတိယအပတ်တွင် ဆန္ဒပြသူ သိန်းချီအထိများသွားပြီး လူပင်လယ်ကြီးဖြစ်သွားခဲ့သည်။

အားကောင်းလာသည့် ဆန္ဒပြစစ်ကြောင်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် စစ်ကောင်စီက စတင်အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့သည်။

ယင်းကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဦးဆောင်ဆန္ဒပြခဲ့သည့် လူငယ်အချို့၏ တော်လှန်ရေးအချိုးအကွေ့များအကြောင်း သိရှိနိုင်ရန် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်သည်။

“ကျွန်တော်တို့ ရဲဘော်တွေ ရက်ရက်စက်စက် ပစ်သတ်ခံရတဲ့နေ့က စပြီးတော့ . . . လက်နက်ကိုင် လမ်းစဉ်ကို . . . ရွေးဖြစ်သွားတာပေ့ါခင်ဗျား”

ကိုပီတာ၊ တာဝန်ခံ၊ ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့-ထားဝယ်ခရိုင်

(ထားဝယ်သပိတ်တွင် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦး)

DW ။ ဖေဖော်ဝါရီလ ၅ ရက်နေ့က ထားဝယ်သပိတ် သုံးနှစ်ပြည့်တဲ့နေ့ပေ့ါနော်။ဆိုတော့ ပထမဆုံး အဲဒီနေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖို့ ဖြစ်လာရတဲ့ အကြောင်းအရင်းကို အတိုချုပ်ပြောပြပေးပါလား ခင်ဗျား။

ဖြေ ။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းတဲ့နေ့ကစပြီးတော့ ကျွန်တော်တို့ ဟိုဟာ ၇၂ နာရီ ဆိုပြီးတော့ ဆိုက်ဝါးတစ်ချက်မိသေးတယ်။ ဒါပေမဲ့ကျွန်တော်တို့က ၂ ရက်နေ့ ကတည်းက လမ်းပေါ်ထွက်ချင်တာဗျာ့။ ဒါပေမဲ့တချို့လူကြီးတွေကလည်း တားကြတာရှိတယ်။ လူထုကလည်း သိပ်ပြီးတော့ စိတ်မဝင်စားကြာတာကိုလည်း တွေ့ရတဲ့အခါကျတော့ ကျွန်တော်တို့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကျွန်တော်တို့ရဲဘော်တွေနဲ့အတူ ထားဝယ်မြို့ ကမ်းနားလမ်းမှာ ညဘက်ကြွေးကြော်သံစပြီးတော့ အော်တယ်။ ပြီးတော့ ကျွန်တော်တို့ အ.ထ.က (၃) ကျောင်းရှေ့မှာ စစ်အာဏာရှင်အား ဆန့်ကျင်ကြဆိုတဲ့ လှုံ့ဆော်ရေးစာတွေ၊ ဆန့်ကျင်တဲ့စာတွေ ပြည်သူတွေကို လှုံ့ဆော်တာပေါ့နော်၊ အဲဒီကနေစပြီး ကျွန်တော်တို့ လမ်းပေါ်စထွက်တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စထွက်လာတာပေါ့။

စထွက်တဲ့ အကြောင်းအရင်းကတော့ စစ်အာဏာရှင် မြန်မာစစ်အာဏာရှင်က ခေတ်အဆက်ဆက်ကနေပြီးတော့ သူတို့အာဏာရှင်တည်မြဲရေးကိုပဲ လုပ်လာတဲ့အခါကျတော့ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ သူတို့ အာဏာထပ်လုဖို့ ကြိုးစားတဲ့ဟာကိုတော့ ကျွန်တော်တို့ တွေးထားတာပေ့ါနော်။ ဇော်မင်းထွန်း(စကစပြန်ကြားရေး)ကိုယ်တိုင်ကလည်း မီဒီယာတစ်ခုမှာ ဖြေသွားတာကိုလည်းတွေ့ခဲ့ရတယ်။ အဲဒီ အာဏာမသိမ်းခင်မှာလေ၊ သူတို့ အာဏာမသိမ်းဘူးလို့ ပြောလို့မရဘူးလို့ စကားတစ်ခုကို ကျွန်တော်တို့ ကြားလိုက်ရကတည်းက ကျွန်တော်တို့ နိုင်ငံရေးလှုပ်ရှားနေတဲ့ လူတွေ တော်တော်များများမှာတော့ ဒီကောင်တွေက တစ်ခုခု လုပ်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့တွေ့မိတယ်။ ဒါပေမဲ့သိမ်းမယ်လို့တော့အပြည့်အ၀ မထင်ခဲ့ဘူးပေ့ါ။ စစ်အာဏာသိမ်းလိုက်ပြီးကတည်းက ကျွန်တော်တို့မှာရှိတဲ့ နိုင်ငံသား အခွင့်အရေး လူ့အခွင့်အရေးတွေ ဆုံးရှုံးလိုက်ရပြီလေနော်။ အဲဒါကြောင့် ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီရော ကျွန်တော်တို့ ဖြစ်တည်တဲ့ လူသားအခွင့်အရေးကိုရော ပြန်လည်ရရှိဖို့အတွက် ကျွန်တော်တို့ကစပြီးတော့ စစ်အာဏာရှင်ကို မလိုလားတဲ့အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေက စတင်ဖြစ်ပေါ်လာတာပေါ့။

DW ။ ဆိုတော့ အဲဒါက လမ်းပေါ်တက်ပြီးတော့ ဆန္ဒပြတဲ့ အခြေအနေပေါ့နော်။ဆိုတော့ကာ လက်ရှိအနေအထားမှာကျတော့ရော ကိုပီတာအနေနဲ့က တော်လှန်ရေးထဲမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နေလဲပေ့ါနော်။

ဖြေ ။ ကျွန်တော်တို့မှာကျတော့ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တစ်ခုရဲ့ တာဝန်ခံ တစ်ယောက်အနေနဲ့တော့ တာဝန်ထမ်းဆောင်နေပါတယ်ခင်ဗျား။

DW ။ ဘာကြောင့် အဲဒီလမ်းကို ရွေးဖြစ်တာလည်း ခင်ဗျား။ လမ်းတွေက အများကြီးရှိတာဆိုတော့လေ။

ဖြေ ။ လမ်းတွေကတော့ အများကြီးရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ လူငယ်ဆန်ဆန်နဲ့ပဲ တွေးလိုက်တာပေါ့နော်။ ကျွန်တော်တို့ကို နာကျင်အောင်လုပ်နေသူကို ပြန်ပြီးတော့နာကျင်စေချင်တယ်။ အဲဒီစိတ်နဲ့ ပထမဆုံးက စိတ်ခံစားချက်ကို ကျွန်တော်တို့ ပထမဦးဆုံးဦးစားပေးတယ်လို့ တွေးလို့ရတယ်။ ဒါပေမဲ့အဲဒီထက် ကျွန်တော်တို့မှာ ခံယူချက် ပြင်းထန်တဲ့အရာက ကျွန်တော်တို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ စတင်ဖြိုခွင်းခံရတဲ့နေ့ မတိုင်ခင်တုန်းကကျတော့ လက်နက်ကိုင်ဖို့ အတွက်ကို လုံးဝမတွေးဖြစ်ခဲ့ဘူးပေ့ါနော်။ ၂၇ ရက်နေ့မှာ ကရပ်ပြင်လမ်းဆုံမှာ အပစ်ခံရတယ်။ ရော်ဘာကျည်ဆံတွေနဲ့ အပစ်ခံရတယ်။ ၂၈ ရက်နေ့က ကျွန်တော်တို့ ရဲဘော်တွေ ရက်ရက်စက်စက် ပစ်သတ်ခံရတဲ့နေ့က စပြီးတော့ ကျွန်တော်တို့က မောင်းပြန်ကို မောင်းပြန်နဲ့ ပြန်တိုက်မှ ရမယ်။ ပြန်တိုက်ယူမှရမယ်ဆိုတဲ့အခြေအနေမို့လို့ ကျွန်တော်တို့က တောင်းယူနေတဲ့ အခြေအနေကနေပြီးတော့ တစ်ဆစ်ချိုးပြောင်းလဲပြီးတော့ လက်နက်ကိုင် လမ်းစဉ်ကို ပြန်ပြီးတော့ ရွေးဖြစ်သွားတာပေ့ါခင်ဗျား။

DW ။ ဆိုတော့လေ စစ်အာဏာရှင်ကို ပုံစံမျိုးစုံနဲ့ တော်လှန်လာနေတာက သုံးနှစ်တိတိပြည့်ပြီပေါ့လေ။ ဆိုတော့ တနင်္သာရီတိုင်းရဲ့ နိုင်ငံရေး အခင်းအကျင်းက ဘယ်လိုဖြစ်နေလဲပေါ့နော် နောက်ဘာတွေဖြစ်လာမလဲလို့ သုံးသပ်မိလည်း ခင်ဗျား။

ဖြေ ။ တနင်္သာရီတိုင်းအခြေအနေက ကျွန်တော့်အမြင်ကပေါ့နော်။ ကျွန်တော်တို့ ညီညွတ်မှုတွေက တော်တော်လေးကို လိုအပ်နေသေးတယ်။ အခုဆိုရင် အဖွဲ့အစည်းက တော်တော်များတယ်ဗျာ။ အဖွဲ့အစည်းကများပြီး ပူးပေါင်းပါဝင်မှု စည်းလုံးညီညွတ်မှုက အင်မတန် အားနည်းနေသေးတယ်လို့ တွေ့ရတယ်။ အဲဒီလို အားနည်းနေတာကြောင့်ပဲ ကျွန်တော်တို့က သုံးနှစ်တာ ကာလပတ်လုံးမှာ အချိန်ကာလတစ်ခုကြာတဲ့အထိ ကျွန်တော်တို့မှာ ရောက်သင့်ရောက်ထိုက်တဲ့ နိုင်ငံရေးအပြောင်းအလဲ တော်လှန်ရေးအပြောင်းအလဲကို ကျွန်တော်တို့မှာ မတွေ့လာရသေးဘူးပေ့ါနော်။ အဓိက အခြေခံကျတဲ့ ကျွန်တော်တို့ ညီညွတ်မှုတွေလည်း တော်တော်လေးကို လိုနေသေးတယ်။ တော်လှန်ရေး ရဲဘော်ရဲဘက် အဖွဲ့အစည်းအချင်းချင်းကြားမှာလည်း အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်ဖို့ လိုသေးတာကိုလည်း တွေ့ရသေးတယ်ပေ့ါနော်။ နောက်ထပ် ကျွန်တော်တို့ သိသိသာသာပြောင်းလဲလာတာဆိုလို့ သိပ်တော့ မတွေ့ရသေးဘူး။ ဒါပေမဲ့ဒီထက်မက တော်လှန်ရေးအဖွဲ့ အစည်းတွေအချင်းချင်း ကျွန်တော်တို့ သွေးစည်းညီညွတ်လာမယ်၊ ပိုပြီးတော့ စည်းလုံးမှု ရှိလာမယ်ဆိုရင်တော့ ပူးပေါင်းပါဝင်မှုတွေလည်း အားကောင်းလာမယ်။ တိုက်ပွဲတွေလည်း ပိုပြီးတော့အောင်မြင်တဲ့ အနေအထားကိုလည်း ရောက်လာနိုင်တယ်ပေ့ါနော်။ အဲလိုတော့ ကျွန်တော့်အနေနဲ့ မျှော်လင့်မိတယ်ခင်ဗျား။

DW ။ ဒီပုံစံအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် နောက်ဆို ဘာဖြစ်လာနိုင်မလဲ ခင်ဗျား။

ဖြေ ။ ဒီပုံစံအတိုင်းသာ ဆက်သွားမယ်ဆို ကျွန်တော်တို့ တနင်္သာရီတိုင်းရဲ့ တော်လှန်ရေး အခြေအနေကတော့ ဒီလိုမျိုး သွေးစည်းညီညွတ်မှု မရှိဘူး စည်းလုံးညီညွတ်မှု မရှိဘူး အဖွဲ့အစည်း အချင်းချင်းလည်း ယုံကြည်မှု မရှိဘူးဆိုရင်တော့ တော်လှန်ရေးကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေက နှစ် ၇၀ ကျော်ပဲ တိုက်ခဲ့ရတဲ့ အခြေအနေမှာ ကျွန်တော်တို့ တနင်္သာရီတိုင်းရဲ့ အခြေအနေက ဒီပုံစံ အတိုင်းသာ ဆက်သွားနေရင်တော့ အဖန်ငါးရာငါးကမ္ဘာမကတော့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသွားလည်း ကျွန်တော်တို့ တနင်္သာရီတိုင်းရဲ့ အခြေအနေက ပြောင်းလဲလာမှာ မဟုတ်ဘူးလို့ ကျွန်တော့အနေနဲ့ ယူဆမိတယ် ခင်ဗျား။

DW ။ တော်လှန်ရေးတပ်ဖွဲ့ တွေက အရေးတကြီး ပြုပြင်ရမယ့်အချက်ဆိုရင် ဘယ်အချက်ကို မြင်မိလဲခင်ဗျား။

ဖြေ ။ အဓိက အရေးကြီး ပြုပြင်ရမယ့် အချက်ကတော့ ကျွန်တော်တို့ NUGက ကာကွယ်ရေး ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စစ်သည်တော် ကျင့်ဝတ်တွေလည်း ရှိတယ်ပေ့ါနော်။ အဲဒီဟာကို အခြေခံကျကျ ကျွန်တော်တို့ လိုက်နာဖို့တော့ လိုအပ်တာပေါ့နော်။ ကျွန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေက မူးယစ်ဆေးဝါး ဖမ်းတယ်ဗျာ။ ဒါပေမဲ့ကျွန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေမှာရော မူးယစ်ဆေးဝါး လုံး၀ ကင်းစင်နေလားဆိုတဲ့ ပထမတစ်ချက်တော့ ကိုယ့်ကိုကိုယ် ပြန်ပြီးတော့ ဝေဖန်သုံးသပ်ဖို့လည်း လိုအပ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေကို မူးယစ်ဆေးဝါး မသုံးနဲ့ဆိုပြီးတော့ ပြောနေတဲ့ တားမြစ်နေတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေထဲက အာဆီယံ(ဘိန်းစာရွက်အရည်)တို့ အရက်သေစာ မူးယစ်ဆေးဝါး အဲဒီဟာတွေကို မကင်းနိုင်ရင်တော့ ပြည်သူတွေကလည်း ကျွန်တော်တို့ရဲ့ ပြောစကားကို အလေးထားမှာ မဟုတ်ဘူးပေ့ါနော်။

ပြီးတော့ ကျွန်တော်တို့ လုပ်လိုက်တဲ့ အလုပ်တစ်ခုကိုလည်း တာဝန်ယူရမယ့် အခန်းကဏ္ဍတွေလည်း အများကြီးရှိတယ်။ ဥပမာ – ဒလန်ဆိုပြီးတော့ စွန်စွဲချက်တွေနဲ့ သတ်လိုက်တဲ့ဟာတွေလည်း အများကြီးရှိတယ်ပေါ့နော်။ ဒါပေမဲ့တစ်ဖက်စကားနဲ့ လူတစ်ယောက်က ဂျောက်ချလိုက်တဲ့ စကားတစ်ခွန်းကြောင့် လက်လွန်သွားတယ်ဗျာ ဆိုပါစို့။ ဒါပေမဲ့သတ်လိုက်ပြီးတော့မှ ကျွန်တော်တို့က အသတ်ခံရတဲ့ပြည်သူက အပြစ်မဲ့ပြည်သူမျိုး ဖြစ်နေတယ်ဆိုရင် တချို့ တော်လှန်ရေး တပ်ဖွဲ့တွေက တာဝန်မယူတော့ဘူး။ သူတို့ သတ်လိုက်တယ် ဆိုပြီးတော့ တာဝန်မယူတော့ဘူး ။အဲလိုမျိုးဖြစ်နေတဲ့ အရာတွေ ကျွန်တော်တို့ တနင်္သာရီတိုင်းမှာ အများကြီးရှိတယ်။ အဲဒီတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ချက် မှန်သည်ရှိ မှားသည်ရှိ အရာရာကို ကိုယ့်အဖွဲ့အစည်းရဲ့ လှုပ်ရှားမှု အမှန်သမျှကို တာဝန်ယူနိုင်တဲ့ ခေါင်းဆောင်တွေ တပ်ဖွဲ့တွေ အများကြီးရှိစေချင်တယ်။ အလုပ်တခုကိုလည်း မလုပ်ခင်ကတည်းက သေချာစိစစ်စေချင်တယ်ပေ့ါနော်။ အာဏာရရေး ပါဝါရရေး တစ်ခုတည်းကိုပဲ မကြည့်စေချင်ဘူး။

ပြီးတော့ နောက်တခုကတော့ ဟိုေ-ွး (စကစ)နဲ့ တန်းတူ ပြိုင်ပြီးတော့ မပစ်ရဲဘူး တချို့အဖွဲ့အစည်းတွေကကျတော့ လက်နက်မဲ့ ပြည်သူတွေကိုကျတော့ ဘတ် ဘတ် ဘတ်(သေနတ်ပစ်သံ) သွားပစ်ပြီးတော့ သွားရှင်းလိုက်တယ်။ အဲလိုမျိုးရှင်းလိုက်တာကို သူတို့အနေနဲ့ မစ်ရှင်(စစ်ရေးဖော်ဆောင်)လို့ ခံယူတယ်။ ပြီးတော့ သူတို့ ထောက်ပို့တွေဆီကနေပြီးတော့ ထောက်ပို့အလှူငွေတွေ လက်ခံရယူတယ်။ အဲလိုမျိုး ပုံစံနဲ့သွားယူတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ အဲဒီဟာလည်း ပြုပြင်ဖို့ လိုတာပေါ့နော်။ ကျွန်တော်တို့က ဘုံရန်သူကို ဘုံရန်သူလို့ သတ်မှတ်ပြီးတော့ တိုက်ဖို့ပဲ လိုတာပေ့ါ။ ကျွန်တော်တို့က အလွယ်လိုက်လုပ်လို့ ရတဲ့ဟာတွေကို လိုက်လုပ်နေလို့ မပြီးဘူးပေ့ါနော်။ အဲလိုမျိုးလုပ်နေသရွေ့တော့ အဓိက စစ်ကောင်စီကို မတိုက်ဘဲနဲ့ အဲဒီ ဒလန်တို့ ဘာတို့ လက်နက်မဲ့ပြည်သူတွေကို ရှင်းနေတဲ့ဟာတွေနဲ့တော့ ကျွန်တော်တို့ တော်လှန်ရေးကတော့ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ကတော့ ဘုံရန်သူစစ်စစ်ကိုပဲ ရှင်းဖို့ပဲလိုအပ်တယ်။ တိုက်ခိုက်ဖို့ပဲ လိုအပ်တယ်။ တော်လှန်ဖို့ပဲလိုအပ်တယ်ပေ့ါနော်။ တော်လှန်ရေးက ပြတ်သားဖို့ပဲ လိုအပ်တယ်ခင်ဗျား။

DW ။ အခုလို ဖြေပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ် ခင်ဗျား။