ထားဝယ်မြို့က အကြမ်းမဖက်လူထုသပိတ် ၃ နှစ်ခရီးလည်ပြန် (၂)

0
958

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အကြမ်းမဖက်လူထုသပိတ်ကို အာဏာသိမ်းပြီး ၄ ရက်အကြာဖြစ်သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထားဝယ်မြို့၌ စတင်ခဲ့သည်။

လူငယ်ဆယ်ဂဏန်းဖြင့် စတင်ခဲ့သည့် ထားဝယ်သပိတ်လှုပ်ရှားမှုမှာ နွေဦးတော်လှန်ရေး လူထုသပိတ်များထဲတွင် အစောဆုံးသပိတ်တစ်ခုလည်း ဖြစ်ခဲ့သည်။

အင်အား ဆယ်ဂဏန်းဖြင့်စတင်ခဲ့ရာမှ ရက်ပိုင်းအကြာတွင် ရာထောင်ချီအထိ များပြားလာပြီး ဖေဖော်ဝါရီ တတိယအပတ်တွင် ဆန္ဒပြသူ သိန်းချီအထိများသွားပြီး လူပင်လယ်ကြီးဖြစ်သွားခဲ့သည်။

အားကောင်းလာသည့် ဆန္ဒပြစစ်ကြောင်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် စစ်ကောင်စီက စတင်အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့သည်။

ယင်းကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဦးဆောင်ဆန္ဒပြခဲ့သည့် လူငယ်အချို့၏ တော်လှန်ရေးအချိုးအကွေ့များအကြောင်း သိရှိနိုင်ရန် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်သည်။

“ကျွန်တော်တို့အရှေ့မှာပဲ လက်နက်မရှိတဲ့ပြည်သူတွေကို (ဖေဖော်ဝါရီ) ၂၈ ရက်နေ့မှာ ပစ်သတ်တယ်ဗျာ”

ကိုကျော်ထွေး ၊ ထားဝယ်သပိတ်တွင် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦး

DW ။ ပထမဆုံးအနေနဲ့ အဲဒီနေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လမ်းပေါ်ထွက်ဆန္ဒပြတာ ဖြစ်လာရတဲ့ အကြောင်းအရင်းကို အတိုချုပ်ပြီး ပြောပြပေးပါလားခင်ဗျား။

ဖြေ ။ (အာဏာသိမ်းပြီး) ပထမ ၃ ရက်မှာ ဂျင်းမိတယ်ဗျာ။ တစ်ကယ်ကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဆန္ဒပြတယ်။ ကျွန်တော်တို့ သပိတ်ကော်မတီမပေါ်ခင်ပေါ့။ ကိုမင်းလွင်ဦးတို့ပေါ့ဗျာ။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကနေ စပြီးတော့ ဦးဆောင်းပြီးတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီးတော့ ဆန္ဒစပြတယ်ခင်ဗျား။ အလံတွေ လိုက်လဲတာမျိုးတွေပေါ့။ ကျောင်းသားသမဂ္ဂအလံလိုက်ထူ(လွှင့်)တာမျိုးပေါ့။ထားဝယ်မှာ တက္ကသိုလ်တွေမှာအလံတွေလွှင့်ပြီးတော့ ကျွန်တော်တို့ရဲ့ ဆန္ဒကို ထုတ်ဖော်တယ်ပေါ့ခင်ဗျား။

ကြားကာလမှာ ၃ရက် ကျွန်တော်တို့ အသံတိတ် (Silent Strike)ပေါ့ စောင့်ကြည့်ဦးပေါ့။ ၃ ရက်ဂျင်းမိတာရှိတယ်။ လူထုက ခုဏတုန်းက ၃ ရက်စောင့်ကြည့်ဆိုတာကို လူထုတစ်ရပ်လုံးက ကျွန်တော်တို့အပါအဝင် နားယောင်မိတယ်ပေါ့။ ဒါပေမဲ့ ဒီဘက်ခြမ်းမှာကတော့ ပြင်စရာရှိတာ ကြိုပြီးပြင်ထားကြတယ်။ကိုတေဇဆန်းတို့ကလည်း မန္တလေးမှာစထွက်တယ်။ ဒီအချိန်မှာ ကျွန်တော်တို့က ကြိုပြင်ထားတဲ့အတိုင်း ဝိုင်းစုဖွဲ့ပြီးတော့ စကားပြောထားတာရှိတယ်။ ကော်မတီတော့ မဟုတ်သေးဘူးပေါ့။တူရာ တူရာ အင်အားစုတွေစုပြီးတော့ ပြောကြတယ်။

စပြရခြင်း ရည်ရွယ်ချက်က ရှင်းရှင်းလေးပဲခင်ဗျား။ စစ်အာဏာရှင်ကနေ အာဏာသိမ်းတာကို ကျွန်တော်တို့က လက်မခံဘူး။ ပြည်သူ့အာဏာ ပြည်သူပြန်ပေးပေါ့။

DW ။ အခုပြောသွားတာက ဆန္ဒစပြတဲ့ အကြောင်းအရင်းပေါ့လေ။ ဆိုတော့လေ ဆန္ဒပြပြီးနောက်ပိုင်းမှာ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့သူတစ်ယောက်အနေနဲ့ အခုဆိုရင် တော်လှန်ရေးထဲမှာ ဘယ်လိုကဏ္ဏကနေ ပါဝင်နေလဲခင်ဗျား။ ပြောနိုင်သလောက် ပြောပေးပါခင်ဗျား။

ဖြေ ။ အဲဒီအချိန်တုန်းက ကော်မတီတွေဖွဲ့တယ်။ ကော်မတီတွေဖွဲ့ပြီး ဆန္ဒပြကြတယ်။ ဆန္ဒပြအပြီးမှာ ကျွန်တော်ကတော့ ထောင်ထဲရောက်သွားတယ်ပေါ့ခင်ဗျား။ အစောဆုံး အသုတ်မှာ ဟိုဘက်(စကစ) ကပြောတော့ လွတ်ငြိမ်းလို့ပြောတာပေါ့။ ကျွန်တော့်ဘက်ကတော့ ထောင်ကြွေးပေါ့။ ထောင်ကြွေးနဲ့ ပြန်လွတ်လာတယ်။ ပြန်လွတ်လာတာနဲ့ ပြန်လွတ်လာချင်း လက်နက်ကိုင်ရဲဘော်တွေကို နိုင်သလောက်ကူညီတာပေါ့ခင်ဗျား။

DW ။ လက်ရှိကရော တော်လှန်ရေးထဲမှာ ဘယ်လိုကဏ္ဏကနေ ပါဝင်နေလဲလို့ ပြောလို့ရမလဲခင်ဗျား။

ဖြေ ။ လက်နက်ကိုင်တော်လှန်ကို နိုင်သလောက်ကူပေးနေတယ်ခင်ဗျား။

DW ။ ဘာဖြစ်လို့ ဒီလမ်းကို ရွေးဖြစ်တာလဲခင်ဗျား။

ဖြေ ။ ကျွန်တော်တို့အရှေ့မှာပဲ လက်နက်မရှိတဲ့ပြည်သူတွေကို (ဖေဖော်ဝါရီ) ၂၈ ရက်နေ့မှာ ထားဝယ်မှာပေါ့နော်။ ၂၈ ရက်နေ့မှာ ပစ်သတ်တယ်ဗျာ။ ဆိုတော့ ဘာပဲပြောပြော သူတို့(စကစ)တွေသည် ရူးသွားပြီပေါ့။ခွေးရူးတွေကို ရိုက်သတ်ဖို့ပဲရှိတော့တာပေါ့။ ခွေးရူးဆိုတော့ ရိုက်သတ်မှရမယ်ပေါ့ဗျား။ ဒါကြောင့် ရိုက်သတ်ဖို့အတွက် လက်နက်လိုတယ်ခင်ဗျား။ဒါကြောင့်လက်နက်ကိုင်တာ ခင်ဗျား။

DW ။ အခုဆိုရင် စစ်အာဏာရှင်ကို ပုံစံမျိုးစံနဲ့တော်လှန်လာတာ ဖေဖော်ဝါရီလ ၁ ရက်နေ့တုန်းကဆိုရင် ၃ နှစ်တိတိ ပြည့်ပြီပေါ့နော်။တနင်္သာရီတိုင်းရဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းက ဘယ်လိုဖြစ်နေလဲခင်ဗျား။ နောက်လာမယ့် ဖြစ်လာနိုင်တဲ့အခြေအနေက ဘယ်လိုရှိလဲခင်ဗျား။

ဖြေ ။ ဖယ်ဒရယ်အာမီ(တပ်မတော်)၊ ဖယ်ဒရယ်ယူနစ်။ တနင်္သာရီဖယ်ဒရယ်အာမီ၊ တနင်္သာရီဖယ်ဒရယ်ယူနစ်ကနေ တစ်ပြားမှမလျော့ဘူး။ လက်ရှိအချိန်မှာ အဲဒါနဲ့ သွားနေတယ်ခင်ဗျား။

DW ။ လက်ရှိနိုင်ငံရေးအခင်းအကျင်းအပေါ်မှာရော ဘယ်လိုပုံစံမြင်လဲပေါ့ခင်ဗျား။လက်ရှိအခင်းအကျင်းက

ဖြေ ။ သူ့ကဏ္ဏနဲ့သူတော့ လုပ်နေကြတာ တွေ့ရတယ်ခင်ဗျား။ ပြီးရင် ကျွန်တော်တို့ရဲ့ အများ၏ထောက်ခံမှုအရ ရရှိသောလုပ်ပိုင်ခွင့် (Mandate) ပေးထားတဲ့ အစုအဖွဲ့တွေရှိတယ်။ CRTH တို့ CRPH တို့ပေါ့ဗျာ။ ကျွန်တော်တို့ခံယူတာကတော့ CRTH သည် ကျွန်တော်တို့တိုင်းထဲမှာ နိုင်ငံရေးပါဝါအရှိဆုံးအစုအဖွဲ့လို့ သတ်မှတ်တယ်။ အခုအချိန်မှာ။ ဆိုတော့ ကြားထဲမှာ တိုင်းအဆင့် နိုင်ငံရေးအစုအဖွဲ့ပေါ့ တိုင်းအတိုင်ပင်ခံကောင်စီပဲ ခေါ်ခေါ်ပေါ့နော်။ အမည်ကတော့သူတို့လုပ်လိမ့်မယ်။ တိုင်းနိုင်ငံရေးအစုအဖွဲ့ တစ်ရပ်ပေါ်ပေါက်အောင် တချို့ရဲဘော်တွေ ကြိုးစားနေကြတာရှိတယ်။ နိုင်ငံရေးဘက်ခြမ်းကပေါ့နော်။ ဒါကိုကျွန်တော်ကတော့ ထောက်ခံတယ်။ တိုင်းအဆင့်နိုင်ငံရေးအစုအဖွဲ့ ပေါ်ပေါက်လာပြီဆိုရင် ကျွန်တော်တို့က အဲဒီအစုအဖွဲ့ရဲ့ ဦးဆောင်မှုအောက်ကနေ လိုက်ဖို့ရှိတယ်ပေါ့။ အခုကတော့ ခရိုင်အဆင့်စုဖွဲ့ပြီးတော့ တိုင်းအဆင့်စုဖွဲ့နိုင်အောင် ကြိုးစားနေကြတယ်လို့ ကြားတယ်ပေါ့လေ။ အဲဒါကိုလည်း တော်တော်လေးဝမ်းသာတယ်ပေါ့။ ပေါ်ပေါက်လာမယ့် တိုင်းအတိုင်ပင်ခံကောင်စီပဲခေါ်ခေါ် ပေါ့ဗျား။ ပေါ်ပေါက်လာမယ့် တိုင်းအဆင့် နိုင်ငံရေးအစုအဖွဲ့ဦးဆောင်မှု မြန်မြန်လေးဖြစ်ပေါ်လာစေချင်တယ်။

ပွင့်ပွင့်လင်းလင်းပြောရင် စစ်ရေးအရှိန်က မြင့်လာတော့မယ်လို့ ကျွန်တော်တို့ သိထားရတယ်ဗျား။ အဲဒီနောက်မှာ နိုင်ငံရေးအရ ရေချိန်ကလည်း မြင့်တက်လာစေချင်တာပေါ့။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးလုပ်ဖော်ကိုင်ဖက်တွေကို ဒီဖက်မှာ စစ်ရေးအရှိန်တွေမြင့်ဖို့ရှိတယ်။ ဒီတော့ နိုင်ငံရေးအရှိန်လည်းပဲ တွဲပြီးတော့ကပ်ရက် ပါလာစေချင်တယ်။

DW ။ ခုနတုန်းက ကိုကျော်ထွေးပြောသွားတဲ့အထဲမှာပါတယ်ပေါ့လေ။ တိုင်းထဲမှာ နိုင်ငံရေးပါဝါအရ CRTH ကအမြင့်ဆုံးပေါ့။ ပေးထားချက်အရ မြင့်တဲ့အဖွဲ့ပေါ့လေ။ တစ်ဖက်ခြမ်းမှာကလည်း တိုင်းအဆင့်နိုင်ငံရေးစုဖွဲ့ဖို့ ကြိုးစားနေကြတာရှိတယ်ပေါ။ ဆိုတော့ CRTH နဲ့ တိုင်းအဆင့်နိုင်ငံရေးအစုအဖွဲ့ကို ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်စေချင်တဲ့ သဘောရှိလဲခင်ဗျား။

ဖြေ ။ တိုင်းအဆင့်နိုင်ငံရေးအစုအဖွဲ့ပေါ်လာပြီဆိုတော့ လက်နက်ကိုင်အစုအဖွဲ့တွေရော၊ ခုနက လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ ပေါ့ဗျား။ သူ့အစုအဖွဲ့ အစုအဖွဲ့အလိုက် တိုင်းအဆင့်နိုင်ငံရေးအစုအဖွဲ့မှာ စုရမယ်ဗျ။ ကျွန်တော်က ဒီလိုမြင်ပါတယ်။ ဒီလိုလည်း ဖြစ်မှအဆင်ပြေမှာ။ ငါ့အစုအဖွဲ့က (Mandate) ပေးထားလို့၊ ငါ့အစုအဖွဲ့က လက်နက်နဲ့မို့လို့ ပြည်သူလူထုကာကွယ်ရေးဆိုပြီး မဟုတ်ဘဲနဲ့ တိုင်းအဆင့်နိုင်ငံရေးအစုအဖွဲ့ ဖွဲ့တဲ့အချိန်မှာ အစုအဖွဲ့တွေအကုန်လုံးစုပေါင်းပြီးတော့ ဝိုင်းဝန်းပြီးလုပ်ဆောင်တာမျိုးပဲ ဖြစ်ရမယ်။

တိုင်းအဆင့်နိုင်ငံရေးအစုအဖွဲ့မှာ ဦးဆောင်သူတွေ ထွက်လာလိမ့်မယ်။ ဒီဦးဆောင်သူတွေသည် အစုအဖွဲ့တွေကို ကိုယ်စားပြုသူတွေပေါ့ဗျား။ ဆိုတော့ကာ တနင်္သာရီဖယ်ဒရယ်ယူနစ်ရဲ့ ဦးဆောင်တဲ့အစုအဖွဲ့မှာ CRTH ရော ကျန်တဲ့ အစုအဖွဲ့တွေပေါ့ဗျား။ အကုန်လုံးပါဝင်သော အစုအဖွဲ့တစ်ရပ်ကို ကျွန်တော်တို့မျှော်လင့်တယ်ခင်ဗျား။

DW ။ အခုလိုဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား။