ဖိနေသည့်ကြားက ကြွလာသည့် လောင်းလုံးမြို့ပေါ်တိုက်ပွဲ

0
3513

“ဖောင်း ဖောင်း ဒိုင်း”

လောင်းလုံးမြို့သားများ နံနက်စောစော ဆူညံသည့် သေနတ်သံများဖြင့် နိုးထလာခဲ့သည်။

ဇန်နဝါရီလ ၃၀ ရက်နေ့က လောင်းလုံးမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် မြို့မရဲစခန်း၊ မြို့နယ် ထွေအုပ်ရုံးနှင့် စရဖရုံးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်က တစ်ချိန်တည်း တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

နံနက် ၆ နာရီဝန်းကျင်မှ မွန်းတည့် ၁၂ နာရီကျော်အထိ ကြိုကြားကြိုကြား အပြန်အလှန် ပစ်ခတ်နေသည်မှာ အချိန် ၆ နာရီကျော်အထိ ကြာမြင့်ခဲ့သည်။

ယင်းနေ့ နံနက်စောစော အိပ်ယာထချိန် လက်နက်ကြီးပေါက်ကွဲသံကြားရပြီးနောက် လက်နက်ငယ်သံများ ဆက်တိုက် ထွက်ပေါ်လာသည့်အတွက် မြို့ခံများက ပြေးလွှားပြီး ပုန်းသူနှင့် အိမ်အတွင်းမှာပင် ပုန်းနေရသူများဖြင့် ကမ္ဘာပျက်မတတ် ဖြစ်သွားကြသည်။

လောင်းလုံးမြို့ပေါ်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးကလည်း ပစ်ခတ်သံများအကြား ထွက်ပြေးချိန်မရလိုက်သည့်အတွက် အိမ်အတွင်းမှာပင် ပုန်းနေလိုက်ရသည်။

“အိမ်ထဲမှာ နေရတယ်။ လမ်းမမှာ လူမရှိတော့ဘူး။ လက်နက်ကိုင်တွေက လွဲလို့ မြိုခံတွေက အိမ်တံခါးပိတ်ပြီးနေသူနေ၊ ထွက်ပေါက်ရှိတဲ့သူ ထွက်ပြေးတဲ့သူကပြေးနဲ့ လက်နက်ကြီး၊ လက်နက်ငယ်သံတွေက ဆူညံနေတယ်” ဟု ၎င်းက မြို့ပေါ် တိုက်ပွဲနေ့က အခြေအနေကို ပြန်ပြောင်းပြောပြသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် နိုင်ငံတစ်ဝန်းတွင် မြို့သိမ်းတိုက်ပွဲများဖြင့် စစ်မီးပိုတောက်လာခဲ့သည်။ ယင်းစစ်ဆင်ရေး စတင်ပြီး နှစ်လကျော်အကြာနှင့် သုံးလကျော်အကြာတို့တွင် လောင်းလုံးမြို့ပေါ် တိုက်ပွဲများဖော်ဆောင်လာသည်။

ဇန်နဝါရီလ ၃၀ ရက်က ဖော်ဆောင်သည့်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်များက နေရာစုံက ဖြန့်ခွဲထိုးဖောက် တိုက်ခိုက် သဖြင့် ယခင်တိုက်ပွဲများထက် ပိုမိုပြင်းထန်လာခဲ့သည်။ စစ်ကောင်စီဘက်ကလည်း ရေတပ်ပါ အသုံးပြုခုခံခဲ့ရသည်။

စစ်ကောင်စီတပ်၏ ခံစစ်

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် လောင်းလုံးမြို့ပေါ်ရှိ နေရာများ ကို ပြည်သူ့ကာကွယ်ရေးတပ်များက မြို့သိမ်းတိုက်ပွဲသဏ္ဍန် ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။

ထိုအချိန်က လောင်းလုံးမြို့တောင်ဘက်အစွန်း ညောင်ပင်လမ်းဆုံအနီးရှိ စစ်ကောင်စီလက်ဝေခံ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် စစ်မှုထမ်းဟောင်းရုံးကိုလည်း မီးရှို့ခဲ့သည်။

ယင်းအချိန်က လောင်းလုံးမြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို အဝေးမှ ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းမျိုးသာ လုပ်ဆောင်ခဲ့သည်။

ယမန်နှစ် မေလတတိယအပတ်ကလည်း လောင်းလုံးမြို့နယ် လဝကရုံးကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ ဖူးသည်။

ယင်းအတွေ့အကြုံများအရ စစ်ကောင်စီတပ်ကလည်း ခံစစ်အတွက် ကြိုတင်ပြင်ဆင်ထားသည့် အခင်းအကျင်းဖြစ်နေသည်။

မြို့မရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံး၊ မြို့နယ်ဝန်ထမ်းအိမ်ရာများတွင် ဘန်ကာများ အခိုင်အမာတည်ဆောက်ထားသည်။

မြို့မ ရဲစခန်းဝင်ပေါက်တွင် သဲအိတ်များဖြင့် ခံစစ်အတွက် အခိုင်အမာတည်ဆောက်ထားသည့်အပြင် စခန်းဝင်းအတွင်း ၌လည်း လူကြီးခါးစောင်းအထိနက်သည့် ဆက်သွယ်ရေးမြောင်းများ တူးထားသည်ဟု စုံစမ်းသိရသည်။

ထို့အတူ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး (စရဖရုံး) တွင်လည်း လူတစ်ရပ်ကျော်အထိမြင့်သည့် အုတ်တံတိုင်း ဆောက်လုပ် ကာရံထားပြီး အ‌ပေါ်တွင် သံဆူးကြိုးတပ်ထားသေးသည်။

ထို့ကြောင့်လည်း ဇန်နဝါရီလ ၃၀ ရက်နေ့က ဖော်ဆောင်သည့် တိုက်ပွဲတွင် ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်များက အင်အားရာချီဖြင့် နေရာပေါင်းစုံမှ ဖြန့်ခွဲထိုး‌ဖောက်တိုက်ခိုက်ခဲ့သော်လည်း ထင်သလောက် တိုးမပေါက်ခဲ့ပေ။

“စစ်ခံတစ်ရာ စစ်လာတစ်ထောင်” ဆိုသည့် စကားအတိုင်းပင် အင်အားဆယ်နှင့်ချီရှိသည့် စစ်ကောင်စီ တပ်သားများ ကို ဖိတိုက်ခဲ့သော်လည်း ရည်မှန်းချက်ကို အပြည့်အဝ မဖော်ဆောင်နိုင်ခဲ့ပေ။

ယင်းအပြင် စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ရာတွင် ပေါပေါများများ သုံးစွဲရမည့် လက်နက်ကြီး အလုံအလောက် မရှိခြင်းက လည်း လိုအပ်ချက်တစ်ခုဖြစ်စေခဲ့ကြောင်း တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေး တပ်သားတစ်ဦး က ဆိုသည်။

“ရဲစခန်းနဲ့ မြို့နယ် ထွေအုပ်ရုံးနားအထိ ကပ်ပြီး တိုက်နိုင်ခဲ့တယ်။ ဒါပေမဲ့ တိုးဝင်လို့မရဘူးပေါ့။ မြို့သိမ်းတိုက်ပွဲ လုပ်ဖို့ ကျတော့ အဓိက RPG တို့ လက်ပစ်ဗုံးတွေနဲ့မှ ရတာ။ သူတို့က ဘန်ကာ အခိုင်အမာဆောက်ထားတော့ လက်နက်ငယ်တွေနဲ့ သိပ်မတိုးဘူး” ဟု အထက်ပါ တပ်ဖွဲ့ဝင်ကပြောသည်။

ထို့ကြောင့် စနစ်တကျ ဖြန့်ခွဲချီတက်ပြီးမှ တိုက်ခိုက်ခဲ့သည့် အဆိုပါတိုက်ပွဲတွင် စရဖရုံးဝင်းအတွင်းရှိ အဆောက်အအုံ တစ်ခုကိုသာ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

“စရဖရုံးဝင်းထဲက အဆောက်အအုံတစ်ခုတော့ မီးရှို့ထားတယ်။ ဒဏ်ရာရသူကတော့ မရှိဘူး။ သူတို့ဘက်က (စစ်ကောင်စီ) နှစ်ယောက်ကျတယ်” ဟု အဆိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီတပ် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ကို တင်ပြထားသည့် စစ်ကောင်စီတပ်၏ အစီရင်ခံစာတွင်မူ ပြည်သူ့စစ်ခေါ် ပျူစောထီးနှစ်ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကြောင်း ဖော်ပြထားသည်။

ရေတပ်ပါအသုံးပြုလာ

စမ်းလှမ်းရွာအနီးရှိ စစ်သင်္ဘောတစ်စီး

တိုက်ပွဲအတွင်း မြို့အတွင်း စစ်ကောင်စီတပ်ဘက်က ပြင်းပြင်းထန်ထန်ခုခံခဲ့သည့်အပြင် လောင်းလုံးမြို့အနောက်ဘက် စမ်းလှမ်းရွာအနီး ပင်လယ်ပြင်ရှိ စစ်သင်္ဘော အပါအဝင် လက်နက်ကြီး ပစ်ကူပေးခဲ့သေးသည်။

“စစ်သင်္ဘောက (ဇန်နဝါရီ ၃၀) မနက် ၈ နာရီကတည်းက ရောက်နေတာ။ အဲဒီကနေပြီး ရွာကိုကျော်ပြီး လောင်းလုံးဘက်ကို ပစ်နေတယ်” ဟု စမ်းလှမ်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့် ၁၂၀ မမ လက်နက်ကြီးကျည် သုံးလုံးသည် လောင်းလုံးမြို့နှင့် တစ်မိုင်ခန့်အကွာရှိ အနောက်သဗျာရွာတွင် ရောက်ပေါက်ကွဲခဲ့သည်။

ရေပတ်လည်ဝိုင်းထားသည့် လောင်းလုံးကျွန်းဆွယ်၏ ပထဝီအနေအထား

လောင်းလုံးကျွန်းဆွယ်အား တွေ့ရစဉ်

လောင်းလုံးမြို့နယ် တောင်ဘက်အခြမ်းဖြစ်သည့် ကမြောကင်းတံတားမှ ရှင်မော် (ရှင်ကိုးရှင်စာရင်းဝင်) အငူအထိ မိုင် ၄၀ ကျော် အကွာအဝေးအတွင်း စစ်ကောင်စီတပ်သားများ အခြေချတပ်ထိုင်ထားသည့်နေရာမှာ ၃ ခုခန့်သာရှိသည်။

မြို့တောင်ဘက်အပိုင်းရှိ သကျက်တောနယ်မြေရဲစခန်းကို ပြီးခဲ့သည့်နှစ်ဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်သားများ စွန့်ခွာသွားပြီးဖြစ်သည်။

စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်က စခန်းအဆောက်အအုံများကို မီးရှို့ဖျက်ဆီးလိုက်သည်။

လက်ရှိအချိန်တွင် လောင်းလုံးမြို့ပေါ်တဝိုက်၊ ကဒက်ကြီးရွာအနီး တောင်ပေါ်ရှိ လေကြောင်းရန် ကာကွယ်ရေး စခန်းနှင့် ကျောက်နီမော်ပျူစောထီးစခန်းတို့သာ ရှိတော့သည်။

ထို့ကြောင့်လည်း စစ်ကောင်စီတပ်က လောင်းလုံးမြို့ လက်မလွှတ်ရရေးအတွက် ရှိသမျှအင်အားကို ထုတ်နုတ်သုံးစွဲနေရသည့် အခြေအနေဖြစ်လာသည်။

စစ်ကောင်စီတပ်၏ အစီရင်ခံစာအရ ကရင်ပြည်နယ်တခွင် စစ်ဆင်ရေးထွက်နေရသည့် စကခ-၈ လက်အောက်ခံ တပ်ရင်း နှစ်ရင်းက ထုတ်နုတ်အင်အား ၆၀ ခန့်ဖြင့် လောင်းလုံးမြို့ မဆုံးရှုံးစေရေးအတွက် ခံစစ်ပြင်ထားခြင်းဖြစ်သည်။

ထိုအခြေအနေတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲအသွင် တိုက်စစ်ဆင်လာချိန်တွင် စစ်ကောင်စီ ရေတပ်ကပါ လက်နက်ကြီးပစ်ကူပေးနေရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ လောင်းလုံးမြို့ပေါ်ရှိ ပျူစောထီးစခန်းကို တိုက်ခိုက်ချိန်က မြို့အနောက်ဘက်ပင်လယ်ပြင်မှ ရေတပ် သင်္ဘောဖြင့် လက်နက်ကြီး ပစ်ကူပေးခြင်း၊ ထားဝယ်မြစ်အရှေ့ဘက်ရှိ ထားဝယ်မြို့ဘက်မှ ပစ်ကူပေးခြင်း မရှိခဲ့ပေ။

မောင်းမကန်ရဲစခန်းကိုလည်း တိုက်ခိုက်

မောင်းမကန် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ်

လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်ပွားနေသည့် တစ်ချိန်တည်းတွင်ပင် မြို့နယ်မြောက်ဘက်အခြမ်းရှိ မောင်းမကန်နယ်မြေ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မောင်းမကန်နယ်မြေရဲစခန်းမှာ လောင်းလုံးမြို့နှင့် မိုင် ၂၀ ဝန်းကျင် ကွာဝေးသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲစခန်းအတွင်းရှိ အဆောက်အအုံတစ်လုံး မီးလောင်သွားကာ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာအပြင်းအထန်ရသွားကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နောက်တစ်ရက်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက အဆိုပါရဲစခန်းကို ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ် ပြန်ဆုတ်ခြင်း

တိုက်ပွဲ ၆နာရီလောက် ကြာပြီးနောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ပြန်ဆုတ်သွားကြသည်။

လက်နက်ကြီးကျည်တို့ အရပ်သားများ ပုန်းခိုနေသည့် နေအိမ်များအပေါ်ကျရောက်မည်ကို စိုးရိမ်သည့်အတွက် တပ်ပြန်ဆုတ် လိုက်ရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ထားဝယ်ကရောနဲ့ ပင်လယ်ထဲကနေပြီး လက်နက်ကြီးတွေ အဆမတန်ပစ်ခတ်တယ်ပေါ့နော်။ ပစ်ခတ်လို့ ကျွန်တော်တို့လည်း ရည်ရွယ်ထားတဲ့ အနေအထားတစ်ခုကို ရောက်လာပြီးပြီဆိုတော့ အခြေအနေအရ တပ်ပြန်ဆုတ်လိုက်တာပေါ့ခင်ဗျား” ဟု ၎င်းက ပြောသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမူ တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးပေ။ သို့သော် မကြာမီထုတ်ပြန်မည်ဟု ဆိုသည်။

အရပ်သား ထိခိုက်မှု

မီးရှို့ခံရသည့်နေ အိမ်တစ်ဆောင်

တိုက်ပွဲဖြစ်ပွားခဲ့သည့် လောင်းလုံးမြို့ခံ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

လောင်းလုံးမြို့နှင့် တစ်မိုင်ခန့်အကွာရှိသည့် အနောက်သဗျာရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည် ၁၂၀ မမ လက်နက်ကြီးကျည် သုံးလုံး ရောက်ပေါက်ကွဲခဲ့ရာ နှစ်ထပ်နေအိမ်၏ အပေါ်ထပ် ပျက်စီးသွားသည်။

ယင်းအပြင် ညင်းဝရွာတွင်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရသွားသည်။

တိုက်ပွဲ‌ကြောင့် လောင်းလုံးမြို့အနီးအနားရှိ ကျေးရွာနေ ဒေသခံများက ဘေးလွတ်ရာကို ပြောင်းရွှေ့သွားကြသည်။

တိုက်ပွဲဖြစ်ပြီး နောက်တစ်ရက်ဖြစ်သည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်က လောင်းလုံးမြို့မှတောင်ဘက်‌သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားစဉ်က လက်နက်ကြီးပစ်ကူပေးခဲ့သည့် ရေတပ်စစ်သင်္ဘောနှစ်စီးမှာ လောင်းလုံးမြို့၏ အနောက်ဘက် ပင်လယ်ပြင်တွင် အချိန်ပြည့် ကင်းလှည့်သွားလာနေသည်။

Non CDM ဝန်ထမ်း အဖမ်းခံရ

လောင်းလုံးမြို့ပေါ် တိုက်ပွဲအတွင်း မြို့နယ်စာရင်းစစ်ရုံးက Non-CDM ဝန်ထမ်းနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းခေါ်သွားသည်။

အဆိုပါဝန်ထမ်းနှစ်ဦးမှာ စာရင်းရုံး ဝန်ထမ်းအိမ်ရာတွင်ရှိနေချိန် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ယင်းအပေါ် အတည်ပြုပြောဆိုထားသည်။

Dawei Watch ၏ သီးခြားစုံစမ်းမေးမြန်းချက်အရ မြို့နယ်စာရင်းစစ်ရုံးမှ အသက် ၅၀ ကျော်အရွယ် ဒုဦးစီးမှူးဒေါ်မေနွဲ့နှင့် အခြားဝန်ထမ်းတစ်ဦးကို ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်းသိရသည်။

သို့သော် ထိုဝန်ထမ်းနှစ်ဦးနှင့်ပတ်သတ်ပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးပေ။

လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ယင်းအပေါ် အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

ထားဝယ်ခရိုင်တွင် စစ်ရှိန်မြင့်လာနိုင်သလော

လောင်းလုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်ကောင်စီတပ်သားများ

လောင်းလုံးမြို့နယ်မှာ ခုခံတော်လှန်စစ် အားကောင်းသည့် ဒေသတစ်ခုဖြစ်သောကြောင့် စစ်ကောင်စီတပ်ကလည်း မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကလည်း စစ်ကောင်စီတပ်စစ်ကြောင်းများက လောင်းလုံးမြို့နယ်တောင်ပိုင်းကျေးရွာများကို ရက်ရှည် စစ်ကြောင်းထိုးခဲ့ပြီး ရာနှင့်ချီသည့်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

ယင်းအပြင် နေအိမ်များကို ဖျက်ဆီးဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများ ယူဆောင်သွားသည့်အပြင် ဆိုင်ကယ် အများအပြားကိုလည်း သိမ်းဆည်းယူဆောင်သွားသေးသည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဖိနှိပ်နေသည့်ကြားမှ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ စစ်ရေး ပစ်မှတ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြန်လည်တိုက်ခိုက်လာခြင်းဖြစ်သည်။

တော်လှန်ရေးကာလကလည်း သုံးနှစ်အတွင်းသို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်သည့်အတွက် စစ်ရေးအရှိန်ကို ပိုမိုမြှင့်တင်သည့် အနေဖြင့် ပူးပေါင်းတပ်များဖြင့် ပုံဖော်ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။

“ထားဝယ်ခရိုင်ထဲမှာ စစ်ရေးအရှိန်မြင့်တက်လာအောင်လည်း စဉ်းစားတာပေါ့။ တော်လှန်ရေးကာလကလည်း သုံးနှစ် ပြည့်လာပြီဆိုတော့ ရှေ့ဆက်ပြီးတော့ စစ်ရေးအရှိန်ကို ပိုပြီးတော့ မြှင့်တင်ပေးတာ”