မြန်မာတစ်ဦး ပိုင်ဆိုင်သောနေရာ ၂၇ ခုကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့ ဝင်စီး

0
10813

ထိုင်းနိုင်ငံသား ခံယူထားသော မြန်မာတစ်ဦး ပိုင်ဆိုင်သည့် ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ရနောင်းမြို့များရှိ နေရာ ၂၇ ခုကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

နှစ်လုံးထီရောင်းချမှု၊ ငွေတိုးချေးစားမှုနှင့် ဆီတင်ပို့ရာတွင် အခွန်လိမ်လည်မှု စသောလုပ်ငန်းများတွင် ငွေကြေးခဝါချသည်ဆိုသော သံသယဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ဘတ် ၁၀ ဘီလီယံခန့် ငွေကြေးခဝါချမှုများနှင့် ပတ်သက်၍ ၎င်းနှင့် သက်ဆိုင်သူ ၁၈ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံသားခံယူထားသော အဆိုပါသံသယရှိသူမြန်မာမှာ ရနောင်းတွင် နေထိုင်နေသူဖြစ်ကာ ဘန်ကောက်နှင့် ရနောင်းတွင်အခြေစိုက်၍ အွန်လိုင်းလောင်ကစားဖြင့် စီးပွားရေးလုပ်ကိုင်နေသူဟုဆိုသည်။

လက်ရှိအချိန်တွင် သူသည် မြန်မာနိုင်ငံသို့ ထွက်ပြေးလွတ်မြောက်နေသည်ဟု ထင်မှတ်ရကြောင်း အထူးစုံစမ်းရေးအဖွဲ့က ခန့်မှန်းထားသည်။

နေ့လယ် ၁၂ နာရီအချိန်ခန့်က ရနောင်းမြို့အတွင်းရှိ ဖဲမိုင်ရပ်ကွက်အတွင်းသို့ အထူးစုံစမ်းရေးအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ပြီး တိုက်ခန်းများကို စစ်ဆေးခဲ့သည်။

နေရာအများစုသည် ငါးဖမ်းလုပ်ငန်းနှင့်ဆိုင်သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြပြီး မြန်မာအများစုနေထိုင်ရာ နေရာဖြစ်ကြောင်း ဖော်ပြထားသည်။

နေရာအသီးသီးက ဝင်ရောက်စီးနင်းမှုအတွင်း ဇိမ်ခံကားများ၊ ရွှေငွေနှင့် လက်နက်များအပါအဝင် ပိုင်ဆိုင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူများကိုလည်း ဖမ်းဆီးရမိထားဟုဆိုသည်။

“Ko Fuk” ဟု အမည်ရသော အဆိုပါဂိုဏ်းသည် လွန်ခဲ့သော ၁၀ နှစ်ကတည်းက လုပ်ကိုင်နေခြင်းဖြစ်ပြီး လက်ရှိတွင် ပါဝင်ပတ်သက်သူများကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Khaosod English, Daily News, naewna