စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သထုံတွင် ကျောင်းသားနှစ်ဦးဒဏ်ရာရ

0
1214
ဓာတ်ပုံ - KNU

သထုံခရိုင်၊ ဘားအံမြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)၏ အုပ်ချုပ်နယ်မြေ ဖလံတောင်ကျေးရွာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းသားနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီ ၃၀ ရက်နေ့က KNU သထုံခရိုင်၊ ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို KNLA(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်။

ယင်းတိုက်ပွဲပြီးနောက် စစ်ကောင်စီက ဘီးလင်းမြို့နယ်နှင့် ဘားအံမြို့နယ်အတွင်း လက်နက်ကြီး အလုံး ၃၀ ထက်မနည်း ပစ်ခတ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

လက်နက်ကြီးကျည် နှစ်လုံးမှာ ဖလံတောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၁၅ နှစ်အရွယ် စောအောင်သပြေဟိန်းနှင့် အသက် ၁၆ နှစ်အရွယ် စောနေမျိုးဦတို့ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“ကျောင်းသားတွေက သူတို့ဆရာမ အိမ်ဘေးက ဘောလုံးကွင်းကို လာကြတာ၊ ဆရာမအိမ်အ နားမှာ လက်နက်ကြီးကျသွားတာ၊ နှစ်ယောက်ထိတယ်၊ တစ်ယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်” လို့ ဖလံတောင်ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသားနှစ်ဦးကို ဖလံတောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသပေးထားကြောင်း သိရသည်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုအတွင်း ဖလံတောင်ကျေးရွာရှိ နေအိမ်တစ်လုံးနှင့် ဆိုင်ကယ် တစ်စီး ထိခိုက်ပျက်စီးခဲ့သည်။