အကျပ်အတည်းကြားက စစ်ဘေးရှောင်များ

0
922

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးနှင့်အတူ တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် စစ်ဘေးရှောင်ရသူ အရေအတွက်မှာလည်း မြင့်တက်လျက်ရှိသည်။

တနင်္သာရီတိုင်းတွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ငါးသောင်းဝန်းကျင်ခန့်ရှိနေသည်။

တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်များတွင် လတ်တလောဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ယာယီထွက်ပြေးတိမ်းရှောင်ကြပြီး နယ်မြေအေးချမ်းပါက နေရပ်ပြန်ကြသည့် ယာယီစစ်ဘေးရှောင်များရှိသလို နေရပ်ကို လုံးလုံးစွန့်ခွာကာ စစ်ရှောင်စခန်းများတွင် နေထိုင်ကြသည့် စစ်ဘေးရှောင်များလည်းရှိကြသည်။

ယာယီစစ်ရှောင်များမှာ အများအားဖြင့် ဥယာဉ်ခြံများအတွင်း သွားရောက်ရှောင်တိမ်းကာ ခဏတာနေထိုင်လေ့ရှိကြသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ပိုမိုပြုလုပ်သည့် လများတွင် ယာယီစစ်ရှောင် အရေအတွက်မှာ အလွန်များပြားသွားတတ်ပြီး ယင်းအချိန်တွင် အကူအညီများပိုမိုလိုအပ်လာ သဖြင့် စစ်ရှောင်ကူညီသူများအနေဖြင့် အခက်အခဲ ပိုမိုကြုံတွေ့ကြရသည်။

လတ်တလောတွင် စစ်ဘေးရှောင်များအတွက် အကူအညီ၊အထောက်အပံ့များ ကျဆင်းနေပြီး စစ်ဘေးရှောင် အကူအညီပေးနေသည့် အဖွဲ့များမှာလည်း ပြည်သူများထံမှ အလှူငွေအပါအဝင် ထောက်ပံ့ကူညီမှုများ ကျဆင်းနေသည်။

ယင်းသို့သော အခြေအနေတွင် စစ်ဘေးရှောင်များ ရုတ်တရက်တိုးလာပါက ပိုမိုခက်ခဲ ကျပ်တည်းလေ့ရှိကြသည်။

ယင်းကြောင့် တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင် အကူအညီပေးနေသည့် အဖွဲ့များကို ဆက်သွယ်ကာ လက်ရှိကြုံတွေ့နေရသော အခြေအနေများကို မေးမြန်း၍ ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ဖော်ပြပေးလိုက်ပါသည်။

“(တွဲလက်ညီညီစစ်ဘေးရှောင် Facebook Page) ကနေအလှူငွေမဝင်တာဆိုရင် သုံးလေးလလောက်ရှိနေပြီ”

တွဲလက်ညီညီစစ်ဘေးရှောင်ကူညီရေးအဖွဲ့၊ တနင်္သာရီမြို့နယ်

DW ။ ပဋိပက္ခကာလက ရှည်ကြာလာပြီဆိုတော့ စစ်ဘေးရှောင်တွေအပေါ် ပြည်သူတွေရဲ့ ထောက်ပံ့မှုအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ အခုချိန်က ပြည်သူတွေအားလုံးကလည်း အရမ်းကျဉ်းကျပ်တဲ့အချိန် ဖြစ်နေတယ်‌ဆိုတော့ အဲဒီအချိန်မှာ စစ်ဘေးရှောင်တွေကလည်း များသထက်များ လာတာဆိုတော့ အကူအညီတွေကတော့ နည်းလာတာပေါ့နော်။ စစ်ဘေးရှောင်တွေက တစ်နေရာတည်းမဟုတ်ဘဲ အများကြီးဖြစ်နေကြတာဆိုတော့ အလှူရှင်အဖွဲ့တွေကလည်း လတ်တလော( တိုက်ပွဲ) အဖြစ်များတဲ့နေရာတွေပဲ ဦးစားပေးကြတာဆိုတော့ အလှူခံရတာ အခက်အခဲကတော့ ကြာလာလေဆိုးလာလေ ဖြစ်နေတာပေါ့။

DW ။ တိုက်ပွဲတွေ စဖြစ်တဲ့အချိန်က ပြည်သူတွေကနေ စစ်ဘေးရှောင်တွေအတွက် ကူညီထောက်ပံ့မှုအနေအထားနဲ့ အခုအနေအထား ကူညီထောက်ပံ့မှုအပိုင်း ဘယ်လောက်ကွာခြားသွားတာတွေ့ရလဲ။

ဖြေ ။ အရင်ကဆိုကျွန်တော်တို့ အလှူရှင်အဖွဲ့တွေမဟုတ်ဘဲနဲ့ သာမန်ပြည်သူတစ်ယောက်ချင်း၊ တစ်ဦးချင်းကနေပြီး ပူးပေါင်းမှုလှူဒါန်းမှုက တစ်လကို (ကျပ်) သိန်းသုံးလေးဆယ်လောက် ရလေ့ရှိတယ်။ လုံးဝမရဘူးဆိုရင်တောင် သိန်းနှစ်ဆယ်ကတော့ရတယ်။ အခုဆို (တွဲလက်ညီညီစစ်ဘေးရှောင် Facebook Page) ကနေအလှူငွေမဝင်တာဆိုရင် သုံးလေးလလောက်ရှိနေပြီ။ လျော့တာကတော့ တော်‌တော်လေးကိုလျှော့သွားတယ်။

DW ။ ပြည်သူတွေရဲ့ ထောက်ပံ့မှုတွေက ဘာကြောင့်လျော့သွားတယ်လို့ ယူဆပါသလဲ။

ဖြေ ။ ကျွန်တော်အထင်ကတော့ ပြည်သူတွေမှာက ကုန်ဈေးနှုန်းတွေကအစပေါ့လေ အားလုံးအခက်အခဲတွေဖြစ်လာကြလို့ပဲ ထောက်ပံ့တဲ့အပိုင်းနည်းလာတာလို့မြင်တယ်။

DW ။ လတ်တလော စစ်ဘေးရှောင်တွေကို ကူညီဖို့ ဘယ်လိုရပ်တည်နေကြသလဲ။

ဖြေ ။ အခုလောလောဆယ်ကတော့ အလှူရှင်အဖွဲ့တစ်ခုနဲ့ချိတ်ဆက်ပြီး‌ ဆောင်ရွက်ပေးနေတယ်။ သူတို့ကတော့ အခုလောလောဆယ်အထိတော့ နောက်ထပ် သုံးလေးလလောက်အထိတော့ ရပ်တည်နိုင်အောင် အကူအညီပေးနိုင်တဲ့ အနေအထားမှာရှိသေးတယ်။ အဲဒါပြီးရင်တော့ ဘယ်လိုရှေ့ဆက်ရမယ်‌ဆိုတာ မသိသေးဘူးခင်ဗျား။ အလှူရှင်အဖွဲ့တွေကလည်း (တိုက်ပွဲ) ဖြစ်တဲ့နေရာနေရာတွေက များတဲ့အခါကျတော့ သူတို့မှာလည်း လောလောလတ်လတ် ဖြစ်နေတဲ့နေရာတွေကိုပဲ ကူပေးနေရတဲ့အခါကျတော့ ကျွန်တော်တို့ အမြဲတမ်းစစ်ရှောင်နေရတဲ့ သူတွေအတွက်တော့ ဦးစားပေးလို့မရဘဲ ဖြစ်နေတာပေါ့နော်။

DW ။ စစ်ဘေးရှောင်တွေကို ရေရှည်စောင့်ရှောက် ကူညီပေးနိုင်ဖို့အတွက် ကြိုတင်အစီအမံတွေ ချမှတ်ထားတာမျိုးရှိလား။

ဖြေ ။ ရေရှည်အတွက်ကတော့ အစီအစဉ်တော့မရှိသေးဘူး။ ဒါပေမဲ့ ဘာတစ်ခုစဉ်းစားထားတာရှိလဲဆိုတော့ ( အမျိုးသားညီညွတ်ရေးအစိုးရရဲ့) ဝန်ကြီးဌာနကနေပြီး အကူအညီတွေတောင်းရမယ်ပေါ့နော်။ အဲဒီလောက်ပဲရှိတယ်။ အရံရိက္ခာအနေနဲ့ နည်းနည်းစုထားတာလဲရှိတယ်ပေါ့နော်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေရှည်ဘယ်လိုရပ်တည်မယ်ဆိုတဲ့ ရေရှည်ပလန်ကိုတော့ မချမှတ်နိုင်သေးတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။

DW ။ ပြည်သူတွေကို ဘာများပြောချင်တာရှိလဲ။

ဖြေ ။ တဖြည်းဖြည်းနဲ့ စစ်ရေးလှုပ်ရှားမှုကလည်းများလာရင် စစ်ဘေးရှောင်ကလည်း များလာတယ်။ ပြီးရင်မိုးရာသီဆိုရင် ကျန်းမာရေးကလည်း တစ်ခါဆိုးရွားလာရင် အခက်အခဲကတော့ စစ်ဘေးရှောင်တွေရင်ဆိုင်ရမှာ။ ပြီးရင်တာရှည်စစ်ဘေးရှောင်နေရမှာဆို‌တော့ ရိက္ခာတွေကလည်း မလုံလောက်တာတွေဖြစ်လာနိုင်တာပဲ။ အဲဒါကြောင့် စစ်ဘေးရှောင်တွေအတွက် ဝိုင်းဝန်းပြီးကူညီပေးကြပါလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျား။

DW ။ ကျေးဇူးတင်ပါတယ်။

“ကုန်ဈေးနှုန်းဒဏ်၊ မတည်ငြိမ်တဲ့ စီးပွားရေးအခြေ‌အနေ၊ ကြမ်းတမ်းလှတဲ့ အဖမ်းအဆီးတွေကြား ပြည်သူတွေရဲ့ကူညီပံ့ပိုးနိုင်မှုတွေက အတော်လေး လျော့ကျလာပါတယ်”

ဂိမှာန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီ- တနင်္သာရီ

DW ။ အာဏာသိမ်းပြီး အချိန်ကြာလာတာနဲ့အမျှ စစ်ဘေးရှောင်တွေကို ပြည်သူတွေရဲ့ ထောက်ပံ့မှုအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ တော်လှန်ရေးကာလအစပိုင်းမှာတော့ ကျွန်တော်တို့ဒေသတွေမှာ (….)စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက် နှစ်ဘက်အပြင်းအထန်တိုက်တာမျိုးမရှိသလို ရဲဘော်တွေဘက်က နယ်မြေစိုးမိုးနိုင်မှုကလည်း အားပျော့တဲ့အတွက် စစ်ဘေးရှောင်ဦးရေနဲ့ ကူညီထောက်ပံ့မှုတွေကလည်း နည်းတဲ့အခါ ကူညီထောက်ပံ့ရမှုတွေက အများကြီး ကူနိုင်တာမျိုးတွေရှိပါတယ်။

အခုကတော့ တော်လှန်ရေးကာလဟာ သုံးနှစ်ထဲဝင်လို့လာနေပြီပေါ့နော်။ ကျွန်တော်တို့ရဲဘော်တွေကလည်း နယ်မြေစိုးမိုးမှုတွေအားကောင်းလာတယ်။ စခန်းသိမ်းတိုက်ပွဲတွေ၊ အောင်ပွဲတွေရလာကြတယ်။ အဲဒီတစ်ဆက်တည်းပဲ စစ်အုပ်စုရဲ့ ရွာတွေကိုမီးတိုက်ပြီး တော်လှန်ရေးသမားတွေနဲ့ ပြည်သူ‌တွေကြား သပ်လျှိုမှုတွေကလည်း များသထက်များလာပါတယ်။ ဒီလိုနဲ့ စစ်ရှောင်ပြည်သူဦးရေ၊ မီးရှိ့ခံရတဲ့နေအိမ်အရေအတွက် စတာတွေဟာ တိုးသထက်တိုးလာပါတယ်။ ဒီလိုအခြေအနေတွေမှာ ကျွန်တော်တို့အနေနဲ့ ကူညီထောက်ပံ့မှုတွေလုပ်တဲ့အချိန် စကစဘက်က တိုးလာတဲ့ ဂိတ်တွေ၊ အခွန်အခတွေ၊ အစစ်အဆေးကြမ်းတမ်းမှုတွေကလည်း ကျွန်တော်တို့အတွက် အတော်သတိထားရပါတယ်။ ကျွန်တော်တို့အနေနဲ့ လူထုအတွက် မရှိမဖြစ်လိုအပ်တဲ့အခြေခံစားသောက်ကုန်နဲ့ ပညာရေး၊အသိပညာပေးရေးလုပ်ငန်းတွေကိုပဲ အင်တိုက်အားတိုက်လုပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။

DW ။ ပြည်သူတွေဆီက ထောက်ပံ့ရရှိမှုသိသိသာသာနည်းလာတယ်လို့ အချို့ဖွဲ့တွေပြောကြတယ်။ ဘာကြောင့်နည်းလာရတယ်လို့ သုံးသပ်ပါသလဲ။

ဖြေ ။ အခုဆို စကစဟာ ပြည်တွင်းမှာ ပြည်သူ့ရဲဘော်တွေ အားကောင်းတဲ့နယ်မြေတွေကို ဂိတ်အထပ်ထပ်၊ ဆက်ကြေးအထပ်ထပ်နဲ့ တားဆီးထားသလို မြို့တွေမှာလည်း အဖမ်းအဆီးက လျော့ကျသွားတာမရှိပါဘူး။ အလားတူပဲ ပြည်ပမှာနေထိုင်ကြတဲ့ သူတွေဆီကလည်း ဝင်ငွေကို အခွန်ဖြတ်‌တောက်ပြီး ကျည်ဖိုးရှာနေတာလည်း ရှိပါတယ်။ ဒီလိုအခက်အခဲတွေကြားက ပြည်သူတွေကတော့ (တော်လှန်ရေးကို)ကူညီပံ့ပိုးနေကြဆဲဖြစ်တာ လက်ရှိတော်လှန်ရေးရဲ့ အရှိန်က သက်သေပါပဲ။

ဒါပေမဲ့ တစ်စထက်တစ်စ တက်လာတဲ့ကုန်ဈေးနှုန်းဒဏ်၊ မတည်ငြိမ်တဲ့ စီးပွားရေးအခြေ‌အနေ၊ ကြမ်းတမ်းလှတဲ့ အဖမ်းအဆီးတွေကြား ပြည်သူတွေရဲ့ကူညီပံ့ပိုးနိုင်မှုတွေက အတော်လေးလျော့ကျလာပါတယ်။

DW ။ ပြည်သူ့တွေဆီက ထောက်ပံ့မှုနည်းလာမယ်ဆိုရင် ရေရှည်မှာ စစ်ဘေးရှောင်တွေ ရပ်တည်ဖို့ဘယ်လိုအခက်အခဲတွေဖြစ်လာနိုင်လဲ။ အဲဒီအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ။

ဖြေ ။ ဒီသုံးနှစ်နီးပါသော အချိန်ကာလမှာ ပြည်သူတွေဟာ ဒီအခက်အခဲတွေကြား ဘယ်လိုရှင်သန် နေထိုင်ရမလဲဆိုတာ ရှာကြံနေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ လက်ရှိအချိန်မှာ ပြည်သူတစ်ရပ်လုံးဟာ စစ်ရှောင်နေကြရပါတယ်။ မြိုပြရော ကျေးရွာမကျန်ပေါ့။ ဒီအချိန်တွေမှာ တက်လာတဲ့‌ကုန်ဈေးနှုန်းတွေကြား စားသောက်စရိတ်၊ ရေဖိုးမီးဖိုး အင်တာနက် ကုန်ကျစရိတ်တွေ၊အခုဆို ကွမ်းသီးဈေးကျလာတာနဲ့အမျှ ငွေကြေးအကျပ်အတည်းတွေဟာ အတော်ကြီးမားတဲ့ စိန်ခေါ်မှုတွေပါပဲ။

ဒီတော့ပြည်သူတွေဆီမှာ စားနပ်ရိက္ခာ အလုံအလောက်မရတဲ့ပြဿနာ၊ လုံလောက်တဲ့ အရည်အသွေးရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရနိုင်တာ၊ ပညာရေးဝန်ဆောင်မှုမရတာ စသဖြင့် အခက်အခဲတွေဟာ ပိုမိုများပြားလာနိုင်သလို အခုလည်း ပြည်သူတွေ အနည်းနဲ့အများ ရင်ဆိုင်နေကြရပါတယ်။ အင်တာနက်ရတဲ့ဒေသတွေကတော့ ဒီဒဏ်‌ကိုနည်းနည်းလော့လျော့ပြီး ခံရတဲ့အနေအထားပါပဲ။

ဒီအခက်အခဲတွေကို ရင်ဆိုင်တဲ့အချိန်တွေမှာ ပြည်သူတွေအနေနဲ့ အိမ်နောက်ဖေး ဈေးဆိုင်တည်ကြတာ၊ တောင်ယာစပါးစိုက်ပျိုးကြတာ၊ ဆိုလာစနစ်ကို အသုံးပြုလာကြတာ၊ ပညာရေးအတွက်ဆို ရွာထဲက အခြေခံပညာ အထက်တန်းဆင့်ဒါမှမဟုတ် သိနားလည်သူတွေနဲ့ ကလေးတွေကို စာပြန်ပို့ချတာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုကတော့ ဆေးမြီးတိုလေးတွေနဲ့ ဖြေရှင်းနေကြရတဲ့အခြေအနေပါ။

DW ။ လတ်တလော စစ်ဘေးရှောင်‌တွေရင်ဆိုင်နေရတဲ့ အကြီးမား‌ဆုံး အခက်အခဲကဘာဖြစ်မလဲ။

ဖြေ ။ ကျွန်တော်တို့အ‌နေနဲ့ကတော့ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါးချိုးဖောက်ခံရမှုပဲ ရှုမြင်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေဟာ စစ်အုပ်စုရဲ့ လက်လွတ်စပယ် ဖမ်းဆီးသတ်ဖြတ်မှုတွေကြား လွတ်လွတ်လပ်လပ် အသက်ရှင်ခွင့် ဆုံးရှုံးနေပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင်စားသောက်ခွင့် ဆုံးရှုံးနေပါတယ်။အလားတူပဲ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့် စတာတွေဟာ ဆုံးရှုံးနေကြပါတယ်။

ဒီအတွက် အကြီးမားဆုံးစိန်ခေါ်မှုဟာ စစ်အာဏာရှင်စနစ်ဖြစ်ပါတယ်။ ဒီဟာသာ ချုပ်ငြိမ်းအောင် ကျွန်တော်တို့စွမ်းဆောင်နိုင်ရင် အပေါ်က ဆုံးရှုံးမှုတွေအကုန်လုံး ကျွန်တော်တို့ သေချာတည်ဆောက်ရင်း ရယူနိုင်ပါတယ်။

DW ။ တစ်ချို့စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက ရံပုံငွေရရှိမှုနည်းလာလို့ NUG ရဲ့ဝန်ကြီးဌာနကို ကူညီတောင်းမယ်လို့ပြောကြတယ်။ အဲဒါကရနိုင်တဲ့အခြေအနေရှိရဲ့လား။

ဖြေ ။ NUG ရဲ့အောက်မှာဆို MOHADM(လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန) ရဲ့ ခရိုင်အဆင့် မြို့နယ်အဆင့်အစုအဖွဲ့တွေ ကနေပြီးတော့ တိုက်ရိုက်ကူညီနေကြတာကို တွေ့မြင် ကြားသိရတာတွေရှိပါတယ်။

NUCC ကနေပြီးတော့ ၂၀၂၃ခုနှစ်၊ ဩဂုတ်လမှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးဆိုင်ရာမူဝါဒ တစ်စောင်ထုတ်ပြန်ထားတာလည်းရှိပါတယ်။

ဒီအတွက် ကျွန်တော်အနေနဲ့ကတော့ ဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ ပအဖ၊ ပကဖ၊ လူသားစာနာမှု တာဝန်ခံတွေကနေပြီးတော့ ကူညီထောက်ပံ့မှုတွေလုပ်မယ်လို့ ယူဆပါတယ်။

“လာမယ့်မိုးရာသီတောင်မှ ဘယ်လိုကျော်ဖြတ်ရမလဲမသိသေးဘူး။ ကျော်ဖြတ်ရတအားခက်ခဲလိမ့်မယ်”

ဆေးမှူးတစ်ဦး (တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်များ၊ တော်လှန်ရေးရဲဘော်များကို ဆေးကုသပေးနေသူ)

DW ။ စစ်ဘေးရှောင်တွေအပေါ် ပြည်သူတွေရဲ့ထောက်ပံ့မှုအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ ပြည်သူတွေရဲ့ ထောက်ပံ့မှုအပိုင်းကတော့ အားနည်းလာတယ်။ ပြည်ပကနေ ထောက်ပံ့မှုတစ်ခုတည်းနဲ့ပဲ စစ်ဘေးရှောင်တွေကိုကူညီပေးနေရတယ်။ အဓိကကတော့ ပြည်ပကပြည်သူ‌တွေကတော့ ထောက်ပံ့ကြတယ်။ ဒါပေမဲ့လုံလောက်မှုတော့မရှိသေးဘူးပေါ့။ အခုဆိုရင်ရွာတွေမှာ စစ်ဘေးရှောင်တွေလာခိုလှုံကြတော့ လိုအပ်ချက်အရ အဲဒီရွာတွေမှာပါဆေးခန်းတွေ လိုက်ဖွင့်ပေးရတာတွေရှိတယ်။ ဒီဖက်မှာကတော့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာကြောင့်ရော ပြည်သူ‌တွေက
ဆေးရုံး‌၊ ဆေးခန်းကိုလက်လှမ်းမမီကြဘူး။ ကျွန်မတို့မှာ‌ဆိုရင် ဆေးမှူးတစ်ယောက်ကို ပြည်သူတွေကိုရော၊ စစ်ဘေးရှောင်တွေအတွက်ရော ကု‌သပေးနိုင်ဖို့အတွက်ဆိုပြီး ဆေးမှူးတစ်ယောက်ကို သူ့ရဲ့ဆေးအိတ်ထဲမှာ အနည်းဆုံး(ကျပ်)ခုနစ်သိန်း၊ ရှစ်သိန်းဖိုးဆေးဝါးတွေ ထည့်ပေးထားရတာ။ အဲဒါခရီးတစ်ကြောင်းစာပဲရှိ‌သေးတယ်။ ကျွန်မ ကုန်ကျစရိတ်တွေကိုတွက်ပြနေတာပါ။ ဘယ်လောက်ကုန်လဲသိစေချင်လို့ပါ။ ဆေးမှူးက ငါးယောက်လောက်ရှိတယ်။ အဲဒီလိုဆိုရင် ကျွန်မတို့မှာဆေးဖိုးက တစ်လတစ်လကို အနည်းဆုံး(ကျပ်) သိန်းနှစ်ဆယ်လောက်ကုန်ကျပါတယ်။ ရဲဘော်တွေကိုပဲ သီးသန့်ကုပေးမယ်‌ဆိုရင်တော့ အဲလောက်ကုန်ကျမှာ မဟုတ်ဘူးပေါ့နော်။ ရောက်တဲ့နေရာမှာ ပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေကို ကုသရပေးဖို့အတွက်ပါ ပြင်ဆင်ထားရတာကြောင့် အဲလောက်ကုန်ကျစရိတ် ဖြစ်သွားတာပါ။

DW ။ အဲဒီလိုဆေးကုသဖို့အတွက် လိုအပ်တဲ့ရံပုံငွေကိုဘယ်လိုရှာဖွေလဲ။

ဖြေ ။ သက်ဆိုင်ရာအဖွဲ့အစည်းက တာဝန်ခံတွေနဲ့ စုပေါင်းပြီးတော့ မြို့နယ်ဆေးအဖွဲ့ဆိုတာကို လုပ်ထားတယ်။ အဲဒီဆေးအဖွဲ့ကနေပြီးတော့ ရံပုံငွေရှာတာပေါ့နော်။ ပြီးတော့ ပြည်ပထောက်ပို့အဖွဲ့တွေ၊ လူငယ်တွေနဲ့ပေါ့နော် ရံပုံငွေရရှိအောင် ဘယ်လိုလုပ်ကြမလဲလို့ တိုင်ပင်ပြီး တစ်နိုင်တစ်ပိုင် အလှူခံလုပ်ကြတာတွေရှိတယ်။ ပြီးတော့ (အမျိူသားညီညွတ်ရေးအစိုးရ) MOD နဲ့ချိတ်ဆက်ပြီးတော့လည်း လုပ်နေတာတွေရှိတယ်။ သူတို့ဆီကတော့ ဆေးဝါးထောက်ပံ့တာမျိူးတွေ မရသေးဘူးပေါ့နော်။ ဒီဖက်မှာ ဘာတွေလုပ်နေတယ်‌ဆိုတာတွေ တင်ပြပေးနေတာရှိတယ်။ အတတ်နိုင်ဆုံးတော့ ကောင်းဆုံးဖြစ်အောင် ကြိုစားနေတာပေါ့နော်။ ဆေးဆိုရင်လည်း အရင်တုန်းက ချောင်းဆိုးဖျားနာဆေးတစ်ကတ်ကို တစ်ရာနဲ့ဝယ်ရနေရာကနေအခုဆိုရင် တစ်ထောင်နဲ့ဝယ်နေရတဲ့ အနေအထားတွေဖြစ်လာတာတွေတော့ ရှိတာပေါ့။ တချို့တွေကိုဆို လုံးဝပျောက်အောက် ကုမပေးနိုင်တော့ဘဲနဲ့ တစ်ချို့တစ်ဝက်လောက် ပျောက်အောင်ပဲ ကုပေးနိုင်တဲ့ အနေအထားမျိုးရအောင်တော့ လုပ်ပေးနိုင်အောင် အဲလိုမျိူးသွားနေရတာတော့ရှိတယ်။

DW ။ အစ်မကိုယ်တိုင်ဆေးမှူးတာဝန်ယူထားရသလို တစ်ဖက်မှာလည်း ရံပုံငွေရရှိရေးကိုယ်တိုင်ပါဝင် အလှူခံတာတွေလုပ်ရတာဆိုတော့ အဲဒီလိုအလှူခံရမှာ ဘယ်လိုအခက်အခဲတွေ‌ကြုံရလဲ။

ဖြေ ။ အဓိကကတော့ ရံပုံငွေကိစ္စပဲပေါ့။ ၂၀၂၁၊ ၂၀၂၂ အထိတော့ ကျွန်မတို့လုံလောက်တဲ့ ပမာဏအထိတော့ရသေးတာပေါ့နော်။ ကုန်ဈေးနှုန်းတွေလည်း အရမ်းမတက်သေးတဲ့အချိန်ကပေါ့။ လမ်းပန်းဆက်သွယ်ရေးကလည်းကောင်းနေသေးတယ်။ ငွေကြေးအားဖြင့် မထောက်ပံ့နိုင်ရင်တောင်မှ ဆေးလိုမျိူးတိုက်ရိုက် အလှူပေးကြတာတွေရှိတယ်။ အခုကျတော့ ကုန်ဈေးနှုန်းတွေတက်လာတယ်။ စစ်ကောင်စီက ရိက္ခာဖြတ်တောက်တာ၊ ဆေးဝါးဖြတ်တောက်တာတွေ လုပ်တာတွေကြောင့်လည်း ရှေ့နှစ်တွေတုန်းက ထောက်ပံ့တာလောက် မထောက်ပံ့နိုင်ဘဲဖြစ်လာကြတယ်။ အဲတော့လုံလောက်တဲ့ ထောက်ပံ့မှုတွေမရတော့ဘဲ ငါးဆယ်ရာခိုင်နှုန်းလောက်ကို ကျဆင်းသွားတယ်။

DW ။ ရေရှည်အတွက် ဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ။

ဖြေ ။ ကျွန်မအနေနဲ့ကတော့ ရေရှည်အတွက်မခန့်မှန်းနိုင်သေးဘူး။ ရေတိုအတွက်ပဲ အားထုတ်နေရတာ။ လာမယ့်မိုးရာသီတောင်မှ ဘယ်လိုကျော်ဖြတ်ရမလဲမသိသေးဘူး။ ကျော်ဖြတ်ရတအားခက်ခဲလိမ့်မယ်။ နယ်‌မြေအနေအထားရ ဒီမှာက မိုးတွင်းတို့၊ မိုးဦးတို့ဆိုရင် ဝမ်းပျက်ဝမ်းလျောတို့လို ရောဂါတွေက တအားအဖြစ်များတယ်။ စစ်ရှောင်တွေမှာထက် ရပ်ရွာကပြည်သူတွေမှာကျတော့ ကလေးတွေလည်းများတယ်။ သန့်ရှင်းနေရာမှာ နေရတာလည်းမဟုတ်ဘူး။ ပြီး‌တော့ငှက်ဖျားလည်း အဖြစ်များတဲ့ဒေသဖြစ်တယ်။ ဆိုတော့လာမယ့်မိုး‌တွင်းကတော့ တော်တော်ခက်ခဲလိမ့်မယ်။ ကျွန်မတို့အနေနဲ့ လာမယ့်မိုးတွင်းကို ဘယ်လိုကျော်ဖြတ်မယ်ဆိုတဲ့ ပလန်တော့ရှိတယ်။ ဒါပေမဲ့ အကောင်အထည်တော့ မဖော်ရသေးဘူး။ တိုက်ပွဲတွေကလည်းတောက်လျှောက်ဖြစ်နေတဲ့ အနေအထားတွေရှိနေတဲ့အခါကျတော့ အကောင်အထည်ဖော်လို့ မရသေးဘဲဖြစ်နေတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဆေးဝါးတွေကိစ္စကို ကြိုးစားပြီးလုပ်ဆောင်ရမှာပဲ။ အဲဒီအတွက်ကျွန်မတို့ ပင်ပန်းလိမ့်မယ်။ ပင်ပန်းသည်ဖြစ်စေ၊ မပင်ပန်းသည်ဖြစ်စေ ကျွန်မတို့ ရုန်းကန်းရမှာပါပဲ။ ချုပ်ပြောရရင်တော့ လာမယ့်တစ်နှစ်၊ နှစ်နှစ်အတွက် ဘယ်လိုလုပ်မယ်ဆိုတာထက် တစ်ရာသီပြီးရင် တစ်ရာသီဘယ်လိုဖြတ်သန်းမလဲဆိုပြီးပဲ လက်ရှိသွားနေပါတယ်။

DW ။ ဘာလိုအခက်အခဲတွေကြောင့် ရေရှည်အစီအစဉ်မချမှတ်နိုင်သေးတာလဲ။

ဖြေ ။ ကျွန်မတို့အနေနဲ့ကတော့ ရေတိုအစီအမံနဲ့ပဲသွားနိုင်တဲ့ အနေအထားမှာပဲရှိသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထောက်ပံ့မှုအပိုင်းမလုံလောက်သေးလို့ပါ။ ရေတိုအတွက် ပလန်ဘယ်လိုချသလဲဆို‌တော့ ရောဂါဖြစ်ပွားမှုအခြေအနေ၊ လူနာအခြေအနေကို အမြဲတမ်းလေ့လာပြီးတော့ ကိုယ့်မှာရှိတဲ့ငွေကြေးနဲ့ ပြန်ပြီးတော့ချိန်ဆရတယ်။ အဲဒါကြောင့် ကျွန်မတို့မှာ ရေရှည်မစဉ်းစားနိုင်သေးတာ။ ရေတိုကိုပဲသွားနေရတဲ့အပိုင်းဖြစ်နေတယ်။ နောက်တစ်ခုက အရင်က အဆက်ဆက်တာဝန်ယူလာတဲ့ သူတွေနဲ့လည်းဆိုင်တယ်။ အလှူငွေတွေ လုံလုံလောက်လောက် ဝင်နေတဲ့အချိန်တုန်းက သုံးသင့်တဲ့နေရာမှာမသုံးဘဲ မသုံးသင့်တဲ့နေရာတွေမှာ သုံးလိုက်တာတွေပါတယ်။ အခု ၂၀၂၃ နှစ်ကုန်ခါနီးလောက်မှ ကျွန်မတို့လူငယ်တွေစပြီး တာဝန်လွှဲယူလိုက်တော ပြန်ပြီးပုံဖော်နေရာတဲ့အခါကျတော့ ရေရှည်အတွက်ပလန်‌တွေ မချနိုင်သေးတာလည်းပါတယ်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ဆေးဝါးအတွက် လိုအပ်တဲ့ရံပုံငွေတွေရအောင်၊ အရေးကြီးတဲ့ဆေးဝါးတွေရအောင် အတတ်နိုင်ဆုံး အကောင်းဆုံးကျိူးစားနေတာတော့ရှိတယ်။ ဆေးပဒေသာပင်ပုံစံမျိုးနဲ့ ရံပုံငွေရှာဖို့တို့၊ ဒေသခံပြည်သူတွေကို ဆေးကုသပေးဖို့အတွက် ဒေသခံတွေဆီကပြန်ပြီး တတ်နိုင်သလောက် အကူအညီပေးကြဖို့ လုပ်ဆောင်တာမျိုးတွေလုပ်နေတာရှိတယ်။ အဲဒီမှာဝိုင်းဝန်းပြီး ပါဝင်ပေးကြဖို့ပြောချင်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။