မြေမြှုပ်မိုင်းနင်းမိ၍ ကော့ကရိတ်တွင် အမျိုးသမီးတစ်ဦး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရ

0
1093

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ ကော့ဝါလဲကျေးရွာတွင် မြေမြှုပ်မိုင်းနင်းမိသဖြင့် အမျိုးသမီးတစ်ဦး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

အသက် ၆၀ အရွယ် ဒေါ်ရင်ရွှေမှာ ဇန်နဝါရီ ၂၄ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်က ကော့ကျိုက် ဘုန်းကြီးကျောင်းသို့ ဆွမ်းသွားကပ်ပြီးအပြန် ကော့ဝါလဲကျေးရွာအနီးတွင် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

“ရွာရဲ့ ကွင်းပတ်လမ်းမှာဖြစ်တာ၊ အရင်ကလည်း ဒီလိုပဲ သွားလာကြတာ၊ ဒေါ်ရင်ရွှေကတော့ ခြေထောက်တစ်ဖက် ပြတ်သွားတယ်။ အဲဒီလမ်းကို ဘယ်သူမှ မသွားရဲကြတော့ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းနင်းမိသည့် ဒေါ်ရင်ရွှေကို ကျုံဒိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကော့ဝါလဲကျေးရွာမှာ စစ်ကောင်စီတပ်အပြင် ကရင်အမျိုး သားအစည်းအရုံး KNU နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့များလည်း မကြာခဏ စစ်ရေးလှုပ်ရှားသည့် ဒေသဖြစ်သည်။

ယင်းဒေသတွင် မြေမြှုပ်မိုင်း ထောင်ထားကြောင်း ဒေသခံများကို အသိပေးထားခြင်း မရှိသလို မည်သည့်အဖွဲ့က မိုင်းထောင်ထားသည် ဆိုခြင်းကိုလည်း မသိရှိကြသေးပေ။

မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည့် ကော့ဝါလဲကျေးရွာအနီးပတ်ဝန်းကျင်ကို ဒေသခံများ မသွားရဲကြတော့ကြောင်း သိရသည်။