စစ်ကောင်စီတပ်၏လက်နက်ကြီးကြောင့် ကျိုက်ထိုတွင် အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး

0
1080
ပုံစာ - ကျေးရွာအတွင်း ကျရောက်ခဲ့သည့် လက်နက်ကြီးစ တစ်ခုကို တွေ့မြင်ရစဉ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ကျည်စထိမှန်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ပဲခူးတိုင်း၊ ဝေါမြို့နယ် အညာစုကျေးရွာ ဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က စစ်တောင်းမြစ်တစ်ဖက်ကမ်းမှနေ၍ ကျိုက်ထိုမြို့နယ်အတွင်းလက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များမှာ ကျိုက်ထိုမြို့နယ် ချောင်းဝနှင့် ဝင်းကံကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဝင်းကံကျေးရွာနေ အသက် ၂၀ အရွယ် မသဲစုလင်းမှာ တင်ပါးနှင့်နောက်ကျောတွင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သလို ချောင်းဝကျေးရွာရှိ နေအိမ် ၂ လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံများကဆိုသည်။

လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့သည့် မသဲစုလင်းကိုမူ သိမ်ဇရပ်တိုက်နယ်ဆေးရုံထံ ပို့ဆောင် ကုသပေးထားပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့မရဲစခန်းမှ လက်နက် ကြီး ပစ်ခတ်မှုကြောင့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။