စစ်ကောင်စီလက်ထက် အားကိုးရာမဲ့နေသည့် MoU လုပ်သားများ

0
403

ဗိုက်ခွဲပြီး ကလေးမွေးထားသည်မှာ လပိုင်းသာရှိသေးသည့် မသူဇာတစ်ယောက် အုန်းပင်တက်သည့်အလုပ်ကို ခက်ခက်ခဲခဲ လုပ်ကိုင်နေရသည်။

ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ရှိ အုန်းတောအတွင်း အသက် ၂၈နှစ်အရွယ် မသူဇာက အမျိုးသားများပင် လုပ်ကိုင်ရခက်ခဲသည့် အလုပ်ကို လုပ်နေရသည်။ အုန်းရည်ခံထားသည့် ခွက်များကို တက်ယူနေရခြင်းဖြစ်သည်။

သူမအဖို့ မကျွမ်းကျင်သည့် အလုပ်ကို လုပ်နေရသဖြင့် အဆင်ချောနေသည်တော့ မဟုတ်ပေ။ အုန်းပင်ပေါ်မှ အောက်ကို အမြဲတမ်း ချော်ကျလေ့ရှိပြီး အမျိုးသမီးတစ်ဦး မပြောအပ်သည့်နေရာတွင် အမြဲတမ်းဒဏ်ရာရလေ့ရှိသည်။

မွေးရပ်တွင် ကျန်ရစ်ခဲ့သည့် ၇ လအရွယ်သမီးနှင့် ကျန်းမာရေးမကောင်းသည့် ခင်ပွန်းသည်တို့ကို ထောက်ပံ့နိုင်ရန် MoU စနစ် ဟု လူသိများသည့် ထိုင်းနိုင်ငံသို့ တရားဝင်နည်းလမ်းဖြင့် လာရောက်လုပ်ကိုင်သော်လည်း စာချုပ်ပါအလုပ်အတိုင်း မလုပ်ရဘဲ အခက်အခဲများစွာ ကြုံနေရခြင်း ဖြစ်သည်။

နှစ်နိုင်ငံအစိုးရနားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် မြန်မာပြည်ပအလုပ်အကိုင်အေဂျင်စီတို့က မြန်မာအလုပ်သမားများကို ပို့ဆောင်ကြသည်။ အရပ်သားအစိုးရလက်ထက်ကတည်းက ဝန်ဆောင်ခပိုကောက်ခြင်း၊ အလုပ်မမှန်ခြင်း၊ အခွင့်အရေး ချိုးဖောက်ခံရခြင်း စသဖြင့် အဆင်မပြေမှု များစွာကြုံရသဖြင့် ဝေဖန်မှုများစွာရှိခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပိုမိုအခြေအနေဆိုးလာကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတို့က ပြောသည်။ စာချုပ်ပါအလုပ်နေရာအတိုင်း မလုပ်ရသည့်အပြင် အလုပ်လက်မဲ့ဖြစ်ခြင်း၊ ရောင်းစားခံရခြင်း၊ လုပ်အားခ မရခြင်း စသဖြင့် အခက်အခဲဒုက္ခများစွာကြုံနေကြရချိန် မြန်မာသံရုံးဘက်က ဖြေရှင်းမှုအားနည်းသွားသဖြင့် MoU ဒုက္ခတွင်းက နက်သထက် နက်သွားသည်။

တရားမဝင်သွားလျှင် ဖမ်းဆီးခံရနိုင်ခြင်း၊ မတော်တဆ အသက်ဆုံးပါးနိုင်ခြင်း၊ အလုပ်ရှာရ မလွယ်ကူခြင်း၊ နေထိုင်သွား လာရန် မလွယ်ကူခြင်း စသည်တို့ကြောင့် ငွေကျပ် သိန်းဆယ်ချီ အကုန်ကျခံ၊ အချိန်လနှင့်ချီစောင့်ဆိုင်းကာ တရားဝင် MoU နည်းလမ်းဖြင့် လာကြသော်လည်း မျှော်လင့်ထားသလို ဖြစ်မလာဘဲ အတိဒုက္ခရောက်သူများစွာရှိနေသည်။

မသူဇာဆိုလျှင် သမီးနှင့် ခင်ပွန်းကို ထောက်ပံ့နိုင်ရန် လသားအရွယ်ကလေးကို ထားရစ်ပြီး ထိုင်းသို့ ထွက်လာရသူဖြစ်သည်။

MoU အတွက် စာချုပ်ချုပ်စဉ်က မသူဇာနှင့် နောက်ထပ်အမျိုးသမီးလေးဦးအပါအဝင် မြန်မာအလုပ်သမား ၁၉ ဦး မှာ ရတ်ချ်ဘူရီခရိုင်ရှိ အုန်းသီးပါကင်ပိတ်စက်ရုံတွင် လုပ်ကိုင်ရမည်ဟု ချုပ်ဆိုပြီးမှ လာခဲ့ခြင်းဖြစ်သည်။

မြန်မာအေဂျင်စီ Gold Silver Diamond နှင့် ၂ နှစ်စာချုပ်ဖြင့် ယမန်နှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရောက်လာခဲ့သည်။

ထိုင်းနိုင်ငံသို့ ရောက်ချိန်တွင်မူ စာချုပ်ပါလုပ်ငန်းခွင် မဟုတ်ဘဲ စမွတ်စွန်ခရမ်ခရိုင် မဲခေါင်ဒေသရှိ အုန်းသီးခြံတွင် အုန်းပင် တက်ပြီး အုန်းရည်ခံကာ ထန်းလျက်ချက်သည့် အလုပ်ကို လုပ်ကိုင်ကြရကြောင်း မသူဇာက ဆိုသည်။

“ယောက်ျားလေးတွေက အုန်းပင်တက်ပြီး အုန်းဖူးကိုလှီး၊ မိန်းကလေးတွေက ဘူးချိတ်၊ သူတို့လှီးပြီး တပ်ထားတဲ့ ဘူးကို မိန်းကလေးတွေက တက်ဖြုတ်ရတယ်” ဟု ၎င်းက ပြောသည်။

အလုပ်ကြမ်းတမ်းခြင်း၊ ကျွမ်းကျင်မှု မရှိခြင်းတို့ကြောင့် သူမ၏ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များက အမြဲမပြတ်ရှိနေသည်။

“(အပင်ပေါ်) တက်ထားတာများတော့ မောင်းတက် (လှေကား) အောက်ကိုစိုက်ပြီး ချော်လဲထားတဲ့ မောင်းတက်တွေလည်း ရှိ တယ်။ အဲဒီလိုဟာတွေ ထိုးမိတယ်။ သမီးတို့ရဲ့ မမြင်ရတဲ့‌နေရာတွေပေါ့နော်။ သူများကို လှန်ပြလို့လည်း အဆင်မပြေ။ ငါဘယ်နေရာမှာ ဘာဖြစ်နေတယ်ဆိုတာမျိုးကိုလည်း ပြောလို့ကလည်း အဆင်မပြေတဲ့နေရာတွေပေါ့နော်” ဟု မသူဇာက ပြောပြသည်။

ထို့သို့ ပင်ပန်းကြမ်းတမ်းသည့်အလုပ်ကို လုပ်နေရသော်လည်း မသူဇာတို့ အလုပ်သမားတစ်စု နားရက်လည်း မရကြပေ။
ယင်းအပြင် အိမ်တွင်ကျန်ခဲ့သည့် သမီးနှင့် ခင်ပွန်းသည်ကို ထောက်ပံ့နိုင်ရန် ရသည့်လုပ်အားခကို ခြစ်ချုပ်စုဆောင်းနေရ ကြောင်း ၎င်းက ဆိုသည်။

မသူဇာကဲ့သို့ပင် ထိုင်းသို့ MoU စနစ်ဖြင့် တရားဝင်လာပြီးမှ မှန်းချက်နှင့် နှမ်းထွက် မကိုက်သူများက ထောင်ချီရှိနေသည်။

စစ်ကိုင်းတိုင်းက အသက် ၂၀ အရွယ် ကိုကြီး (အမည်လွှဲ) သည်လည်း နေထိုင်ရာပတ်ဝန်းကျင်တွင် ထိုင်းရောက် သူငယ်ချင်း များက မိသားစုများကို ထောက်ပံ့နေသည်ကိုမြင်ပြီး အားကျသဖြင့် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရန် ဆုံးဖြတ်ခဲ့သည်။

ယင်းကြောင့် တရားဝင် လုပ်ကိုင်နိုင်ရန် ပွဲစားကတစ်ဆင့် အလုပ်သမားအေဂျင်စီနှင့် ချိတ်ဆက်ကာ MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ ရောက်လာခဲ့သည်။

“အဆင်ပြေမယ်ထင်ပြီးတော့ ထိုင်းဘက်ကို လာပြီးတော့ အလုပ်လုပ်တာပေါ့။ အဓိကကတော့ အိမ်ကို ထောက်ပံ့ချင်လို့ လာလုပ်တာပေါ့” ဟု ကိုကြီးက ပြောသည်။

ထို့အတွက် ကိုကြီးက ထိုင်းသို့ပို့ဆောင်သည့် အေဂျင်စီကို ငွေကျပ် ၁၉ သိန်းခွဲပေးလိုက်ရပြီး အချိန်ကလည်း လေးလအကြာ စောင့်ဆိုင်းလိုက်ရသည်။ ထိုင်းနိုင်ငံရောက်လာချိန်တွင်မူ ကိုကြီးမျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။

ကိုကြီးအပါအဝင် မြန်မာအလုပ်သမား ၁၃ ဦးကို “ပြည့်ပိုင်မှူး” ဆိုသည့် မြန်မာအေဂျင်စီက ထိုင်းနိုင်ငံ စမူပကန်ခရိုင်ရှိ ထိုင်းကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်ရန် ၂ နှစ် စာချုပ်ချုပ်ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လက စေလွှတ်ခဲ့သည်။

ထိုင်းသို့ရောက်လာချိန်တွင်မူ စာချုပ်ပါဒေသရှိ ကုမ္ပဏီတွင် မလုပ်ရတော့ဘဲ နေရာပေါင်းများစွာ အလုပ်ပေါင်း များစွာကို ပြောင်းရွှေ့ခဲ့ရကြောင်း ကိုကြီးက ဖွင့်ဟသည်။

ပကျင်ဘူရီတွင် ရက် ၂၀ နှင့် အယုဒ္ဓယတွင် ၂ ရက်သာ လုပ်ရပြီး စူဖန်ဘူရီရှိ ငါးကန်တွင် အလုပ်မလုပ်ရဘဲ တစ်လခန့်ကြာ သည်အထိ အေဂျင်စီက နေထိုင်စေခဲ့ပြန်သည်။

စက်တင်ဘာလတွင် ထိုင်းတောင်ပိုင်းရှိ ဖူးခက်မြို့ကို နောက်ဆုံးရောက်ရှိခဲ့သော်လည်း အလုပ်ပုံမှန် မဆင်းရသလို လုပ်အားခလည်း မရကြောင်း ကိုကြီးက ပြောဆိုသည်။

“သူတို့ကို (အေဂျင်စီ) အဆင်မပြေဘူးလို့ အရင်တည်းက ပြောတယ်။ အလုပ်လည်း မလုပ်ရဘူး။ ဘာလစာမှလည်းမရဘူး။ ဒီအတိုင်း ကိုယ့်ပိုက်ဆံနဲ့ကို ထိုင်စားနေရတယ်။ ဒါကို သူတို့က ဟိုရွှေ့ဒီရွှေ့နဲ့ ဘာမှမလုပ်ပေးဘူး” ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခပြင်းထန်လာခြင်းနှင့်အတူ အထွေထွေအကျပ်အတည်းဖြင့် ရင်ဆိုင်လာရသည့်အတွက် မြန်မာနိုင်ငံသားအများအပြားမှာ အိမ်နီးချင်းထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းသူများပြားလာသည်။

ထိုသို့ လာရောက်ချိန်တွင် MoU ကဲ့သို့ တရားဝင်လမ်းကြောင်းကရော၊ အောက်လမ်းဟုခေါ်သည့် တရားမဝင် လမ်းကြောင်း ကပါ ဝင်ရောက်လာကြပြီး ကုန်ကျစရိတ်အနေဖြင့် ပျမ်းမျှကျပ် သိန်း ၂၀ မှ သိန်း ၃၀ ကျော်အထိကုန်ကျကြသည်။

ယင်းသို့ ကုန်ကျစရိတ်များပြားသော်လည်း ထိုင်းနိုင်ငံအတွင်းသို့ မြန်မာအလုပ်သမား ဝင်ရောက်မှုက သိန်းချီအထိ များပြားလာခဲ့သည်။

အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိစာရင်းအရ ထိုင်းတွင် တရားဝင် မြန်မာအလုပ်သမား ၁ ဒသမ ၆ သန်း ကျော်ရှိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကြာလာချိန် ၂၀၂၃ ခုနှစ် မတ်လတွင် ၂ သန်းခန့်အထိ ရှိလာခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

MoU စနစ်ဖြင့်ထိုင်းနိုင်ငံအတွင်း လုပ်ကိုင်နေသူအရေအတွက်မှာ ၃ သိန်းကျော်ရှိလာပြီး တရားဝင်နှင့် တရားမဝင် ပေါင်းလိုက် ပါက မြန်မာအလုပ်သမား ၅ သန်းခန့်အထိ ရှိနိုင်သည်ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ၏ ခန့်မှန်းချက်အရ သိရသည်။

FED မှာ ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲနှင့် ပညာရေးကဏ္ဍတွင် ကူညီပေးနေသည့် အဖွဲ့ဖြစ်သည်။

အာဏာမသိမ်းမီက ကားမောင်းသည့်အလုပ်ဖြင့် မိသားစုကို ရှာဖွေကျွေးမွေးနေသည့် ပဲခူးတိုင်းသား ကိုအောင်လည်း အာဏာသိမ်းပြီးနောက်မှာ တိုက်ပွဲများကြောင့် အလုပ်အဆင်မပြေတော့သဖြင့် ထိုင်းသို့ ထွက်လာခဲ့သည်။

ပိုင်ဆိုင်သည့် လယ်ကွက်ကို ပေါင်နှံပြီး ကျပ်သိန်း ၂၀ကျော် အကုန်အကျခံကာ MoU စနစ်ဖြင့်လာခဲ့ခြင်းဖြစ်သည်။ အလုပ်အဆင်ပြေရန် ထိုင်းသို့ ထွက်လာခဲ့သော်လည်း ထိုင်းရောက်သော် ရောင်းစားခံရသည်။

ကိုအောင် အပါအဝင် အလုပ်သမား ၃၀ ဦးကို တာခ့်ခရိုင်ရှိ Logic ကုမ္ပဏီတွင် လုပ်ရမည်ဟုဆိုကာ ၂ နှစ် စာချုပ်ဖြင့် Shwe Yadanar Phyo အေဂျင်စီက ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် စေလွှတ်ခဲ့သည်။

သို့ရာတွင် ကိုအောင်တို့အုပ်စုကို စာချုပ်ပါလုပ်ငန်းခွင်သို့ မပို့ဘဲ ထိုင်းတောင်ပိုင်း နခွန်စီထမရတ်ခရိုင်ရှိ CSN Environment and Engineering ကုမ္ပဏီတစ်ခုကို ကြားခံပွဲစားတစ်ဦးကတစ်ဆင့် ရောင်းစားသွားသည်ဟု ဆိုသည်။

“MoU နဲ့ လာပြီးတော့ ကြားခံတစ်ဦးက ရောင်းစားသွားတယ်။ ရွှေရတနာဖြိုးကနေ မမာလာဦး (ကြားခံပွဲစား) ဆီ ပို့တယ်။ မမာလာဦးကနေ တစ်ဆင့် CSN ကုမ္ပဏီကို လူတစ်ဦးကို ဘတ်ငါးထောင်နှုန်းနဲ့ ရောင်းစားသွားတယ်” ဟု ၎င်းက ပြောသည်။

CSN ကုမ္ပဏီရောက်ချိန်တွင် ကိုအောင်တို့၏ နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားများကို အလုပ်ရှင်က သိမ်းထားခဲ့သည်။
ထို့အပြင် လုပ်ငန်းခွင်အတွင်း အလုပ်ပုံမှန် မဆင်းရသလို လုပ်အားခလည်း မရကြဘဲ အချိန် တစ်လကျော်အထိ လုပ်ကိုင်ခဲ့ ရကြောင်း ကိုအောင်က ဆိုသည်။

ကိုအောင်တို့အဖွဲ့က ၎င်းတို့၏လုပ်အားခနှင့် နိုင်ငံကူးလက်မှတ်များ ပြန်ပေးရန် တောင်းခံချိန်တွင်မှ ၎င်းတို့ကို ရောင်းစား သွားကြောင်း အလုပ်ရှင်ကပြောဆိုပြီး တစ်ဦးလျှင် ဘတ် ၁၃၀၀၀ စီ ပြန်တောင်းခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအသင်း (WAG) အဖွဲ့ကို တိုင်ကြားခဲ့ရာ ယင်းအဖွဲ့မှတစ်ဆင့် ကိုအောင် တို့ကို ပို့ပေးသည့်မြန်မာအေဂျင်စီကိုဆက်သွယ်ရာ ရောင်းစားခဲ့ခြင်းမဟုတ်ဘဲ နားလည်မှုလွဲခြင်းသာဖြစ်သည်ဟု အလုပ်သမားများကို ဖြေရှင်းချက်ပေးခဲ့သည်။

ထို့နောက် အေဂျင်စီဘက်က အလုပ်သမားများကို အခြားလုပ်ငန်းခွင်တစ်ခုသို့ ထပ်မံချိတ်ဆက်ပို့ဆောင်ပေးချိန်မှ လုပ်ငန်းခွင်အသစ်တွင် လုပ်ကိုင်ခွင့်ရကြောင်း ကိုအောင်က ဆိုသည်။

ကိုအောင်တို့ကဲ့သို့ပင် MoU ဖြင့်လာသည့် အခြားအလုပ်သမားများလည်း စာချုပ်ပါ အခွင့်အရေးချိုးဖောက်ခံနေရသလို အခက်အခဲကြုံတွေ့နေရသူ အများအပြားရှိနေသည်။

Dawei Watch အနေဖြင့် ပြီးခဲ့သည့် ၂၀၂၃နှစ် ဇူလိုင်လမှ နိုဝင်ဘာလအစောပိုင်းအထိ MoU ဖြင့် တရားဝင်လာပြီး ဒုက္ခရောက်နေသည့် အလုပ်သမားအုပ်စု ခုနစ်ခုကို ဆက်သွယ်မေးမြန်းခဲ့ရာမှ သိရခြင်းဖြစ်သည်။

စက်တင်ဘာလ အစောပိုင်းက မြန်မာအေဂျင်စီ Zin Tun Win 999 က စေလွှတ်သည့် အလုပ်သမား ၄၄ ဦးမှာ ဖိချဘွန်ရှိ KTK Construction ကုမ္ပဏီနှင့် လုပ်ကိုင်ရမည်ဟု စာချုပ်ချုပ်ခဲ့သော်လည်း ချင်းမိုင်မြို့ရှိ AKC construction ကို ပို့ဆောင်ခံရပြီး ရက် ၂၀ ကျော်ကြာသည်အထိ အလုပ်မရကြပေ။

Zin Tun Win 999 အေဂျင်စီကမူ အလုပ်သမားများ အလုပ်မရဘဲဖြစ်နေသည်ကို မသိရဟု တုံ့ပြန်ခဲ့သည့်အပြင် အလုပ် သမားများ လုပ်ကိုင်နေသော ကုမ္ပဏီသည် စာချုပ်ပါ ကုမ္ပဏီ၏ လက်ခွဲကုမ္ပဏီပင်ဖြစ်ကြောင်း Dawei Watch သို့ ပြောသည်။

ထို့အပြင် ဇူလိုင်လအတွင်းကလည်း မြန်မာအေဂျင်စီ Actual Tokyo Max က စေလွှတ်ခဲ့သော အလုပ်သမား ၁၇ ဦးသည် ရတ်ချ်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ၁ လကျော်အကြာ လုပ်ကိုင်ခဲ့သော်လည်း လုပ်အားခမရကြသည့်အပြင် မိုးမလုံသည့်နေရာတွင် နေကြရကြောင်း အလုပ်သမားများက ဆိုသည်။

စာချုပ်ပါ ကုမ္ပဏီတွင် လုပ်ခွင့်မရရှိဘဲ အခြားကုမ္ပဏီတွင် လုပ်ခဲ့ရကြောင်း အလုပ်သမားများက ပြောသည်။

Actual Tokyo Max အေဂျင်စီတာဝန်ရှိသူကမူ အလုပ်သတ်မှတ်ရာခိုင်နှုန်းအထိ ပြီးစီးမှသာ အလုပ်ရှင်က လုပ်အားခ ထုတ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယင်းအပြင် စာချုပ်ပါ ဆောက်လုပ်ရေးကုမ္ပဏီမှာ လုပ်ငန်းခွင် ပြီးစီးနေပြီဖြစ်သဖြင့် အလုပ်မရှိသည့် အချိန် အလုပ်သင် သဘောဖြင့် အခြားဆောက်လုပ်ရေးဆိုဒ်တစ်ခုကို ပို့ထားခြင်းသာဖြစ်ကြောင်း အေဂျင်စီတာဝန်ရှိသူက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း MoU စနစ်ဖြင့် လာသည့် အလုပ်သမားများ အခွင့်အရေး ချိုးဖောက်ခံရမှုက ပိုများလာကြောင်း အလုပ်သမားအရေးကူညီပေးနေသည့် အဖွဲ့အစည်းများ၏ တာဝန်ရှိသူများက ပြောသည်။

AAC မဟာမိတ်အဖွဲ့၏ အဆိုအရ စာချုပ်ပါ အခွင့်အရေးချိုးဖောက်ခံရသည့်အတွက် ကူညီပေးခဲ့ရသည့် MoU အလုပ်သမား တစ်ထောင်ကျော်ရှိကြောင်း သိရသည်။ အဆိုပါအလုပ်သမားများကို MoU အကျိုးဆောင်ကုမ္ပဏီ ၅၀ ကျော်က ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

လုပ်အားခမရခြင်း၊ အထောက်အထား စာအုပ်အသိမ်းခံရခြင်းနှင့် အလုပ်ထုတ်ခံရသည့် အမှုပေါင်း ၄၀ ခန့်ကို ဖြေရှင်း ပေးခဲ့ ရပြီး နောက်ထပ်အမှု ၁၀ မှုက အလုပ်သမားများမှာ AAC မဟာမိတ်အဖွဲ့ထံတွင် လက်ရှိအချိန်အထိ ခိုလှုံနေရဆဲဖြစ်သည်။

ယင်းအရေအတွက်သည် ထိုင်းနိုင်ငံ မဟာချိုင်အခြေစိုက် အလုပ်သမားအရေးကူညီဖြေရှင်းပေး နေသည့် AAC မဟာမိတ် အဖွဲ့တစ်ခုတည်း၏ အချက်အလက်သာ ဖြစ်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာစာရင်းအရ ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမားစေလွှတ်နေသော အေဂျင်စီအရေအတွက် ၁၅၀ ကျော်ရှိနေသည်။

ထိုင်းရောက် MoU အလုပ်သမားများမှာ စာချုပ်တွင်ပါရှိသည့် ကုမ္ပဏီတွင် လုပ်ကိုင်ခွင့်မရခြင်း၊ လုပ်အားခမရခြင်းနှင့် အလုပ်မရဘဲ အလုပ်လက်မဲ့ ဖြစ်နေခြင်း စသည့်အခွင့်အရေးချိုးဖောက်ခံရမှုများ ဆက်တိုက်ကြုံတွေ့နေကြရသည်။

ထိုင်းစက်ရုံများတွင် လူ ၂၀ ဦးသာ အလုပ်ခေါ်သော်လည်း အလုပ်သမား ၁၀၀ အထိ ပို့ဆောင်ပေးသည့် အေဂျင်စီများ ရှိနေကြောင်း မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) တာဝန်ခံက ပြောသည်။

အလုပ် လိုအပ်ချက်ထက်ပိုမိုခေါ်ယူထားသည့် အလုပ်သမားများကို စာချုပ်ချုပ်ခဲ့သောကုမ္ပဏီကို မလွှတ်ဘဲ ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့်အချိန်မှသာ အလုပ်ရှာပေးသည့် ပုံစံမျိုးတွေ့နေရကြောင်း ၎င်းက ဆိုသည်။

“ဆောက်လုပ်ရေးတွေမှာက တိတိကျကျမရှိဘူး။ သူတို့က ဘယ်ဆောက်လုပ်ရေးဆိုတာလည်း ချပြထားတာမရှိဘူး။ ဒီရောက် လာပြီဆိုရင် အလုပ်မရှိတဲ့နေရာတွေကို သူတို့တွေက အလုပ်တွေကို urgent (အရေးတကြီး) ဟိုနားထိုးထည့် ဒီနားထိုးထည့်။ နောက်ပြီးရင် အလုပ်သမားတွေက ငွေမရတာ ပတ်စ်ပို့စ်အသိမ်းခံရတဲ့ ကိစ္စတွေ၊ လုပ်အားခ မရှင်းပေးတဲ့ကိစ္စတွေ တွေ့နေရတယ်” ဟု အထက်ပါတာဝန်ခံက ရှင်းပြသည်။

MoU စနစ်ဖြင့်လာသည့် အလုပ်သမားများ၏ စာရွက်စာတမ်းများမှာ ကနဦး စာချုပ်ချုပ်ထားသော ကုမ္ပဏီအတွက်သာ အကျုံးဝင်နေသဖြင့် အလုပ်အဆင်မပြေပါက အလုပ်ပြောင်းရန် မလွယ်ကူသည့် အခက်အခဲကို ကြုံတွေ့နေရသည်။

MoU အလုပ်သမားများအတွက် နောက်ထပ်အခက်အခဲတစ်ခုကိုလည်း ကြုံတွေ့နေရသေးသည်။ MoU ဖြင့် တရားဝင် စာချုပ်ချုပ်ပြီး လာရောက်လုပ်ကိုင်သော်လည်း အချို့စက်ရုံများတွင် ပန်းရောင်ဘတ်ဟု ခေါ်သည့် ယာယီနေထိုင် အလုပ်လုပ်ခွင့် လက်မှတ်ကို အလုပ်ရှင်အချို့က ပြန်လုပ်ခိုင်းနေခြင်းဖြစ်သည်။

အလုပ်သမားအများစု ပန်းရောင်ကတ်ကိုင်ထားသော စက်ရုံများကို MoU အလုပ်သမားများ ရောက်လာပါက အလုပ်သမား အားလုံး တူညီသွားရန် ပန်းရောင်ကတ် ပြောင်းခိုင်းနေခြင်းဖြစ်သည်ဟုဆိုသည်။

ငွေကျပ်သိန်းပေါင်းဆယ်ချီအကုန်အကျခံပြီး ဝင်လာရသည့် MoU အလုပ်သမားများမှာ နောက်ထပ်ငွေကျပ် သိန်းဆယ်ချီ ထပ်မံ အကုန်ခံရပြန်သည်။

မြန်မာအလုပ်သမားများမှာ တရားဝင်အဖြစ်မှ တရားမဝင် အလုပ်သမားဘဝသို့ ပြန်ရောက်သွားကြပြီး ပန်းရောင်ကတ် အတွက် နောက်တစ်ကြိမ် ထပ်မံကုန်ကျခဲ့ကြကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) က အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ဆိုသည်။

“ဘတ်အသစ် (ပန်းရောင်ကတ်) တွေ တင်တယ်ဆိုတဲ့အချိန်မျိုးတွေ တစ်ခါ ထပ်ပြီးတော့ အသစ်မှတ်ပုံတင်ပြန်လုပ် ပွဲစားတွေ နဲ့ တစ်ခါလုပ်။ ထပ်ပြီးတော့ ကုန်ကျစရိတ် အထောက်အထားဖိုးတွေကုန်။ ဒါမျိုးတွေဖြစ်နေတာပေါ့ သံသရာလည်နေတာ” ဟု ၎င်းက ပြောသည်။

ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိကမူ MoU ဖြင့်စေလွှတ်သည့် အလုပ်သမားများ အလုပ်မရခြင်းနှင့် စာချုပ်ပါအလုပ်တွင် မလုပ်ရခြင်းမျိုးမှာ မရှိသလောက်နည်းပါးကြောင်း တုံ့ပြန်ငြင်းဆိုသည်။

MoU ဖြင့် တရားဝင်လာသော အလုပ်သမားများ သက်ဆိုင်ရာလုပ်ငန်းခွင်တွင် အလုပ်မရပါက မြန်မာအေဂျင်စီများနှင့် ချိတ်ဆက်၍ အခြားလုပ်ငန်းခွင်ကို ကူညီပို့ဆောင်နေပြီး အလုပ်မရပါက ဥပဒေပါခံစားခွင့်များအတိုင်း ရရှိရန် ကူညီဆောင်ရွက် ပေးနေသည်ဟု ဆိုသည်။

“အလုပ် မလုပ်ရတာမျိုးက ရှိခဲပါတယ်။ ရှိခဲ့ရင်လည်း အလုပ်သမားတွေ ချိတ်ဆက်တာမျိုး ရှိတယ်။ အဲဒီအချိန် ဖုန်းနဲ့တင် ချိတ်ဆက်ပြီးတော့ ကူညီလို့ အဆင်ပြေတာမျိုးရှိတယ်။ မပြေရင် မြန်မာအေဂျင်စီနဲ့ အလုပ်သမားကို ညှိနှိုင်းခေါ်ပြီးတော့ ရှေ့နေ တွေနဲ့ သံအရာရှိတို့ ပူးပေါင်းဖြေရှင်းပေးတာမျိုးရှိပါတယ်” ဟု သံအရာရှိက ပြောသည်။

MoU ဖြင့် ဝင်လာပြီးမှ အလုပ်မလုပ်ရသည့် ရက်များအတွက် ထိုင်းအလုပ်သမားဥပဒေအတိုင်း လုပ်အားခ၏ ၇၅ ရာခိုင်နှုန်းကို ပြန်လည်ခံစားခွင့် ရရှိစေရန် ဆောင်ရွက်ပေးရသည့်ဖြစ်စဉ် အနည်းငယ်သာရှိကြောင်းလည်း ၎င်းက ဆိုသည်။

သို့သော် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနကမူ ထိုင်းနိုင်ငံတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်သည့် ထိုင်း ကုမ္ပဏီ ၁၂၆ ခု၊ ထိုင်းနိုင်ငံသား ၁၂၅ ဦးနှင့် ထိုင်းအေဂျင်စီ ၂၀ ခုကို အမည်ပျက်စာရင်းသွင်းထားပြီး မြန်မာအေဂျင်စီ ၈ ခုကို ယာယီပိတ်သိမ်းခဲ့သည်။

လုပ်ငန်းခွင် အခက်အခဲများနှင့် အခွင့်အရေးချိုးဖောက်ခံရမှုများကို သံရုံးဘက်က ဖြေရှင်းမှုအားနည်းသည် ဟုဆိုကာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအကြား ဝေဖန်မှု မြင့်တက်နေသည်။

ထိုသို့ သံရုံးဘက်က အကူအညီမပေးသဖြင့် MoU အလုပ်သမားများက လက်လှမ်းမီသည့် အလုပ်သမားအရေး အကူအညီ ပေးနေသော အဖွဲ့အစည်းများကိုသာ အကူအညီတောင်း တိုင်ကြားနေကြသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းပေါင်း ဆယ်ချီရှိရာ တရားဝင်မှတ်ပုံ တင်ထား သည့် အဖွဲ့များရှိသကဲ့သို့ တစ်နိုင်တပိုင် ကူညီပေးနေသော အဖွဲ့များလည်း ရှိသည်။

အလုပ်သမားများ၏ အခက်အခဲကို ထိုအဖွဲ့အစည်းများကတစ်ဆင့် မြန်မာသံရုံးကို အကြောင်းကြားခဲ့ သော်လည်း သံရုံးဘက်က လက်ခံဖြေရှင်းပေးမှုနည်းပါးသဖြင့် ယခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့က သံရုံးရှေ့တွင် အလုပ်သမားများ ဆန္ဒပြသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

လက်ရှိ MoU အလုပ်သမားများကြုံတွေ့နေရသည့် အခွင့်အရေးချိုးဖောက်ခံနေရမှုများမှာ စာချုပ်ချုပ်ခဲ့သည့် ထိုင်းနှင့် မြန်မာအေဂျင်စီများ၊ နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများတွင် အဓိကတာဝန်ရှိကြောင်း FED အလုပ်သမားတာဝန်ခံ ဦးမင်းဦး က ထောက်ပြပါတယ်။

“သူ့ကို လွှတ်တဲ့အေဂျင်စီ။ ဒီဘက်က လက်ခံတဲ့ အလုပ်ရုံတွေ။ နောက်ပြီးတော့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ အနေနဲ့ က တာဝန်ယူရမှာပဲ။ ဒီဘက် အလုပ်သမားအရေးလုပ်တဲ့ အဖွဲ့တွေရှိတယ်ဆိုတာ မှန်သော်ငြားလည်း တာဝန် အဓိက ဘယ်သူ့ မှာ ရှိသလဲဆိုတော့ စပြီးတော့လွှတ်တဲ့ နှစ်ဖက်အေဂျင်စီက ရှင်းနိုင်ရင် ဘာပြသနာမှ မရှိဘူး” ဟု ၎င်းက ပြောသည်။

တစ်ဖက်တွင်လည်း အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းပေးရန် တောင်းဆိုပေးနေသည့် အဖွဲ့ အစည်းများကို အလုပ်သမားအေဂျင်စီအချို့က အသရေဖျက်မှုနှင့် တရားစွဲမည်ဟု ခြိမ်းခြောက်ခံရသည့်ဖြစ်စဉ်များ ရှိနေကြောင်း WAG အဖွဲ့က ကိုမုန်တိုင်းက ပြောသည်။

“သူတို့က ဘယ်လိုတရားစွဲလည်းဆိုတော့ ဒီ MoU ကိုပေါ့။ ကျွန်တော်တို့တွေက လိုင်းတွေပေါ်မှာ တင်တယ်။ ကျွန်တော်တို့ တွေက ဖြေရှင်းပေးတဲ့အဖွဲ့တွေဆိုတာ သူတို့ကုမ္ပဏီကို အသရေဖျက်မှုပေါ့။ ကျွန်တော်တို့ကို တရားစွဲဖို့အထိ သူတို့ဘက်က ပြောလာတာမျိုး ဖြစ်လာတာပေါ့” ဟု ၎င်းက ပြောဆိုသည်။

စားဝတ်နေရေးအတွက် မိသားစုကိုထောက်ပံ့ရန်မျှော်လင့်ချက်ဖြင့် ထိုင်းနိုင်ငံကိုရောက်လာသည့် ကိုကြီးနှင့် ကိုအောင်တို့လို မြန်မာအလုပ်သမားများမှာ စာချုပ်ပါအကျိုးခံစားခွင့်များ ချိုးဖောက်ခံနေရပြီး ရွှေပြည်တော်‌မျှော်တိုင်းဝေးနေဆဲဖြစ်သည်။

သူငယ်ချင်းများက မိသားစုကို ထောက်ပံ့နေသည်ကိုအားကျပြီး ထိုင်းနိုင်ငံကိုရောက်လာသည့် ကိုကြီးကမူ MoU အလုပ်သမား ဘဝကို နောင်တရနေပြီဖြစ်ကြောင်း ညည်းတွားနေသည်။

“အမှန်တိုင်းပြောရင် နောင်တရပါတယ်။ အလုပ်နဲ့ ပက်သက်ရင် တိတိကျကျရေရာတဲ့ အလုပ်လေး ရချင်တာပေါ့။ ပုံမှန် အတိုင်း လုပ်ရဖို့။ အခုလို နားလိုက် လုပ်လိုက် လုပ်နေရတာမျိုး မျှော်လင့်ထားတာ မဟုတ်ဘူးလေ”

အဖမ်းခံရမည်၊ အလုပ် မလုပ်မည်၊ အခွင့်အရေးချိုးဖောက်ခံရမည်တို့ကို စိုးရိမ်သဖြင့် တရားမဝင်လမ်းကြောင်း မရွေးဘဲ တရားဝင် MoU ကို ရွေးခဲ့သူများ “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး” အဖြစ်မျိုးနှင့် ကြုံနေရသည်။

ကန်ချနဘူရီခရိုင်တွင် လုပ်ကိုင်ရန် မြန်မာအေဂျင်စီ ROYEL GOLDEN GATE INT`L. SERVICES က စေလွှတ်လိုက်သည့် အလုပ်သမား ၁၈ဦး နှစ်လကြာအထိ အလုပ်မရသေးပေ။

“အိမ်ကို ပြန်ထောက်ပံ့ပေးရမယ့်အချိန်မှာ အိမ်က ပြန်တောင်းနေရတာ ကြာတော့ အဆင်မပြေတော့ဘူးဗျာ။ ဟိုက ယူလာတဲ့ အကြွေးတွေလည်း ရှိနေသေးတယ်လေ” ဟု အလုပ်သမားတစ်ဦးက ပြောသည်။

မသူဇာတို့နှင့် တစ်သုတ်တည်း ရတ်ချ်ဘူရီခရိုင်ရှိ အုန်းသီးပါကင်ပိတ်စက်ရုံတွင် လုပ်ကိုင်ရန်လာသည့် ကိုနိုင် (အမည်လွှဲ) သည်လည်း အလုပ်အကိုင် ကောင်းမည်၊ အာမခံချက်ရှိမည်ဟုထင်ကာ MoU လမ်းကြောင်းကို ရွေးခဲ့သူဖြစ်သည်။ သို့သော် ထင်ထားသလို မဖြစ်။

“လက်ရှိက အဆင်မပြေဘူး” ဟု ညည်းသည်။

အလုပ်အကိုင်ကောင်း ရှာမရသည့်အပြင် တရားမဝင် လာသူများနှင့် ထူးမခြားနားဟုလည်း ဆိုသည်။ လက်ရှိအလုပ်က အလုပ်ထွက်စာ မရသဖြင့် တခြားအလုပ်ကို တရားဝင် ပြောင်းမရဖြစ်နေသောကြောင့် MoU ဒုက္ခလှလှ တွေ့နေတဲ့အကြောင်း အောက်ပါအတိုင်း ကိုနိုင်က ပြောဆိုသည်။

“အောက်လမ်းက တက်လာတဲ့သူတွေက အတူတူလိုဖြစ်နေပြီလေ။ အလုပ်ကလည်း မရ။ ကျန့်အော် (အလုပ်ထွက်စာ) လည်း မပါ။ တစ်နေရာနဲ့ တစ်နေရာ ကူးစရာ မပါဘူးဆိုတော့ အလုပ်က ဒီအတိုင်း လိုက်လျှောက်လို့မရဘူး။ ဆိုတော့ မသိရင် ကျွန်တော်တို့က ဘာမှမပါတဲ့လူလို ဖြစ်နေတာပေါ့”