ညောင်ပင်ကွင်းတံတားအနီး နှစ်ဖက်ပစ်ခတ်မှုအတွင်း အမျိုးသမီးကြီးတစ်ဦး ကျည်ထိမှန်သေဆုံး

0
1050
ပုံစာ - ညောင်ပင်ကွင်းတံတား (ပုံအဟောင်း) ဓာတ်ပုံ - ညောင်ပင်ကွင်းရွာသူရွာသားများဆုံဆည်းရာ

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ တံတားအနီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း အသက် ၆၀ ဝန်းကျင် အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ရွာသားများက ပြောသည်။

ဇန်နဝါရီလ ၁၉ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ရွာသားတို့က ဆိုသည်။

ကျည်ထိမှန်သေဆုံးသူ ညောင်ပင်ကွင်းတံတားထိပ် (အနောက်ဘက်ကမ်း) တွင် နေထိုင်သည့် ဒေါ်အေးဆိုသူဖြစ်ပြီး နေအိမ်အနီးတွင် ကျည်ထိမှန်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။

“ညနေ ၃ နာရီခွဲလောက် လက်နက်ငယ်အသံတွေ စကြားရတယ်ရှင့်။ ဒေါ်အေးက ပုန်းနေသေးတယ်။ သေနတ်သံ ခဏစဲလို့ အပြင်ထွက်ပြီး အမှိုက်ထွက်သိမ်းတဲ့အချိန် သေနတ်ကျည်ထိသွားတယ်။ နှစ်ဖက်ပစ်နေကြတာဆိုတော့ ဘယ်ဘက်ကလာတဲ့ ကျည်ဆန်မှန်းတော့ မသိဘူး” ဟု ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဒေါ်အေး၏ ရုပ်အလောင်းကို ဇန်နဝါရီလ ၁၉ရက်တွင် ညောင်ပင်ကွင်းရွာအရှေ့ဘက်ကမ်းတွင် သင်္ဂြိုဟ်ခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

“လက်နက်ကြီးသံ ဒီနေ့ (မွန်းလွဲ) ၂နာရီလောက်အထိ ကြားနေရသေးတယ်။ လက်နက်ငယ်သံတော့ မကြားရတော့ဘူး” ဟု ညောင်ပင်ကွင်းအနောက်ဘက်ကမ်းရွာသားတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၁၉ ရက်ကစ၍ ညောင်ပင်ကွင်းအုပ်စုတွင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေပြီး ဇန်နဝါရီလ ၂၁ ရက် ညနေပိုင်းတွင် MPT ဖုန်းလိုင်းပြန်ရနေပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ညောင်ပင်ကွင်းအုပ်စုတွင် ဇန်နဝါရီလ ၁၅ ရက်ကလည်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦး လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရ ခဲ့သေးသည်။

ဇန်နဝါရီလ ၁၅ ရက်ကစ၍ ညောင်ပင်ကွင်းကျေးရွာတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား စစ်ရေးတင်းမာနေပြီး ရွာသားအများစု တိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။