ထိုင်းမှာအလုပ်လုပ်ပြီး အိမ်ကိုပိုက်ဆံပြန်ပို့နိုင်ရဲ့လား

0
1158

တနင်္သာရီတိုင်းသားအများစု သွားရောက်လုပ်ကိုင်လေ့ရှိသည့် ထိုင်းနိုင်ငံသည် တောင်ပိုင်းသားအများစုအတွက် ဒုတိယအိမ်လည်း ဖြစ်သည်။

တောင်ပိုင်းသားအများစုမှာ ယခင်ကတည်းက ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်လေ့ရှိပြီး ငွေကြေးစုဆောင်းကာ မွေးရပ်မြေရှိ မိသားစုကို ပြန်လည်ထောက်ပံ့ကြသည်။

ထိုကြောင့်လည်း မိသားစုဝင်တစ်ဦး ထိုင်း(ရှမ်းကမ်း) တွင်ရှိပါက ကျန်ခဲ့သည့် မိသားစုက မွေးရပ်မြေတွင် တိုက်ဆောက်၊ အိမ်ဆောက်ပြီး အလှူအတန်းကြီးကြီးကျယ်ကျယ် လုပ်လေ့ရှိသည်အထိ ရွှေထီးဆောင်းသောခေတ် ရှိခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုပြင်းထန်လာသည့် ပဋိပက္ခနှင့် စီးပွားရေးကျပ်တည်းမှုများကြောင့် လူငယ်အများအပြားမှာ အစုလိုက်အပြုံလိုက် ရောက်သွားကြသည်။

အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ နှစ်ဆန်းပိုင်းအထိ ၂ နှစ်တာကာလအတွင်း မြန်မာရွေ့ပြောင်းလုပ်သား အနည်းဆုံး ၅ သိန်းကျော်သည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကြကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED)က ခန့်မှန်းထားသည်။

ထိုကြောင့် ထိုင်းနိုင်ငံ၏ လုပ်သားလိုအပ်ချက်ထက် သွားရောက်သည့်အရေအတွက်က ပိုမိုများပြားလာပြီး ထိုင်းရောက် မြန်မာအလုပ်သမားအများအပြားမှာ လုပ်အားခဈေးနှိမ်ခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်း အစရှိသည့် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများ ကြုံတွေ့လာရသည်။

မြန်မာအလုပ်သမားအများစုမှာ ထိုင်းနိုင်ငံအတွင်းရှိ အောက်ခြေသိမ်းအလုပ်များကိုသာ လုပ်ကိုင်နေရသည့်အတွက် ဝင်ငွေနည်းပါးပြီး ငွေကြေးစုဆောင်းရန် မလွယ်ကူသည့် အခင်းအကျင်းဖြစ်နေသည်။

လုပ်ခလစာနည်းပါးသည့်အပြင် လမ်းစရိတ်၊ တရားဝင်အထောက်အထားအတွက် ကုန်ကျစရိတ် အစရှိသည့် ကုန်ကျမှုများလည်း ရှိနေသည်။

တောင်ပိုင်းသားအားလုံးနီးပါးက ထိုင်းနိုင်ငံသို့ တရားဝင်သွားလေ့မရှိဘဲ အောက်လမ်းဟုခေါ်သည့် မှောင်ခိုလမ်းကြောင်းကပင် ဝင်ထွက်သွားလာလေ့ရှိသည်။

ယင်းသို့ တရားမဝင်သွားရောက်ချိန်တွင် လမ်းစရိတ်အဖြစ် ငွေကျပ် ၁၈ သိန်းမှ သိန်း ၂၀ ကျော်အထိ ကုန်ကျလေ့ရှိသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင်လည်း ဘတ်ဟုခေါ်သည့် ယာယီနေထိုင်ခွင့်။ အလုပ်လုပ်ခွင့် အစရှိသည့် စာရွက်စာတမ်းများ ပြုလုပ်ရပြီး အနည်းဆုံး ထိုင်းဘတ်ငွေထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ကုန်ကျလေ့ရှိသည်။

ထိုအခင်းအကျင်းများကြောင့် ထိုင်းရောက်တောင်ပိုင်းသားများက မွေးရပ်မြေရှိ မိသားစုကို မထောက်ပံ့နိုင်တော့ သည့်အပြင် အိမ်ကို ငွေပြန်မှာနေရသူများလည်း ရှိလာသည်။

ယင်းကြောင့် ထိုင်းရောက်တောင်ပိုင်းသားများ၏ အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကြုံတွေ့နေရသည့်အခက်အခဲများကို သိရှိနိုင်ရန် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် တင်ဆက်လိုက်ပါသည်။

“စုဆောင်းမိတာကို ပြစရာဆိုရင်တော့ နောက်ဆုံးပိတ် ဘောက်ချာတွေပဲ ရှိတယ်။ ချလန်တွေလေ”

မဟာချိုင်ရှိ ရွှေ့ပြောင်းကျောင်းဆရာတစ်ဦး

DW ။ ထိုင်းရောက်နေတာ ဘယ်လောက်ကြာပြီလဲ ။ အလုပ်နဲ့ပတ်သက်လို့ လက်ရှိ ဘယ်လိုအလုပ်မျိုး လုပ်နေရလဲ။

ဖြေ ။ ထိုင်းရောက်နေတာက လက်ရှိမှာ ၂ နှစ်လောက်ရှိပါပြီ။ အခုကတော့ ရွှေ့ပြောင်းကျောင်းမှာ volunteer (လုပ်အားပေး) ဆရာလုပ်နေပါတယ်။ အလုပ်အကိုင်အနေနဲ့ပေါ့။

DW ။ တရားဝင် လုပ်ကိုင်နိုင်ဖို့ ဘတ်ဖိုးတွေရော ဘယ်လောက်ထိ ကုန်ကျခဲ့လဲ။ ဒီဘတ်ဖိုးတွေ ကာမိဖို့ရော အချိန်ဘယ်လောက်အထိ အလုပ်လုပ်ခဲ့ရလဲ။

ဖြေ ။ စရောက်ရောက်ချင်းတုန်းကဆိုရင် အပိုတွေ အများကြီးကုန်ကျခဲ့တယ်။ ဘတ်ဖိုးကတော့ ပုံမှန်လုပ်ရိုးလုပ်စဉ်မဟုတ်ဘဲ စပယ်ရှယ် VIP စနစ်နဲ့ တင်လိုက်လို့ ပိုက်ဆံကို ဘတ် ၁၅၀၀၀ ကျော်သွားတယ်။ သူများထက်ပိုပြီးတော့ ပေးပြီးတော့ လုပ်ကိုင်ခဲ့ရတယ်။ ဒါကြောင့် ဒီဘတ်ဖိုးကိုလည်း သူများထက် ပိုပြီးရှာခဲ့ရတယ်။ စက်ရုံတွေမှာတော့ သူ့စက်ရုံက စိုက်ထုတ်ပေးတယ်လေ။ ဒီမှာက ကိုယ့်ဘာသာကိုယ်ရှာ အိမ်ကယူပေါ့။

DW ။ ထိုင်းရောက်ပြီးကတည်းက အိမ်ကို ထောက်ပံ့နိုင်ပြီးပြီလား။

ဖြေ ။ ထိုင်းရောက်ကတည်းက အိမ်ကို ထောက်ပံ့နိုင်ပြီလားဆိုရင်တော့ သေချာ မထောက်ပံ့နိုင်သေးဘူးပဲ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာရှိတဲ့ လစာက မိမိကိုယ် တကိုယ်ရေ (ကိုယ့်တစ်ယောက်စာ) သုံးမိအောင် ကာမိအောင် ရတယ်ဆိုရုံလောက်ပဲ ဖြစ်တယ်။ ကိုယ်စားဖို့ ကိုယ်သုံးဖို့နဲ့ ကျန်တာလေးစုပြီးပဲ ပို့နိုင်တာ။ ဘယ်လောက်ဆိုတာမျိုး တိတိကျကျမဟုတ်ဘူး။

DW ။ ဘတ်ဖိုးကာမိနိုင်ဖို့ ဘယ်လိုတွေ အလုပ်လုပ်ပြီး ရှာဖွေစုဆောင်းခဲ့ကြရလဲ။

ဖြေ ။ ဘတ်ဖိုးတွေကာမိအောင်ဆိုရင် အသုံးစရိတ်တွေက လျှော့သုံးရတယ်။ ဘာမှကို ဝယ်နိုင်တယ်ဆိုတာမရှိဘူး။ စုဆောင်းမိတယ်ကို မရှိဘူး။ စုဆောင်းမိတာကို ပြစရာဆိုရင်တော့ နောက်ဆုံးပိတ် ဘောက်ချာတွေပဲ ရှိတယ်။ ချလန်တွေလေ။

DW ။ မြန်မာနိုင်ငံမှာနေပြီး အလုပ်လုပ်တာနဲ့ ထိုင်းရောက်မှ အလုပ်လုပ်ရတာ ဘယ်ဟာက ပိုပြီး ခက်ခဲလဲ။ ဘာကြောင့်လဲ။

ဖြေ ။ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်အခြေအနေတွေနဲ့ နေနေခဲ့ရတာလေ။ ဒီရောက်တော့ ပိုခက်ခဲကြတာပေါ့။ ဘာသာစကားအခက်အခဲက နံပါတ်တစ်ပဲ။ သူတို့ (ထိုင်း) တွေနဲ့အတူ ရင်ဘောင်တန်းပြီးတော့ အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့ဆိုတာက ကိုယ့်မှာ ဘယ်လောက် အရည်အချင်းပဲရှိရှိ သူတို့နဲ့ လက်တွဲပြီး အလုပ်လုပ်ဖို့ဆိုရင် ဘာသာစကားအခက်အခဲက ရှိလာပြီ။ သူတို့လူမျိုးတွေနဲ့ တွဲလုပ်ဖို့က ဘာသာစကား ကျွမ်းကျွမ်းကျင်ကျင် တတ်ဖို့လို့တယ်။ နောက်တစ်ခုက တရားဝင် အလုပ်လုပ်ဖို့ စာရွက်စာတမ်းတွေ လိုတယ်လေ။ ဒါတွေနဲ့ တိုင်ပတ်တော့ ပိုခက်ခဲတယ်ပြောရမယ်။

DW ။ အခြားဖြည့်စွက်ပြောချင်တာရှိလား။

ဖြေ ။ ထွေထွေထူးထူးတော့မရှိပါဘူး။ ဒီရောက်လာတဲ့လူတွေ အိမ်ကိုများများ ထောက်ပံ့နိုင်ကြပါစေ။ အိမ်အပြန်လမ်း မြန်မြန်တွေ့နိုင်ကြပါစေပေါ့။

“ဘတ်ဖိုးကို အိမ်ကပြန်တောင်းမှရတယ်။ နောက်တော့ ဖြည်းဖြည်းပြန်ဆပ်ပေါ့။ အိမ်က အရင်ထောက်ပံ့ရတာပေါ့”

မဟာချိုင်ရှိ စက်ရုံအလုပ်သမားတစ်ဦး

DW ။ ထိုင်းရောက်နေတာ ဘယ်လောက်ကြာပြီလဲ ။ အလုပ်နဲ့ ပတ်သက်လို့ လက်ရှိ ဘယ်လိုအလုပ်မျိုး လုပ်နေရလဲ။

ဖြေ ။ ထိုင်းရောက်တာက ၂နှစ် ကျော်ကျော်လေးရှိနေပြီ။ အလုပ်ကတော့ မဟာချိုင် ထိုင်းယူနစ်က လုံငန် စက်ရုံထဲမှာပေါ့။ လုံငန်ထဲက ငါးခြစ်ခန်းထဲမှာ စာရေးလုပ်နေတာပါ။

DW ။ တရားဝင် လုပ်ကိုင်နိုင်ဖို့ ဘတ်ဖိုးတွေကော ဘယ်လောက်ထိ ကုန်ကျခဲ့လဲ။ ဒီဘတ်ဖိုးတွေ ကာမိဖို့ရော အချိန်ဘယ်လောက်အထိ အလုပ်လုပ်ရမှာလဲ။

ဖြေ ။ ဘတ်ရိုက်တုန်းက ဘတ် ၁၅၀၀၀ ပေးရတယ်။ နောက်ပိုင်းမှ စက်ရုံဘက်က လုပ်ပေးတော့ အရမ်းမကုန်တော့ဘူး။ စစချင်းတော့ ၃လလောက် လုပ်ပြီးတော့ ဘတ်ဖိုးရအောင် လုပ်ခဲ့ရတယ်။ ရုန်းကန်ခဲ့ရတယ်။

DW ။ ထိုင်းရောက်ပြီးကတည်းက အိမ်ကို ထောက်ပံ့နိုင်ပြီးပြီလား။

ဖြေ ။ အိမ်ကိုက အကြွေးတွေဆပ်ပြီးတာနဲ့ ပေးနိုင်သွားပြီ။ အိမ်ကတောင်းရင် ပေးတယ်။ နိုင်သလောက်ပေါ့။ အများကြီးတော့ မဟုတ်ပါဘူး။ တစ်လ နှစ်ထောင် သုံးထောင်(ငွေကျပ်နှစ်သိန်းခွဲခန့်) လောက်ပဲ။ အကုန်လုံးဆို ဘယ်လောက်ပို့ပြီးပြီလဲဆိုတာ မမှတ်မိတော့ဘူး။

DW ။ ဘတ်ဖိုးကာမိနိုင်ဖို့ ဘယ်လိုတွေ အလုပ်လုပ်ပြီး ရှာဖွေစုဆောင်းခဲ့ကြရလဲ။

ဖြေ ။ အလုပ်မရှိသေးတဲ့အချိန် အလုပ်ရဖို့ဆို ဘတ် အရင်ရိုက်ရတယ်။ အလုပ်မရှိဘူးဆိုတော့ ဘတ်ဖိုးကို အိမ်ကပြန်တောင်းမှ ရတယ်။ နောက်တော့ ဖြည်းဖြည်းပြန်ဆပ်ပေါ့။ အိမ်က အရင်ထောက်ပံ့ရတာပေါ့။ နောက်မှသာ ကိုယ်က နိုင်သလောက်လေး ပြန်ပေးရတာပဲ။

DW ။ မြန်မာနိုင်ငံမှာနေပြီး အလုပ်လုပ်တာနဲ့ ထိုင်းရောက်မှ အလုပ်လုပ်ရတာ ဘယ်ဟာက ပိုပြီး ခက်ခဲသလဲ။ ဘာကြောင့်လဲ။

ဖြေ ။ မြန်မာမှာတုန်းက ကိုယ့်ဝါသနာပါတာလေးဖြစ်တဲ့ အလုပ်လေးတွေ စက်ချုပ်တာဘာညာဆိုတော့ အေးဆေး အဆင်ပြေတာပေါ့။ ဒီမှာက သူများနိုင်ငံဆိုတော့ သူများပြောသလို သူများခိုင်းသလိုလုပ်ရတော့ ထိုင်းမှာကပိုခက်ခဲတယ်လို့ပဲ မြင်ပါတယ်။

DW ။ အခြားဖြည့်စွက်ပြောချင်တာရှိလား။

ဖြေ ။ အိမ်ကိုထောက်ပံ့ဖို့ဆိုတာထက် မလုံခြုံတော့လို့ ပြေးလာရင်း အလုပ်လုပ်ရတာဆိုတော့ တော်လှန်ရေးပြီးတာနဲ့ အိမ်ပြန်ဖို့ပဲ တွေးနေပါတယ်။ဒီရောက်လို့ အဆင်ပြေဖို့က အနည်းဆုံး တစ်နှစ်လောက်အထိ အခြေကျဖို့လိုတယ်လေ။ မလာမဖြစ် လာရမယ့် သူတွေကိုတော့ ဒီလိုရုန်းကန်ရတာလေး ကြိုတွေးပြီးမှ လာစေချင်ပါတယ်။

“ဘန်ကောက်ရဲ့လမ်းတွေမှာ ကျွန်မ ဘယ်နှစ်ကြိမ်ငိုခဲ့ရလဲ မမှတ်မိတော့ဘူး။ ချောင်းတွေ့ရင် သေဖို့တွေးခဲ့တာလည်း အကြိမ်ရေများလို့ မမှတ်မိတော့ဘူး”

အသက် ၃၂ နှစ်အရွယ် ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦး၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

DW ။ ထိုင်းရောက်နေတာ ဘယ်လောက်ကြာပြီလဲ။ အလုပ်နဲ့ပက်သက်လို့ လက်ရှိဘယ်လိုအလုပ်မျိုးလုပ်နေရလဲ။

ဖြေ ။ ဒီရောက်တာ ၁ နှစ်နဲ့ ၅ လရှိပါပြီ။ ဒီရောက်ပြီး ၂ လကြာတော့ စတေကာရုံမှာ တစ်နေ့(ဘတ်) ၃၅၀ နဲ့ အလုပ်ရ တယ်။ ပွဲစားခ ၂၀၀၀ ပေးရတယ်။ အလုပ်စခေါ်တုန်းကတော့ ဘတ်မရှိလည်းရတယ်ဆိုပြီး ခေါ်တယ်။ အလုပ်ရပြီး ၂ လကြာတော့ ဘတ်မရှိလို့ စာရွက်စာတမ်းမစုံလို့ဆိုပြီး အကြောင်းပြတယ်။ ပွဲစားနဲ့သူဌေးက ကျွန်မတို့ကို အလုပ်ထုတ် လိုက်တယ်။ ပြီး‌တော့ လူသစ်တွေထပ်ခေါ်တယ်။ လူသစ်ထပ်ခေါ်တော့ သူ(ပွဲစားခ)ပိုက်ဆံထပ်ရတာပေါ့။ အဲဒီကထွက်ပြီး ၈ လလောက်ကြာတယ်။ ကျွန်မအလုပ်မရှိဘူး အလုပ်ထပ်ရှာတယ်။ ကျွန်မနေတဲ့ နေရာတခွင်မှာ ကျွန်မခြေရာတွေချည်းပဲ။ ဘတ်မရှိ၊ စာရွက်စာတမ်းအပြည့်အစုံမရှိတော့ အလုပ်ရှာရတာအရမ်းခက်ခဲတယ်။ ကျွန်မလာတုန်းက ဘတ်တွေလုပ်ရတာအရမ်းခက်ခဲတယ်၊ အသိမရှိတာလည်းပါတယ်။ စတေကာရုံကထွက်ပြီး ၈ လလောက်အကြာမှာ ပွဲစားအဆက်အသွယ်နဲ့ပဲ အလုပ်ထပ်ရတယ်။ အခုက ကြေးရုံမှာလုပ်နေတာပါ။ တနေ့ကို ၃၅၃ ဘတ်နဲ့။

DW ။ တရားဝင်လုပ်ကိုင်နိုင်ဖို့ ဘတ်(ပန်းရောင်ကတ်)ဖိုးတွေရော ဘယ်လောက်ထိ ကုန်ကျခဲ့လဲ။ ဒီဘတ်ဖိုးတွေကာမိဖို့ရော အချိန်ဘယ်လောက်အထိ အလုပ်လုပ်ရမှာလဲ။

ဖြေ ။ ဘတ်စလုပ်တာ ၁၂၀၀၀ ကုန်တယ်၊ နောက်ပြီး စာရွက်စာတမ်းကြေးတွေ၊ ဝါ့ပါမစ်ထပ်လုပ်လို့ကုန်ကျစရိတ်တွေ၊ စားစရိတ်တွေနဲ့အကြွေးတွေတင်ပါတယ်။

DW ။ ထိုင်းရောက်ပြီးတည်းက အိမ်ကိုထောက်ပံ့နိုင်ပြီလား။ ဘယ်လောက်အထိထောက်ပံ့နိုင်ပြီလဲ။ တစ်လဘယ်လောက်ရှိနိုင်လဲပေါ့။ ဒီလို အိမ်ကိုထောက်ပံ့နိုင်ဖို့ သို့ ဘတ်ဖိုးကာမိနိုင်ဖို့ ဘယ်လိုတွေအလုပ်လုပ်ပြီးရှာဖွေစုဆောင်းခဲ့ကြရလဲ။

ဖြေ ။ စာရွက်စာတမ်းတင်တာတွေ၊ လက်မ(ဗွေ)နှိပ်တာတွေ၊ ဝါ့စ်ပါမစ်စောင့်ရတာတွေအတွက် အများကြီးပဲထပ်ကုန်တယ်။ အလုပ်မရှိတုန်းက စားထားတဲ့အကြွေးတွေ၊ စာရွက်စာတမ်းလုပ်ထားတဲ့အကြွေးတွေ၊ မောင်လေးက နိုင်ငံရေးနဲ့ ထောင်ထဲရောက်နေတော့ ထောင်ထဲကို (ငွေ)ချေးပြီးပို့ထားတဲ့အကြွေးတွေနဲ့ အိမ်ကို ပိုက်ဆံပြန်မှာရတာရှိပါတယ်။ မိဘတွေမရှိတော့ဘူးဆိုတော့ အမေဘက်က အမျိုးတွေဆီက ပြန်မှာရတာရှိပါတယ်။ အမေ့အမျိုးအဒေါ်တွေဆီမှာ ပြန်ပြီးလှမ်းချေးရတာပါ။ အလုပ်မရခင် ၈ လအတွင်းမှာ အဲ့ဒီအကြွေးတွေကြောင့် အဒေါ်ဆီက ၁၀ သိန်းတစ်ခါ၊ ၁၅ သိန်းတစ်ခါ ပြန်ပို့ခိုင်းရတာရှိပါတယ်။

DW ။ မြန်မာနိုင်ငံမှာနေပြီး အလုပ်လုပ်ရတာနဲ့ ထိုင်းရောက်မှ အလုပ်လုပ်ရတာ ဘယ်ဟာက ပိုပြီးခက်ခဲသလဲ။ ဘာကြောင့်လဲ။

ဖြေ ။ သူများတွေတော့ မသိဘူး။ ကျွန်မအတွက်တော့ တော်တော်ခက်ခဲတယ်။ ဘန်ကောက်ရဲ့လမ်းတွေမှာ ကျွန်မ ဘယ်နှစ်ကြိမ်ငိုခဲ့ရလဲ မမှတ်မိတော့ဘူး။ ချောင်းတွေ့ရင် သေဖို့တွေးခဲ့တာ အကြိမ်ရေများလို့ မမှတ်မိတော့ဘူး။ အလုပ်ရှာရတာလဲ အသိမရှိတော့ တော်တော်ခက်ခဲတယ်။ ကျွန်မအတွက်ကတော့ အရမ်းလည်း စိန်ခေါ်မှုဖြစ်သလို အရမ်းလည်းရုန်းကန်ရတယ်။

ဒီရောက်လာတာ ၈ လလောက်အလုပ်မရှိဘူး။ အသိတစ်ယောက်က အလုပ်ရမှပေးဆိုပြီးကျွေးထားတယ်။ အိမ်ခန်းခလည်း မပေးရသေးဘူး အခုထိပဲ။ ကျွန်မအသိက အရမ်းခင်လို့ စားစရိတ်နေစရိတ်တွေ သူစိုက်ပေးထားတာပါ။ မြန်မာပြည်မှာ တုန်းက ကုန်စုံဆိုင်မှာ အလုပ်လုပ်ပါတယ်။ တစ်လ ၅ သိန်းလောက်ရတယ်။

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကွာခြားချက်က လူတွေရဲ့ စိတ်ဓာတ်လို့ကျွန်မပြောချင်ပါတယ်။ စိတ်ဓာတ်တွေက လုံးဝ အပေါစားဆန်ပြီး တကိုယ်ကောင်းဆန်ပါတယ်။ လူတွေက ဖန်ခွက်ထဲက လူတွေနဲ့တူနေပါတယ်။ ငါတို့က အရင်ရောက်တာ။ နင်တို့က နောက်မှရောက်တာ ငါတို့ပြောတဲ့အတိုင်းလုပ်။ငါတို့ခိုင်းတဲ့အတိုင်းလုပ် ပြောသလိုနေ ပြန်မပြောနဲ့ ပြန်မဖြေရှင်းနဲ့ အာဏာရှင်ဆန်ကြပါတယ်။

ကိုယ့်လူမျိုးအချင်းချင်း ကူညီဖို့ဆို ဝေးပါသေးတယ်။ တစ်ယောက်ခက်ခဲနေတာကို ခက်ခဲနေတဲ့အတိုင်း လွှတ်ထားတဲ့ လူစားမျိုးတွေအများကြီးပါ။ ပွဲစားဆိုတဲ့သူတွေက ပိုဆိုးတာပေါ့။ ကိုယ်ချင်းစာစိတ်လုံးဝမရှိကြသူတွေပါ။ ထိုင်းတွေထက် မြန်မာအချင်းချင်းက ပိုကြောက်ရပါတယ်။မြန်မာနိုင်ငံသားလူတစ်ဦး တစ်ယောက်ဆီတိုင်းရဲ့ စိတ်ဓာတ်တွေကို ပြောင်းလဲမြှင့်တင်ဖို့ လိုအပ်တယ်လို့ထင်ပါတယ်။

“လမ်းစရိတ်ဖိုးနဲ့ ဘတ်ဖိုးနဲ့တင် နည်းတာမဟုတ်ဘူး အကြွေးတွေက”

ပူကစ်ရောက်မြန်မာအလုပ်သမားတစ်ဦး

DW ။ ထိုင်းရောက်နေတာ ဘယ်လောက်ကြာပြီလဲ။ အလုပ်နဲ့ ပတ်သက်လို့ လက်ရှိ ဘယ်လိုအလုပ်မျိုး လုပ်နေရလဲ။

ဖြေ ။ ထိုင်းကို ရောက်နေတာ ၂ လကျော်ကျော်ပဲ ရှိသေးတယ်။ အလုပ် ကမရသေးဘူး။ အဲလိုမျိုး ကြုံရာတော့ လုပ်နေတယ်။ သူများခေါ်ရင် အဆင်ပြေတဲ့ အလုပ်ပဲလုပ်နေရတယ်။ အခုဆို ကြားရက်တွေမှာ ပန်းကန်ဆေးတို့ ခေါ်ရင် ဝင်လုပ်နေတယ်။ အဓိကကတော့ အလုပ်က အတည်တကျ မရှိသေးဘူးပေါ့ကွယ် ပြောရမယ်ဆိုရင်။ အတည်တကျရဖို့ကလည်း ဘတ်လဲမရှိသေး ထိုင်းစကားလည်း မရသေးဆိုတော့ ဘတ်ရမှပဲ ရှာရမလိုဖြစ်နေတယ် အလုပ်က။

DW ။ တရားဝင် လုပ်ကိုင်နိုင်ဖို့ ဘတ်ဖိုးတွေကော ဘယ်လောက်ထိ ကုန်ကျခဲ့လဲ ။ ဒီဘတ်ဖိုးတွေ ကာမိဖို့ရော အချိန်ဘယ်လောက်အထိ အလုပ်လုပ်ရမှာလဲ။

ဖြေ ။ ဘတ်ဖိုးကတော့ VIP နဲ့လုပ်လိုက်လို့ အလုပ်ရဖို့ အရင်အရေးကြီးတယ်ဆိုတော့ ဘတ်ဖိုး ၁၅၀၀၀ ကုန်သွားပြီလေ။ ဒီလိုပဲဖြေလိုက်ပါတယ် အဆင်ပြေသွားမှာပါလို့။ လမ်းစရိတ်ဖိုးနဲ့ ဘတ်ဖိုးနဲ့တင် နည်းတာမဟုတ်ဘူး အကြွေးတွေက။ ဘတ်ဖိုးတစ်ခုတည်းမဟုတ်ဘူး။ လမ်းစရိတ်ဖိုးရောဘတ်ဖိုးရော ကျေဖို့ဆိုရင် အနည်းဆုံး တစ်နှစ်နီးပါးလောက်အထိ ဆပ်ရမယ်ထင်တာပဲ။

DW ။ ထိုင်းရောက်ပြီးကတည်းက အိမ်ကို ထောက်ပံ့နိုင်ပြီးပြီလား။ (ဘယ်လောက်အထိ ထောက်ပံ့နိုင်ပြီးပြီလဲ။ တစ်လဘယ်လောက်လောက်ရှိနိုင်လဲပေါ့)

ဖြေ ။ ထောက်ပံ့ဖို့ကတော့ မဖြစ်နိုင်သေးဘူးထင်တာပဲ။ ကိုယ့်မှာ စားစရိတ်နဲ့ ဘတ်ဖိုးကျေဖို့ ဆိုတာနဲ့တင် အလုပ်လည်း မယ်မယ်ရရ ရအုံးမှဆိုရင်အိမ်ကိုက အကြွေးတွေ အကုန်လုံး ကျေသွားမှပဲ ထောက်ပံ့နိုင်မယ်လို့ ထင်တာပဲ။

DW ။ ဘတ်ဖိုးကာမိနိုင်ဖို့ ဘယ်လိုတွေ အလုပ်လုပ်ပြီး ရှာဖွေစုဆောင်းခဲ့ကြရလဲ။

ဖြေ ။ အလုပ်မရှိသေးဘူးဆိုတော့ ဘတ်ဖိုးကာမိဖို့ကို မစဉ်းစားသေးဘူး။ အလုပ်ပဲရအောင် ရှာနေရတုန်းပဲ။ အလုပ်က ရှိပြန်တော့လည်း သွားရလာရ ပင်ပန်း။ လိုက်ပို့သမားမရှိ ဆိုင်ကယ်မရှိတာနဲ့ တအားပင်ပန်းနေတာပဲ။ အနီးအနားမှာ ရှိပြန်တော့လည်း ဘာသာစကားမတတ်။ ဒီလိုအခက်အခဲတွေရှိတာပေါ့။

DW ။ မြန်မာနိုင်ငံမှာနေပြီး အလုပ်လုပ်တာနဲ့ ထိုင်းရောက်မှ အလုပ်လုပ်ရတာ ဘယ်ဟာက ပိုပြီး ခက်ခဲသလဲ။ ဘာကြောင့်လဲ။

ဖြေ ။ မြန်မာနဲ့ ထိုင်းဆိုရင် ထိုင်းမှာက ဘတ်ရသွားရင် အလုပ်ပေါ်လာမယ် ထင်တာပဲ။ ဒါပေမယ့်လည်း အလုပ်ဆိုတာမျိုးက ပင်ပန်းတာတော့ ပင်ပန်းတာပဲလေ။ ဘယ်နေရာ ရောက်ရောက်။ ဒါပေမယ့်လည်း ဒီမှာလုပ်ရတာတော့ နောက်ကျော လုံတယ်လေနော်။ မြန်မာမှာက သိတဲ့အတိုင်းပဲလေ။ အခုချိန် အလုပ်လုပ်ရင် နောက်ကျောလည်းမလုံဘူး။