ရေး ကြိုးတံတားဂိတ်စခန်းကို တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်သိမ်းယူပြီး မီးရှို့ဖျက်ဆီးဟုဆို

0
945

မွန်ပြည်နယ် ရေး-သံဖြူရပ်လမ်းပေါ်ရှိ ကြိုးတံတား စစ်ကောင်စီတပ်ဂိတ်စခန်း ယနေ့ ဇန်နဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခံရကြောင်း ဒေသခံတို့က ပြောသည်။

ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီး၊ ကြိုးတံတားကျေးရွာရှိ ကြိုးတံတား စစ်ကောင်စီဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ နံနက် ၈ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

“ဖြစ်တာက ကြိုးတံတားဘက်မှာ လက်နက်ကြီးတွေရော လက်နက်ငယ်တွေရောပဲ ဆက်တိုက်ကြားရတယ်။ ရွာမှာလည်း ဆိုင်တွေ ဘာတွေ ပိတ် ပြေးကုန်ကြတာပေါ့။ အသွားအလာလည်း မရှိတော့ဘူ” ဟု မော့ကနင် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်အင်အား ၃၀ ကျော် တပ်စွဲထားသည့် ကြိုးတံတားဂိတ်စခန်း ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

စစ်ကောင်စီ ထောက်ခံရေးသားသည့် တယ်လီဂရမ်ချန်နယ်များတွင်မူ ကြိုးတံတားဂိတ်စခန်း တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိသည်ဟု ရေးသားထားသည်။

တိုက်ပွဲကြောင့် ရေး-သံဖြူဇရပ်ကားလမ်းပိုင်း ပိတ်ဆို့မှု ဖြစ်ပေါ်နေပြီး နေ့လယ်ပိုင်းအထိ ကားများ ဖြတ်သန်း သွားလာခြင်း မရှိသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မော့ကနင်ကျေးရွာရှိ စစ်ကောင်စီ ခမရ- ၅၈၈ တပ်ရင်းက လက်နက်ကြီး များဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။

စစ်ကောင်စီတပ်စခန်းက ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုရှိနေသလို နေအိမ်အဆောက်အအုံ မီးလောင်မှုလည်းရှိနေကြောင်း မော့ကနင် ဒေသခံတို့က ဆိုသည်။

သို့သော်လည်း ထိခိုက်မှု အခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။

ရေးမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုတို့က ၂၀၂၄ ခုနှစ်အတွင်း မွန်ပြည်နယ် တောင်ပိုင်းတွင် စစ်ဆင်ရေးအရှိန်တိုးမြှင့်ပြီး မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်စခန်းများ အနီးသွားလာနေထိုင်ခြင်းများ မလုပ်ရန်၊ မလိုအပ်ဘဲ ခရီးသွားလာမှုများ မလုပ်ရန်၊ မဖြစ်မနေ သွားလာနေထိုင်ရပါကလည်း စစ်ရေးသတင်းနားထောင်ရန်နှင့် ဗုံးခိုးကျင်းများ တူးဖော်ထားကြရန်လည်း တော်လှန်ရေးအင်အားစုတို့က တိုက်တွန်းထားသည်။

တော်လှန်ရေးအင်အားစုဘက်က ထိုသို့ ထုတ်ပြန်ပြောဆိုလာပြီးနောက် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ ဂိတ်စခန်းများကို ဆက်တိုက်ဝင်ရောက် တိုက်ခိုက်လာခဲ့သည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၁၀၆) ခြေလျင်တပ်ရင်းကို ရေးဘီလူးအဖွဲ့က အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သလို ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ကျောင်းရွာကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၅၉၁) ခြေမြန်တပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။