ပဋိပက္ခနွံထဲက ပြည်သူတွေ

0
1024

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပစ်ခတ်တိုက်ခိုက်မှုများ၊ ပဋိပက္ခများ၊ မလုံခြုံမှုများနှင့် အထွေထွေအကျပ်အတည်းများမှာ သုံးနှစ်ခန့်ကြာမြင့်လာပြီဖြစ်သည်။

ပြည်သူများမှာ ချွေးနည်းစာဖြင့် စုဆောင်းကာ ဆောက်လုပ်ထားသည့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရသလို၊ အသက်ဘေးကြောင့် လုပ်ငန်းများ၊ အိုးအိမ်များ စွန့်ပစ်ထားပြီး ထွက်ပြေးတိမ်းရှောင်နေကြရသူများလည်း အများအပြားရှိနေသည်။

ယင်းအပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမူရေးကဏ္ဍ အသီးသီးတွင် ဆိုးဆိုးရွားရွား နိမ့်ပါးပျက်စီးမှုကို ပြည်သူများကြုံတွေ့ခံစားနေကြရသည်။

ယင်းကြောင့် ပဋိပက္ခနွံ့ထဲတွင် အသက်ရှည်ရပ်တည်နိုင်ရေးအတွက် တောင်းပိုင်းကပြည်သူများ မည်သို့ ကြိုးစားရုန်းကန်နေကြရသည်ကို သိရှိနိုင်ရန် ယခုတစ်ပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် နယ်ပယ်အသီးသီးမှ ဒေသခံများကို မေးမြန်းတင်ဆက်ပေးလိုက်ပါသည်။

“လုပ်ငန်းရှင်ကနေ အခုဆိုခွေးဖြစ်နေကြတာ။ ကျွန်တော်တို့အားလုံးပဲ”

ထားဝယ်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး

DW ။ အာဏာသိမ်းလိုက်တော့ တစ်ချို့စီးပွားရေးလုပ်ငန်းရှင်တွေကတော့ အဆင်ပြေနေကြတယ်။ တစ်ချို့က အဆင်မပြေကြဘူးတဲ့။ ဘာတွေဖြစ်နေကြတာလဲဆိုတာ ပြောပြပေးပါ။

ဖြေ ။ ကျွန်တော်တို့ကတော့ ကိုဗစ်စဖြစ်ကတည်းက အဆင်မပြေကြတော့ဘူး။ ကိုဗစ်ဖြစ်တော့ အာမခံထားတဲ့လုပ်ငန်းတွေက မလုပ်ဘဲရပ်လိုက်ရတယ်။ စာချုပ်ထဲမှာကျတော့ ဘယ်အချိန်အပြီးအပ်ရမယ်ဆိုတာတွေ ပါတယ်လေ။ မပြီးတဲ့အခါကျတော့ ကျွန်တော်တို့ကလျော်ရတာပေါ့။ နောက်ထပ်ဆက်လုပ်မယ့် လုပ်ငန်းတွေအတွက်။ ရင်းမယ့်ပိုက်‌ဆံတွေက အဲထဲအကုန်ပါကုန်တယ်။ အဲဒီကနေစပြီးယိုင်ထွက်သွားတာပဲ။

အဲဒါပြီးတော့ အာဏာသိမ်းတာဆက်ဖြစ်တယ်ပေါ့။ အဲမှာလည်း အလုပ်သမားတွေက ဆန္ဒပြပွဲတွေမှာပါကြတာတွေရှိတော့ လုပ်ငန်းကရပ်ထားရပြန်တယ်။ ကျွန်တော်တို့တွေးတာက ကိုဗစ်ပြီးလို့ရှိရင် ပိုက်ဆံပြန်ရှာပြီးလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်လာလိမ့်မယ့်ပေါ့ဗျာ။ ဒါပေမဲ့ မထင်မှတ်ဘဲ အာဏာသိမ်းတာဖြစ်ကုန်တော့ အစပိုင်းမှာ အာဏာသိမ်းတာက ခဏလေးပဲကြာမယ်။ ပြီးရင်ပြန်အဆင်ပြေသွားလိမ့်မယ် ကျွန်တော်တို့အဲလိုကိုတွေးတာ။ ကြာရင် ၆ လပေါ့။ လူတွေအများကြီးဆန္ဒပြနေကြတော့ အာဏာပြန်ပေးလိမ့်မယ် ထင်တာပေါ့နော်။ အမှန်တိုင်းပြောရရင် အဲအချိန်အထိ ကျွန်တော်တို့ မျှော်လင့်ချက်ထားသေးတယ်။ နောက်ပိုင်းကျတော့ တိုက်ပွဲတွေအထိဖြစ်လာတော့တာပဲ။ ကျွန်တော်သူငယ်ချင်းတွေဆို တိုင်းရင်းသားလက်နက်ကိုင်တွေဖက်မှာ လုပ်ငန်းလုပ်ခွင့် ရထားတာတွေရှိတယ်။ အခုအဲဒါတွေဘာမှ အကောင်ထည်ဖော်လို့မရဘဲ ပစ်ထားရတာ။ လုပ်ငန်းရှင်ကနေအခုဆိုခွေးဖြစ်နေကြတာ။ ကျွန်တော်တို့အားလုံးပဲ။

ခုနကမေးသလိုပေါ့နော် လုပ်ငန်းရှင်အားလုံးဖြစ်နေကြတာလားဆိုတော့ အားလုံးတော့မဟုတ်ဘူးပေါ့ဗျာ။ စကစ(စစ်ကောင်စီ)နဲ့ပေါင်းပြီး လုပ်တဲ့သူတွေကတော့ အဆင်ပြေကြတာပေါ့။ ကျွန်တော်တို့ကကျတော့ မပေါင်းဘူးလေ။ သူတို့ရဲ့ ကန်ထရိုက်တွေဆိုလည်း ဝင်မဆွဲတော့ဘူး။ CDM လုပ်လိုက်တဲ့သဘောပဲပေါ့။ အပြင်မှာပဲ တောပဲခုတ်ရရ၊ ခြံစည်းရိုးပဲကာရရဆိုပြီး နေလိုက်တဲ့သူတွေကိုး။ ကုမ္ပဏီ Register တောင်ထပ်မတိုးတော့တာ။

DW ။ အခုရောဘာတွေလုပ်နေလဲ။ လုပ်ငန်းရပ်ထားတုန်းပဲလား။

ဖြေ ။ အခုတော့ လုပ်ငန်းပြန်လုပ်နေတယ်။ ဒါပေမဲ့ ရှောင်သင့်တာတွေ‌တော့ ရှောင်ပြီးလုပ်ရတာပေါ့။ သားသမီးတွေရဲ့ရှေ့ရေးကလည်းရှိသေးတယ်။ အလုပ်မလုပ်တာကြာတော့ အိမ်နဲ့လည်းအဆင်မပြေဘူး။ စိတ်ညစ်ညစ်နဲ့ အရက်ပဲသောက်နေတော့တာ။ ဘုန်းကြီးတစ်ပါးနဲ့တွေ့ပြီး အသိဝင်လာတယ်။ ငါကြိုးစားကြည့်မယ်ဆိုပြီး အခုစပြီးလည်ပတ်နေတာပေါ့။

DW ။ အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးလုပ်ရတဲ့အခြေအနေနဲ့ အာဏာမသိမ်းခင်က လုပ်ရတဲ့အခြေအနေ ဘယ်လိုကွာလဲ။

ဖြေ ။ ကွာတာကတော့ ကွာတာပေါ့။ ဘာတွေကွာလဲဆို အရင်တုန်းကဆို မှန်မှန်ကန်ကန်လုပ်ရတယ်လေ။ ဥပမာ လမ်းကန်ထရိုက်တစ်ခုရတယ်‌ဆိုရင် သတ်မှတ်ထားတဲ့ စံချိန်အတိုင်း ကျွန်တော်တို့ လုပ်ပေးနိုင်တယ်။ ဘာလို့လုပ်ပေးနိုင်လဲဆိုရင် ပေးရကမ်းရတာတွေမရှိဘူး။ ကိုယ့်အလုပ်ကို ပုံမှန်အတိုင်းလုပ်ပေးနေယုံပဲ။ ပေးရကမ်းရတာတွေရှိလာပြီ‌ဆိုရင် သေချာတယ် ကျွန်တော်တို့ခိုးတော့မှာပဲ။ ခိုးရတော့မှာပဲ။ ကျွန်တော်တို့ကအဲလိုမလုပ်ချင်ဘူး။

အခုကျတော့ဗျာဘာပဲလုပ်လုပ်။ ကျွန်တော်ပြောတယ်နော်ဘာပဲလုပ်လုပ် အသေးအမွှားကိစ္စလေးကအစ ပေးရကမ်းရတယ်။ လမ်းကြောင်းတွေနဲ့သွားရတယ်။ ဟိုလူ့ကိုကြောက်ရ၊ ဒီလူ့ကိုကြောက်ရ ကြောက်နေရတယ်။ အထူးသဖြင့်တော့ ထားဝယ်ဖက်မှာပေါ့။ မြိတ်တို့၊ ကော့သောင်းတို့မှာတော့ အဲဒါတစ်ခုမရှိဘူး။ အေးအေးဆေးဆေးပဲ လုပ်လို့ရတယ်။ ပေးရကမ်းရတာတော့ရှိတာပေါ့။

နောက်တစ်ခုက ကုန်ပစ္စည်းဈေး။ မြန်မာကျပ်ငွေနဲ့ အလုပ်လုပ်ရတာ တော်တော်အန္တရာယ်များတယ်။ ကိုယ်က အလုပ်တစ်ခုကိုလက်ခံလိုက်ပြီဆိုရင် လက်ရှိရှိနေတဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေအရင်စုံစမ်းရတယ်။ ပြီးမှဘယ်လောက်ကုန်ကျမယ်။ ပစ္စည်းအတွက်ကဘယ်လောက်၊ အလုပ်သမားခဘယ်လောက်၊ ကိုယ့်အတွက်ဘယ်လောက်ကျန်မယ် အဲလိုတွက်ပြီး ဈေးသတ်မှတ်ပြီးလုပ်ကြတာ။ အဲအချိန်မှာ ကုန်ဈေးနူန်းတွေတက်ပြေးသွားရင် သွားပြီ။ လမ်းခင်ကျောက်တစ်ကျင်းကို ဥပမာ (ကျပ်)တစ်သိန်းနဲ့တွက်ထားရင် တကယ်လုပ်တော့ တစ်သိန်းခွဲတွေဖြစ်သွားရော။ တစ်ကျင်းကိုငါးသောင်းတက်သွားပြီဗျာ။ ကျင်းတစ်ရာဆို ဘယ်လောက်ဖြစ်သွားပြီလဲ။ ဥပမာပြောပြတာ။

ကော့သောင်းဖက်မှာ လုပ်တာကျတော့ မြန်မာငွေထက် ထိုင်းဘတ်နဲ့လုပ်ကြတော့ အဲပြဿနာမရှိဘူး။ ခုနကပြောသလို ဟိုလူ့ကြောက်ရ၊ ဒီလူ့ကြောက်ရတာလည်းမရှိဘူး။ ဈေးနူန်းကိုထိုင်းဘတ်နဲ့ပဲ သတ်မှတ်တယ်။ ပစ္စည်းဝယ်ရင်လည်း ဘတ်နဲ့ပဲ။ ငွေဈေးအတက်အကျတွေ သိပ်စိတ်ပူစရာမရှိတော့ဘူး။

DW ။ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်နေကြတာလဲ။

ဖြေ ။ အခုလုပ်ငန်းတွေ စလုပ်နေတာဆိုတော့ တစ်ချို့က အဆင်ပြေနေတယ်ပဲ ထင်ကြတယ်။ တကယ်က မပြေဘူး။ လုပ်ငန်းအပ်ပြီးလို့ ပိုက်ဆံမပေးတာတွေကြုံရတယ်။ အရင်တုန်းကဆိုရင်တော့ တိုင်လိုတောလို့ရတော့ ဒါမျိူးကဖြစ်ခဲတယ်။ မဖြစ်ဘူးတော့မဟုတ်ဘူး။ ဖြစ်နေကျပဲ။ ဒါပေမဲ့အချိန်တန်ရင်တော့ ပြန်ပေးကြတယ်။ အခုကတော့ ဘယ်သူ့မှအားကိုးစရာမရှိဘူးလေ။ မပေးဘူးဘာလုပ်ချင်လဲမေးရင် ဘာမှပြန်မပြောရဲဘူး။ မတော်ရင် အသက်အန္တရာယ်တောင် ရန်ရှာခံရနိုင်တယ်။ အဲတော့ လုပ်ငန်းတိုင်းကိုလက်မခံရဲဘူး။ ‌ယုံကြည်လို့ရတဲ့အလုပ်တွေကိုပဲ ရွေးပြီးလက်ခံတယ်။ အဲတော့ဘာဖြစ်လဲဆိုတော့ သူများတွေလို အလုပ်အမြဲမရှိဘူး။ အလုပ်အမြဲမရှိတော့ အလုပ်သမားတွေကို ထိန်းရခက်တယ်။ သူတို့လည်း အလုပ်ပုံမှန်မရှိဘဲနဲ့ မနေချင်ကြဘူး။ ပုံမှန်အလုပ်ပေးနိုင်တဲ့သူတွေဆီပဲ ရောက်ကုန်တယ်။

ကျွန်တော်သူငယ်ချင်းတွေကကျတော့ သူတို့အလုပ်တွေကိုပစ်ထားလိုက်တယ်။ လုံးဝလုပ်လို့မရတော့ဘူး။ အရင်တုန်းက ငွေဆယ်သိန်း သိန်းနှစ်ဆယ်လောက်ကို အရက်တစ်ဝိုင်းစာလောက်ပဲရှိတဲ့သူတွေက အခုဆို ဖုန်းဘေထည့်ဖို့ ပိုက်ဆံတောင်လိုက်ချေးနေရတယ်။ အရက်ဆိုသူများဆီမှာကပ်သောက်နေရတယ်။ ပြောရင်ယုံမှာတောင်မဟုတ်ဘူး။ အဲလိုလူတွေက စကစနဲ့ပေါင်းပြီး မလုပ်တဲ့သူတွေပေါ့ဗျာ။ ပေါင်းပြီးလုပ်နေတဲ့သူတွေကတော့ အဆင်ပြေကြတာပေါ့။ ပေါင်းတာမပေါင်းတာကို ကျွန်‌တော်အပြစ်ပြောနေတာ မဟုတ်ဘူးနော်။ စီးပွားရေးအလုပ်‌ဆိုတာ ပေါင်းသင့်ရင်ပေါင်းရတာပဲ။ ပေးသင့်ရင်ပေးရတာပဲ။ ကျွန်တော်ပြောချင်တာက အာဏာသိမ်းထားတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းလုပ်နေသူတိုင်း အဆင်ပြေနေတယ်မဟုတ်ဘူး ဆိုတာကိုပြောချင်တာ။ စီးပွားရေးလုပ်ရတာအရမ်းခက်ခဲတယ်။ အန္တရာယ်များတယ်။ မတော်တဆ အသက်ပါပေးရနိုင်တယ်။ အဲဒါကိုပြောချင်တာ။

DW ။ ဘာများအကြံပြုချင်တာရှိမလဲ။

ဖြေ ။ အကြံပြုချင်တာကတော့ အခုအာဏာသိမ်းထားတဲ့အချိန်ကလည်း ကြာလာပြီလေ။ တစ်ချို့နားလည်ပေးလို့ရတဲ့ဟာတွေဆိုရင် နားလည်ပေးပြီး လုပ်ငန်းလုပ်ခွင့်ရချင်တယ်။ ဟိုလူကြောက်နေရ၊ ဒီလူကြောက်နေရတာမျိုးမဖြစ်ချင်ဘူး။ နောက်တစ်ခုက ကျွန်တော်တို့ကိုယ့်အလုပ်ကို မှန်မှန်ကန်ကန်ပဲလုပ်ချင်တယ်။ မခိုးချင်ဘူး။ ခိုးရအောင်လုပ်နေတဲ့စနစ်ကို မြန်မာပြည်မှာရှိမနေစေချင်ဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“ကိုယ့်ရဲ့ရည်မှန်းချက်တွေစွန့်လွှတ်ပြီး သူများနိုင်ငံတွေထွက် အလုပ်တွေ လုပ်နေရတာ ရင်နာစရာပါပဲ”

ထားဝယ်တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား

DW ။ အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး ဒီနေ့အထိပေါ့ ပဋိပက္ခတွေကြားထဲ ဘယ်လိုရပ်တည်ရှင်သန်နေရတာလဲ။ ဘယ်လိုအခက်အခဲတွေနဲ့ကြုံရလေ့ရှိလဲ။

ဖြေ ။ အဆင်မပြေမှုတွေအများကြီးနဲ့နေနေရတာပါပဲ။ အခွင့်အလမ်းတွေပျောက်၊ ရည်မှန်းချက်တွေပျောက်နဲ့ လူငယ်တွေဖြစ်ပြီး သူတို့( စစ်ကောင်စီ) ရဲ့ပုံစံခွက်ထဲမှာပဲ သွားလာနေထိုင်နေရတယ်။ သူတို့ရဲ့ ပါးစပ်ကထွက်လာတဲ့အမိန့်တိုင်းကို လိုက်နာပြီး နေနေရတယ်။ ကိုယ်တိုင်ကလည်း ရုန်းထွက်ဖို့လည်း မကြိုးစားနိုင်တော့ အသက်ရှင်အောင်ပဲ ခေါင်းငြိမ့်ခံပြီးနေနေရတာပေါ့ ။

DW ။ ကြုံလာတဲ့အခက်အခဲတိုင်းကို ဖြေရှင်းနိုင်ရဲ့လား။ မဖြေရှင်းနိုင်တာတွေရောရှိလား။ ဆိုလိုတာက ဘယ်လိုရင်ဆိုင်ဖြတ်ကျော်နေလဲ။

ဖြေ ။ ကြုံလာတဲ့အခက်အခဲတိုင်းကို ဖြေရှင်းနိုင်ရဲ့လားဆိုတော့ မဖြေရှင်းနိုင်တာတွေလည်း အများကြီးရှိတာပေါ့။ လူငယ်တွေကိုနေရာမပေးတဲ့ အုပ်ချုပ်မှုကြီးအောက်မှာနေရတာဆိုတော့ ဘယ်လိုကျော်ဖြတ်ရမလဲဆိုတော့ သူတို့ခေတ် သူတို့လက်ထဲရောက်ရင်တော့ သူတို့ ပြုသမျှနုခံရပြီး မကျေနပ်လည်း ခေါင်းငုံ့ခံလိုက်ရတာက အသက်ရှင်ဖို့သေချာသွားတာပေါ့။

DW ။ လူငယ်/ ကျောင်းသားတစ်ယောက်အနေနဲ့ ဖြစ်ချင်တာ၊ လုပ်ချင်တာတွေရှိမှာပဲ။ အဲဒီရည်မှန်းချက်တွေကို ဒီကာလမှာ အကောင်အထည်ဖော်ရတာ အဆင်ပြေရဲ့လား။ ဘယ်လိုအခက်ခဲတွေရှိလဲ။

ဖြေ ။ ဒီလိုအချိန်ကာလမှာ ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ကို အကောင်းအထည်ဖော်ဖို့က အဆိုးဆုံး အရာတစ်ခုပါပဲ။ ကိုယ်ဖြစ်ချင်တာဖြစ်ဖို့က အဓိကက ငွေကအရင်ဆုံးလိုအပ်တဲ့အရာပါပဲ။ အခုလိုတက်လာတဲ့ ငွေဈေးတွေနဲ့အတူ ကုန်ဈေးနှုန်းတွေ လူလတ်တန်းစား လူငယ်တွေအဖို့တော့ အိမ်မက်ဆိုးကြီးတစ်ခုပါပဲ။

DW ။ ကိုယ့်ပတ်ဝန်းကျင်က လူငယ်တွေ၊ ကျောင်းသား/သူတွေကရော အာဏာသိမ်းပြီးနောက်ပိုင်း ဘယ်လိုဖြစ်နေကြလဲ။ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်နေကြလဲ။ ဘယ်လိုဖြေရှင်းနေကြလဲ။

ဖြေ ။ တစ်ချို့တွေကတော့ ကိုယ့်ရဲ့ရည်မှန်းချက်တွေစွန့်လွှတ်ပြီး သူများနိုင်ငံတွေထွက် အလုပ်တွေ လုပ်နေရတာ ရင်နာစရာပါပဲ။ စစ်အုပ်ချုပ်မှုကြီးသာမရှိရင် ထူးချွန်ပေါက်မြောက်လာမဲ့ နိုင်ငံကို ကောင်းကောင်းဦးဆောင်လာနိုင်မယ့်သူတွေ ဖြစ်လာရမယ့် လူငယ်တွေပါ။ တစ်ချို့တွေကြတော့လည်း မိဘစကား မလွန်ဆန်နိုင်တဲ့ သူတွေကျတော့ CDM တွေလုပ်ပြီးမှ ကျောင်းကိုပဲပြန်တက်နေရတာပေါ့။ အဲလိုလူငယ်တွေကိုလည်း အပြစ်အနေ နဲ့ final ပြီးလို့ Q (Qualify ) ရရင်တောင် မပေးဘူးဆိုပြီး တက်လမ်းကိုပါ ပိတ်ပင်ထားသေးတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“စကစက ကျွန်မတို့ရွာသူရွာသားတွေကို ရက်ရက်စက်စက်သတ်ပစ်ထားတယ်။ အိမ်မီးရှို့ထားတာလည်း ရစရာမရှိတော့ဘူး”

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး သရက်ချောင်းမြို့နယ်

DW ။ အာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေအကြောင်း ပြောပြပေးပါ။

ဖြေ ။ အခက်အခဲတွေကတော့အများကြီးပဲပေါ့။ မိသားစုနဲ့အတူတူမနေရဘူး။ ကိုယ့်ရွာကိုယ့်ရပ်မှာ အေးအေးချမ်းချမ်းမနေရဘူး။ ရွာဆိုရင်လည်းပျက်သွားပြီ။ ကျွန်မတို့ဆိုကံကောင်းသေးတယ်။ သူများတွေဆို အိမ်ပါမရှိတော့တာ။ ကျွန်မဆိုလည်း ရွာမှာနေလို့မရလို့ ( — ) မြို့မှာလာနေရတယ်။ လူမပြောနဲ့ ဘုန်းကြီးတွေတောင်နေလို့မရတော့ဘူး။ ကျွန်မတို့ရွာက မြို့ပျက်ကြီးလိုဖြစ်သွားပြီ။ ကွမ်းတောဆိုလည်း ဒီအတိုင်းပစ်ထားရတယ်။ ကိုယ့်အိမ်ကိုသူများတွေဓာတ်ပုံရိုက်ပြမှကြည့်ရတဲ့ဘဝရောက်နေတာသာကြည့်။ အခုချိန်မှာ အသက်ရှင်ဖို့တစ်ခုကလွဲပြီး တစ်ခြားလူမူရေး၊ စီးပွားရေးဘာမှကို မလုပ်နိုင်တော့ဘူး။

DW ။ အစ်မတို့ရွာမှာဘာတွေဖြစ်ခဲ့တာလဲ အာဏာသိမ်းပြီးနောက်ပိုင်းပေါ့။ အတိုချုပ်လေးပြောပြပေးပါ။

ဖြေ ။ အာဏာသိမ်းပြီးတော့ ကျွန်မတို့ရွာသားတွေလည်း ဆန္ဒပြကြတယ်။ ဆန္ဒပြတဲ့သူတွေအဖမ်းခံရတယ်။ တစ်ရွာလုံးနီးပါးပဲဆန္ဒပြကြတာ။ နောက်တော့ တစ်ချို့တွေအဖမ်းခံရတော့ ကျွန်မတို့လည်းရွာမှာ နေလို့မရဲတော့ဘူး။ တစ်ချို့ကတော့ PDF ထဲဝင်သွားတယ်။ အဓိကကတော့ ဒလန်တွေကြောင့်ပေါ့။ ဒလန်တွေသတင်းပေးလို့ပေါ့။ အခုထိလည်း ဒလန်တွေကရှိနေသေးတယ်။ စကစကလည်း ကျွန်မတို့ရွာကိုခဏခဏစစ်ကြောင်းထိုးတယ်။ သူတို့တွေကသတင်းပေးနေတာကိုး။ (စစ်ကောင်စီတပ်က) ရွာထဲမှာတပ်စွဲထားတယ်အခုထိ။ လက်နက်ကြီးတွေနဲ့လည်း အမြဲပစ်ခံရတာကျွန်မတို့ရွာက။ အိမ်တွေဆို တော်တော်များများဖြစ်ပြီထင်တယ် မီးရှို့ထားတာ။ ကျွန်မလည်းအဝေးကနေပဲ ကူညီပေးနိုင်တော့တယ်။

DW ။ အဲဒီအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းနေရလဲ။ အကူအညီတွေရော ရခဲ့လား။

ဖြေ ။ ကျွန်မ ( ) မြို့ကိုထွက်လာရအောင်တော့ အသိမိတ်ဆွေတွေကကူညီပေးကြတယ်။ ရွာကစစ်ဘေးရှောင်တွေကိုတော့ ဒီကနေတတ်နိုင်သမျှကူပေးနေတာပေါ့။ ဒါပေမဲ့ လူကအများကြီးဆိုတော့ လောက်တော့မလောက်ဘူး။ စစ်ဘေးရှောင်အဖွဲ့တွေ လာကူတာရှိတယ်။ ခုနကပြောသလိုပေါ့ ရတဲ့သူရတယ်။ မရတဲ့သူလည်းမရကြဘူး။ ထိုင်းရောက်နေတဲ့ ကျွန်မတို့ရွာသားတွေစုပြီးလှူပေးတာနဲ့ အဆင်ပြေအောင်နေကြတာပေါ့။ တစ်ချို့တွေကတော့ (စစ်ဘေးရှောင်ရင်း) ရတဲ့အလုပ်ဝင်လုပ်နေကြတယ်ပြောတယ်။ ကွမ်းသီးကောက်ရောင်းတာကလည်း ဈေးမရှိတော့ ပိုဆိုးတာပေါ့။

DW ။ ပဋိပက္ခတွေက ပိုပြီးပြင်းထန်လာနေတယ်။ နောက်ဆိုရင် ဒီထက်တောင်ပိုဆိုးမလားမပြောနိုင်ဘူး။ အဲဒီအတွက် ကြိုတင်ပြင်ဆင်ထားတာမျိူးရှိလား။

ဖြေ ။ ကျွန်မအနေနဲ့ကတော့ ကြိုပြီးစဉ်းစားထားတာမရှိဘူး။ ကျွန်မတို့ရွာသားတွေကြုံနေရတာက အခုအခြေအနေက တော်တော်ဆိုးတယ်။ ဒီထက်ပိုပြီးဆိုးစရာမရှိတော့ဘူး။ ဒီထက်ဆိုးလာတယ် လုံးဝနေလို့မရတော့ဘူးဆိုရင်တော့ ထိုင်းကိုသွားကြမယ့်သူကတော့များတယ်။ ဘာဖြစ်လို့လဲဆို ဒီနား ဒီနားမှာနေပြီး ဟိုရွေ့၊ ဒီရွေ့နေရတာက ဘာမှမထူးဘူးလေ။ ဟိုရွာမှာနေလည်း လက်နက်ကြီးက ကိုယ့်ခေါင်းပေါ်ကပျံသွားနေတာပဲ။ ဒီရွာမှာနေလည်း ကိုယ့်ခေါင်းပေါ်ကပျံနေတာပဲ။ အဲချင်းတူတူထိုင်းထွက်သွားတာ ပိုကောင်းတာပေါ့။

DW ။ စစ်ကောင်စီ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ဘာပြောချင်တာရှိလဲ။

ဖြေ ။ စကစက ကျွန်မတို့ရွာသူရွာသားတွေကို ရက်ရက်စက်စက်သတ်ပစ်ထားတယ်။ အိမ်မီးရှို့ထားတာလည်း ရစရာမရှိတော့ဘူး။ တစ်နေ့ကျလို့ အလံဖြူထောင်ပြီး အညံ့ခံလာရင်လုံးဝခွင့်မလွှတ်ပေးနဲ့လို့ပြောချင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။