တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
913

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ

တရုတ်ဖိအားနဲ့ ရှမ်းမြောက်မှာ ယာယီအပစ်ရပ်

အပစ်ရပ်ဖို့ ဖိအားပေးနေတဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေကြား ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူညီလိုက်ကြပါတယ်။

တရုတ်နိုင်ငံ ကူမင်းမြို့မှာ တတိယအကြိမ်အဖြစ် ဇန်နဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ စစ်ကောင်စီနဲ့ မြောက်ပိုင်း မဟာမိတ်တပ်တွေဖြစ်တဲ့ ကိုးကန့်တပ်၊ တအာင်းတပ်၊ ရခိုင်တပ် တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ရက်ပေါင်း ၇၀ ကျော်ကြာ ရှမ်းမြောက်မှာ တိုက်ပွဲပြင်းထန်ခဲ့တာကို အဲဒီဆွေးနွေးပွဲမှာ ရပ်ဆိုင်းဖို့ သဘောတူခဲ့ကြတာပါ။ ဒီသဘောတူညီချက်ဟာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။

ရှမ်းမြောက်မှာနှစ်ဖက်တပ်တွေ ချက်ချင်းအပစ်ရပ်စဲဖို့၊ နှစ်ဖက်တပ်ဖွဲ့ဝင်တွေကြားမှာ ထိတွေ့ပစ်ခတ်မှု မရှိစေဖို့၊ အငြင်းပွားဖွယ်ရာတွေနဲ့ ပစ်ခတ်မှုတွေဖြစ်လာရင် တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်နဲ့ပဲဖြေရှင်းဖို့ သဘောတူခဲ့ကြတာပါ။

ဒီသဘောတူညီချက်အရ ရှမ်းမြောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ၊ ဗျူဟာကုန်းတွေကို မဟာမိတ်တပ်တွေဘက်က ထိုး စစ်ဆင်တိုက်ခိုက်တာတွေ မလုပ်ရသလို စစ်ကောင်စီဘက်ကလည်း မဟာမိတ်တပ်တွေ ထိန်းချုပ်၊ သိမ်းပိုက်ထားတဲ့ နေရာ တွေကို လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ မလုပ်ဖို့သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် နှစ်ဖက်စလုံးက တရုတ်နိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို မထိခိုက်၊ မဖျက်ဆီးဖို့ သဘော တူညီခဲ့ကြပါသေးတယ်။

တရုတ်ဖိအားကြောင့် အပစ်ရပ်တယ်ဆိုပေမယ့် အချိန်ကန့်သတ်ချက်မပါတာကြောင့် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ရှမ်းမြောက်မှာ အပစ်ရပ်လိုက်တာကြောင့် နိုင်ငံတဝန်းက လက်နက်ကိုင်တော်လှန်ရေးကို စစ်ကောင်စီက ပိုဖိလာမလားလို့လည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ စစ်ကောင်စီဘက်ကတော့ အပစ်အခတ်ရပ်စဲတာ ခိုင်မာဖို့နဲ့ နယ်စပ်ဂိတ်တွေ ဖွင့်လှစ်နိုင်အောင် လုပ်မယ်လို့ ပြောဆိုထားပါတယ်။

မဟာမိတ်တပ်တွေက ရှမ်းမြောက်မှာ မြို့နယ် ၁၇ ခုကို သိမ်းယူထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ပြည်သူရာချီ အသက်ဆုံးရှုံးခဲ့ရပါတယ်။

……………………………………

အပစ်ရပ်ပြီး နှစ်ရက်အကြာမှာ တိုက်ပွဲပြန်ဖြစ်

ရှမ်းမြောက်မှာ အပစ်ရပ်ဖို့ နှစ်ဖက်သဘောတူလက်မှတ်ထိုးပြီး နှစ်ရက်အကြာမှာပဲ တိုက်ပွဲပြန်ဖြစ်ပါတယ်။

ကျောက်မဲမြို့နယ်မှာ တအာင်းတပ်မတော် (TNLA) တည်ရှိတဲ့ ငြိမ်းချမ်းရေးကုန်းကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် နှစ်နာရီကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲမှာ တအာင်းတပ်ဘက်က ဆုတ်ခွာပေးခဲ့ရပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ပူပူနွေးနွေးထိုးထားခဲ့တဲ့ အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို စစ်ကောင်စီတပ်ဘက်က ပေါ်ပေါ် တင်တင် ချိုးဖောက်ပြီး ထိုးစစ်ဆင်လာတာလို့ TNLA က ဆိုပါတယ်။ ဒါဟာ ဒုတိယအကြိမ် ချိုးဖောက်တာလို့လည်း ပြောပါတယ်။

အပစ်ရပ်သဘောတူညီချက် စတင်အသက်ဝင်တဲ့ ဇန်နဝါရီလ ၁၂ရက်မှာလည်း တအာင်းတပ်မတော်တည်ရှိရာ မိုးကုတ်၊ ကျောက်မဲ၊ လားရှိုးမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

……………………………………

ခါမ်းပါတ်မှာ ၁၇ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့အရပ်သား ကိုးရာနီးပါးရှိလာ

စစ်ကိုင်းတိုင်း ခါမ်းပါတ်မြို့မှာ လေကြောင်းကနေတိုက်ခိုက်လို့ အရပ်သား ၁၇ဦးသေဆုံးပြီး တစ်နိုင်ငံလုံးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးတာ ကိုးရာနီးပါးရှိလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ခါမ်းပါတ်မြို့အနီးက ကနန်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ဇန်နဝါရီလ ၇ရက်နေ့မှာ A-5 အမျိုးအစား ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်တာလို့ ဆိုပါတယ်။ ကလေးကိုးဦး အပါအဝင် ၁၇ ဦး သေဆုံးပြီး ၁၉ဦး ဒဏ်ရာတဲ့အပြင် နေအိမ် ၁၀ လုံး၊ စာသင်ကျောင်း နှစ်ထပ်ဆောင် နှစ်လုံးနဲ့ ခရစ်ယာန်ဘုရားကျောင်းလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

ခါမ်းပါတ်မြို့ကို ပြန်လည်ရဖို့ စစ်ကောင်စီတပ်က အပြင်းအထန် တိုက်ခိုက်နေပါတယ်။

စစ်အာဏာသိမ်းပြီးနောက် သုံးနှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ခြောက်ရာ နီးပါးရှိခဲ့ပြီး အရပ်သား ကိုးရာနီးပါး သေဆုံးတယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။ ဘာသာရေးအဆောက်အအုံ ၇၀ ကျော်နဲ့ စာသင်ကျောင်း ၅၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ယခုသီတင်းပတ်အတွင်း ရှမ်းမြောက်က မြို့နယ်တချို့မှာလည်း လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားသေဆုံးတာတွေ ရှိနေပါတယ်။

……………………………………

သေနတ်တစ်ချက် မဖောက်ရဘဲ မြို့နှစ်မြို့ရသွားတဲ့ “ဝ”

သေနတ်တစ်ချက် ဖောက်စရာ မလိုဘဲ မြို့နှစ်မြို့ကို “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ထိန်းချုပ်သွားပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ကောင်စီတပ်ဆီကနေ သိမ်းယူထားတဲ့ ဟိုပန်မြို့နယ်နဲ့ ပန်လုံမြို့တွေကို “ဝ” တပ်ဖွဲ့က ဇန်နဝါရီလ ၁၀ ရက်နေ့မှာ လွှဲပြောင်းရယူလိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ မြို့တော်ဖြစ်တဲ့ ဟိုပန်နှင့် ပန်လုံကို ညီနောင်မဟာမိတ် တွေက ဇန်နဝါရီလ ၅ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်သိမ်းယူခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၇၀၀ လောက် လက်နက်ချခဲ့ပြီး သူတို့ကို လားရှိုးမြို့သို့ ပြန်လွှဲပေးလိုက်တယ်လို့ UWSA က ထုတ်ပြန်ထားပါတယ်။

‘ဝ’ လူမျိုးတို့ရဲ့ မြို့တွေဖြစ်တဲ့ ဟိုပန်နှင့် ပန်လုံမြို့တွေကို ၃၄ နှစ်အကြာမှာ “ဝ” တပ်ဖွဲ့ လက်ထဲ ပြန်ရောက်သွားတာပါ။

……………………………………

အာဆီယံအထူးကိုယ်စားလှယ်သစ် စစ်ကောင်စီနဲ့တွေ့

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ လာအိုနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun တာဝန် စတင်ထမ်းဆောင်ပြီး ၁၀ ရက်အတွင်းမှာပဲ နေပြည်တော်သို့ ရောက်ရှိလာပါတယ်။

အထူးကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ နေပြည်တော်သို့ ရောက်ရှိတာဖြစ်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အပစ်ရပ် လက်နက်ကိုင် ခုနစ်ဖွဲ့၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ လာအိုနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ စစ်ကောင်စီဟာ အာဆီယံအထူးကိုယ်စားလှယ်သစ်ရဲ့ နေပြည်တော်ခရီးစဉ်ကို မြန်မြန်ဆန်ဆန် လက်ခံခဲ့တာပါ။

အာဏာသိမ်းပြီးနောက် ပထမဆုံးခန့်အပ်တဲ့ အလှည့်ကျ ဘရူနိုင်းအထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်တွေကို စစ်ကောင်စီ မလိုက်လျောတာကြောင့် မြန်မာခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ အလှည့်ကျ ကမ္ဘောဒီးယားအထူးကိုယ်စားလှယ်ကတော့ နှစ် ကြိမ် လာရောက်ခဲ့ပါတယ်။ ၂၀၂၃ခုနှစ်မှာ အလှည့်ကျ အင်ဒိုနီးရှား အထူးကိုယ်စားလှယ်ကတော့ မြန်မာခရီးစဉ် မရှိခဲ့ပါဘူး။

အထူးကိုယ်စားလှယ်တွေဟာ မြန်မာ့အရေးမဖြေရှင်းနိုင်ခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့် မရခဲ့ကြ ပါဘူး။ အခု လာအို အထူးကိုယ်စားလှယ်ကရော ဘယ်လိုကိုင်တွယ်မလဲဆိုတာကို စောင့်ကြည့်ရဦးမယ်လို့ နိုင်ငံရေး အကဲခတ်တွေက ဆိုပါတယ်။

……………………………………

ပလက်ဝကို သိမ်းဖို့ ကြိုးပမ်းနေတဲ့ AA

ချင်းပြည်နယ် ပလက်ဝမြို့အနီးမှာ စစ်ကောင်စီတပ်စခန်းအနည်းငယ်ပဲ ကျန်ရှိပြီး မြို့ကိုသိမ်းယူနိုင်ရေး ကြိုးပမ်းနေတယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ဖော်ပြောဆိုထားပါတယ်။

ဇန်နဝါရီလ ၉ရက်နေ့ တစ်ရက်လုံး ပလက်ဝမြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ပလက်ဝ အစပ်မှာရှိတဲ့ မီးဝဗျူဟာကိုလည်း သိမ်းယူနိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ကျောက်​တော်-ပလက်ဝ အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာပါ။

မြောက်ဦး၊ မင်းပြား၊ ကျောက်တောမြို့တွေမှာ AA နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေ ပြင်းထန်နေသလို ကျောက်ဖြူ မြို့နယ်မှာ ဓညဝတီ ရေတပ်စခန်းကိုလည်း AA က တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှု တွေလည်း မြင့်တက်လာပါတယ်။

……………………………………

စေတီကို ဖျက်ဆီးတဲ့လုပ်ရပ်အပေါ် ကိုးကန့်တပ်တောင်းပန်

လောင်ကိုင်မြို့မှာ ဘုရားစေတီတစ်ဆူကို တပ်ဖွဲ့ဝင်တစ်ဦး သံတူနဲ့ထုရိုက် ဖျက်ဆီးတဲ့လုပ်ရပ်ကို ကိုးကန့်တပ် MNDAA က တောင်းပန်စာ ထုတ်ပြန်လိုက်ပါတယ်။

ဘုရားစေတီကိုဖျက်ဆီးနေတဲ့ ဗီဒီယိုမှတ်တမ်း ဇန်နဝါရီလ ၈ရက်နေ့က အင်တာနက်လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်မှုတွေ ရှိခဲ့သလို ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်တာတွေလည်း ရှိခဲ့ပါတယ်။ ဒီဗီဒီယို ပျံ့နှံ့ပြီး နောက်တစ်ရပ်မှာပဲ ကိုးကန့်တပ်က တောင်းပန်ခဲ့တာပါ။

MNDAA က အမိန့်ပေး ဖျက်ဆီးခိုင်းတာ လုံးဝမရှိဘူးလို့ဆိုထားပြီး တပ်ဖွဲ့ဝင်၏ ပုဂ္ဂိုလ်ရေးလုပ်ရပ်လို့ ဆိုပါတယ်။ MNDAA အနေနဲ့ အောက်ခြေတပ်ဖွဲ့ဝင်ရဲ့ တပ်စည်းကမ်းညံ့ဖျင်းမှုနဲ့ အရည်အချင်းမရှိတဲ့ လုပ်ရပ်အပေါ်တောင်းပန်တယ်လို့ ပြောပါ တယ်။ ကျူးလွန်တဲ့တပ်ဖွဲ့ဝင်ကို အရေးယူဖို့၊ တပ်ဖွဲ့ဝင်တွေအနေနဲ့ ဘာသာရေးလွတ်လပ်မှုကို လေးစားဖို့နဲ့ ကာကွယ်ဖို့လည်း ညွှန်ကြားထားတယ်လို့ ဖော်ပြပါတယ်။

စေတီဖျက်ဆီးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီထောက်ခံသူတွေက ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

……………………………………

မြန်မာဂန္ထဝင်တေးသံရှင် မာမာအေး ကွယ်လွန်

မြန်မာ ဂန္ထဝင်တေးသံရှင် မာမာအေး ဇန်နဝါရီလ ၉ရက်နေ့မှာ ကွယ်လွန်သွားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဒ်ဝန်းမြို့က နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတာပါ။ ကျန်းမာရေးချို့ယွင်းပြီး ခြောက်လလောက်အကြာမှာ ကွယ်လွန်တာလည်း ဖြစ်ပါတယ်။ ဧရာဝတီတိုင်း မြောင်းမြမြို့ ဇာတိဖြစ်တဲ့ ဒေါ်မာမာအေးဟာ ကွယ်လွန်ချိန်မှာ အသက် ၈၂နှစ်ရှိနေပါပြီ။

အသက် ၈နှစ်အရွယ်ကတည်းက အသံလွှင့်ခဲ့ပြီး ဂန္ထဝင်တေးသီချင်းများစွာကို သီဆိုခဲ့သလို ရုပ်ရှင်ကား တချို့မှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။ မောင့်အချစ်မြား၊ နှင်းပျောက်တဲ့နွေ၊ မေ့ကွက်ကိုရှာ၊ ချစ်သူ့နယ်မြေ၊ သက်ဆိုင်သူသို့၊ တစ်နေ့တော့ မောင်ပြန်လာမည်၊ အကျည်းတန်ချစ်သူ၊ ချစ်သူ့နယ်မြေ စတဲ့သီချင်းတွေက ထင်ရှားပါတယ်။

စစ်အစိုးရလက်ထက် ၁၉၉၈ခုနှစ်မှာ မြန်မာနိုင်ငံက ထွက်ခွာပြီး အမေရိကမှာ အခြေချခဲ့တာဖြစ်ပါတယ်။

……………………………………