ကျိုက်ထို အင်းဝဘဏ်ပစ်ခတ်မှု ပြည်သူ့စစ်တစ်ဦးသေပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

0
778

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်းဝဘဏ်တွင် ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပစ်ခတ်မှုများဖြစ်ပွားပြီး ပြည်သူ့စစ်တစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း မြို့ခံတို့ထံမှ သိရသည်။

ကံ့ကော်ရပ်ကွက်၊ ရန်ကုန်-ကျိုက်ထို ကားလမ်းမကြီးဘေးရှိ အင်းဝဘဏ်တွင် ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က ယနေ့ နေ့လည် ၁၂ နာရီခွဲခန့်က ကားဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။

အင်းဝဘဏ်ပစ်ခတ်မှုဖြစ်စဉ်တွင် ပြည်သူ့စစ်တစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး အရပ်သားပြည်သူ အမျိုးသမီးတစ်ဦးတွင်လည်း ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရကာ ကျိုက်ထိုဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း မြို့ခံတို့ထံမှ သိရသည်။

အင်းဝဘဏ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တို့က ကျိုက်ထိုမြို့အဝင်အထွက်နှင့် မြို့တွင်း လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။

“ဘဏ်ပစ်ခတ်မှုမှာ အမျိုးသမီးတစ်ဦးက ပေါင်မှာ ကျည်ထိသွားတယ်။ အဲဒီပစ်ခတ်မှုဖြစ်ပြီးတော့ စစ်သားတွေက မြို့အနှံ့မှာ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်” ဟု ၎င်းက ပြောသည်။

ကျိုက်ထို အင်းဝဘဏ်ပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၇၈၀၅၊ တပ်ခွဲ-၄ က လုပ်ဆောင် ခြင်း ဖြစ်ကြောင်း ယင်းတပ်ဖွဲ့က ထုတ်ပြန်ထားပြီး ပြည်သူတစ်ဦးထိခိုက်သွားသည့်အပေါ် ဝမ်းနည်းကြောင်း ဖော်ပြသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ဝေးဝေးနေပေးကြရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်လယ်တွင် ရှိသည့် စစ်ကောင်စီတပ်ပိုင် မြဝတီဘဏ်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။