ရှမ်းမြောက်တွင် အပစ်ရပ်ရန် နှစ်ဖက်သဘောတူကြောင်း မြောက်ပိုင်းမဟာမိတ်ထုတ်ပြန်

0
1806

နှစ်လကျော်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရန် နှစ်ဖက် သဘောတူညီကြကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ယနေ့ ဇန်နဝါရီလ ၁၂ ရက် ညပိုင်းတွင် ပူးတွဲထုတ်ပြန်သည်။

တရုတ်နိုင်ငံ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLAနှင့် ရခိုင်တပ် AA တို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ဇန်နဝါရီလ ၁၀ရက်နှင့် ၁၁ ရက်နေ့တို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တတိယအကြိမ်ဆွေးနွေးသည့် အဆိုပါဆွေးနွေးပွဲတွင် အချက်သုံးချက်ကို သဘောတူညီခဲ့ကြကြောင်း ဖော်ပြသည်။

ဇန်နဝါရီလ ၁၁ ရက် ညနေ ၉ နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရန်၊ နှစ်ဖက်တပ်ဖွဲ့ဝင် အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရန်၊ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာလျှင် တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် ဖြေရှင်းရန်တို့ ဖြစ်သည်။

သဘောတူညီချက်အရ မဟာမိတ်တို့ဘက်က ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်၏ စခန်းများ၊ ဗျူဟာကုန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့တို့ ထိန်းချုပ်၊ သိမ်းပိုက်ထားသော နေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။

နှစ်ဦးနှစ်ဖက်က ချက်ချင်းအပစ်ရပ်စဲရေးဆိုင်ရာ အစီအမံနှင့် အခြားကိစ္စရပ်များကို ဆက်လက် ဆွေးနွေးသွားရန် သဘောတူခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် နှစ်ဖက်အဖွဲ့အစည်းများက တရုတ်-မြန်မာနယ်စပ်ဒေသရှိ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးကို မထိခိုက်ကြစေရန်နှင့် မဖျက်ဆီးကြရန် သဘောတူညီခဲ့ကြကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။