တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1196

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီလ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ အာဏာရပါတီ အနိုင်ရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇန်နဝါရီလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် Sheikh Hasina ရဲ့ ပါတီက အနိုင်ရခဲ့ပါတယ်။

ဒါကြောင့် သူမဟာ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူနိုင်တော့မှာပါ။

ရွေးကောက်ပွဲမှာတော့ မဲပေးတဲ့သူတွေ နည်းပါးခဲ့သလို အတိုက်အခံပါတီကလည်း သပိတ်မှောက်ခဲ့ပါတယ်။

ပါလီမန်က စုစုပေါင်းအမတ်နေရာ ၃၀၀ နေရာမှာ Sheik Hasina ဦးဆောင်တဲ့ အဝါမီလိတ်ပါတီက ၂၂၅ နေရာရရှိထားပါတယ်။

အသက် ၇၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဝန်ကြီးချုပ် Hasina ဟာ ၁၉၉၆ ခုနှစ်မှာ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ဒုတိယအကြိမ် အနိုင်ရခဲ့ကာ ယခုတစ်ကြိမ်နဲ့ ဆိုရင်တော့ သက်တမ်း ၄ ကြိမ် ဆက်တိုက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Ref: BBC

………………………………..

မြောက်ကိုရီးယားလုပ် လက်နက်တွေ ဟာမတ်စ်အဖွဲ့က အသုံးပြုနေ

အစ္စရေး-ဟားမတ်စ်စစ်ပွဲမှာ ဟာမတ်စ်အဖွဲ့က မြောက်ကိုရီးယားလုပ် လက်နက်တွေကို အသုံးပြုနေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ဇန်နဝါရီ ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ကိုရီးယားဘာသာစကားနဲ့ ရေးထားတဲ့ လက်နက်တွေကို တိုက်ပွဲတွေထဲ တွေ့နေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာဘဲ တောင်ကိုရီးယားဘက်က ပြောကြားလိုက်တာပါ။

အရှေ့အလယ်ပိုင်းစစ်ပွဲတွေမှာ အသုံးပြုတဲ့ လက်နက်တွေထဲ ကိုရီးယားဘာသာစကားနဲ့ ရေးထားတဲ့ လက်နက်ပုံတွေ ထွက်ပေါ်လာနေခဲ့ပါတယ်။

မြောက်ကိုရီးယားလုပ် F-7 အမျိုးအစား ပခုံးထမ်းလောင်ချာ (RPG) တွေကို ဟာမတ်စ်အဖွဲ့က သုံးခဲ့တယ်လို့ တောင်ကိုးရီးယားဘက်က ဆိုထားပါတယ်။

မြောက်ကိုရီးယားလက်နက်တွေ ဟာမတ်စ်အဖွဲ့ထံ ဘယ်လောက်ပမာဏအထိကို ဘယ်အချိန်က လွှဲပြောင်းပေးခဲ့တယ်ဆိုတဲ့ အချက်အလက်ကိုတော့ ဆက်လက်ကောက်ယူနေဆဲလို့ ပြောကြားထားပါတယ်။

Ref: The Japan Times

………………………………..

တောင်ကိုရီးယားတွင် ခွေးသားထုတ်လုပ်ရောင်းချမှု တားမြစ်

တောင်ကိုရီးယားမှာ ခွေးသားထုတ်လုပ်ရောင်းချမှုကို တားမြစ်တဲ့ ဥပဒေကြမ်းတစ်ခု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ 

တိရစ္ဆာန်အခွင့်အရေး ထိခိုက်သလို နိုင်ငံတကာပုံရိပ်ကိုလည်း ကျဆင်းစေနိုင်တဲ့အတွက် ခွေးသားထုတ်လုပ်ရောင်းချမှုကို တားမြစ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဒါကို လွှတ်တော်က အတည်ပြုပေးခဲ့ပြီး သမ္မတလက်မှတ်ထိုးပြီးရင်တော့ အတည်ဖြစ်လာမှာ ဖြစ်ပါတယ်။

ဥပဒေမူကြမ်းအရ ခွေးသားထုတ်လုပ်ရောင်းချတာကို ၂၀၂၇ ခုနှစ်မှာ အဆုံးသတ်ဖို့ ရည်ရွယ်ထားပါတယ်။

ခွေးတွေကို လူတွေစားသုံးဖို့ ရောင်းချမယ်ဆိုရင်တော့ ထောင်ဒဏ် ၂ နှစ်ကနေ ၃ နှစ်အထိကျခံရနိုင်တာပါ။

မကြာသေးခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ တောင်ကိုရီးယားနိုင်ငံသား တစ်ဝက်ကျော်လောက်က ခွေးသားစားကြတာကို တားမြစ်သင့်တယ်လို့ ယူဆထားကြပါတယ်။

Ref: BBC

………………………………..

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပါလက်စတိုင်းသမ္မတနဲ့ တွေ့ဆုံ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

အစ္စရေး-ပါလက်စတိုင်းကြား ဖြစ်နေတဲ့ အချိန်ကြာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အရေး ဆွေးနွေးခဲ့ကြတာပါ။

အမေရိကန်ဘက်က စစ်ပြီးသွားရင် ပါလက်စတိုင်း ဦးဆောင်တဲ့ အုပ်ချုပ်ရေးအောက်မှာ ဟာမတ်စ်တွေ လွှမ်းမိုးမှုမရှိတဲ့ ဂါဇာကမ်းမြှောင်ဒေသပါဝင်လာဖို့ မျှော်လင့်ထားတယ်လို့ ဆိုထားပါတယ်။

အိုးအိမ်မဲ့နေတဲ့ ပါလက်စတိုင်းတွေ တတ်နိုင်သမျှ အမြန်ဆုံး အိမ်ပြန်နိုင်ရမယ်လို့ အမေရိကန်ဘက်က ကတိပေးပြောကြားထားပြီး စစ်ပွဲဒဏ်ခံခဲ့ရတဲ့ ဂါဇာမြောက်ပိုင်းက အခြေအနေတွေ စစ်ဆေးနိုင်ဖို့ ကုလသမဂ္ဂရဲ့ အဖွဲ့ကို အစ္စရေးဘက်က ခွင့်ပြုဖို့လည်း သဘောတူထားပါတယ်။

Ref: Aljazeera

………………………………..

ကုလသမဂ္ဂ ရဟတ်ယာဥ်တစင်း ဆိုမာလီစစ်သွေးကြွအဖွဲ့ ဖမ်းဆီး

အရှေ့အာဖရိကတိုက်က ပဋိပက္ခတွေဖြစ်နေတဲ့ ဆိုမာလီယာမှာ ကုလသမဂ္ဂ ရဟတ်ယာဉ်တစ်စင်းနဲ့ ခရီးသည်တစ်ချို့ကို အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ အယ်လ်ရှာဘတ်က ဇန်နဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

Galmudug ပြည်နယ်က အယ်လ်ရှာဘတ် ထိန်းချုပ်နယ်မြေထဲမှာ အဲဒီ ရဟတ်ယာဥ်က အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။

နိုင်ငံခြားသားတွေအပါအဝင် ရဟတ်ယာဥ်ပေါ်လိုက်ပါလာသူ အမှုထမ်းနဲ့ ခရီးသည် ၉ ဦးထဲက အနည်းဆုံး ၆ ဦးကို အယ်လ်ရှာဘတ်အဖွဲ့က ဖမ်းထားတယ်လို့ ပြောကြားထားပါတယ်။

အဖမ်းခံရသူတွေထဲမှာ ဘယ်နိုင်ငံသားတွေပါလဲဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

ရဟတ်ယာဥ်ပေါ်မှာ ဆိုမာလီ ၂ ဦးနဲ့ နိုင်ငံခြားသား ၇ ဦး လိုက်ပါသွားတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

ရဟတ်ယာဥ်က လူနာတွေကို ကယ်ထုတ်ပေးတဲ့ အကူအညီပေးနေတဲ့ ရဟတ်ယာဥ်ဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ယီမင်နိုင်ငံအတွင်းက ဟူသီသူပုန် ပစ်မှတ်တွေ အမေရိကန်နဲ့ ဗြိတိန်တိုက်ခိုက်

ယီမင်နိုင်ငံထဲက ဟူသီသူပုန်တွေရဲ့ ပစ်မှတ်တွေကို အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့တွေ လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။

ပင်လယ်နီထဲ ဖြတ်သန်းသွားတဲ့ နိုင်ငံတကာကုန်တင်င်္ဘောတွေကို ဟူသီသူပုန်တွေက တိုက်ခိုက်ခဲ့တာကြောင့် တုံ့ပြန်တိုက်ခိုက်တာပါ။

ဒီတိုက်ခိုက်မှုကို ဩစတေးလျ၊ ဘာရိန်း၊ ကနေဒါ၊ နယ်သာလန်နိုင်ငံတွေရဲ့ အကူအညီနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့မှာတင် ဟူသီသူပုန်တွေရဲ့ပစ်မှတ်တွေဖြစ်တဲ့ လေ့ကျင့်ရေးစခန်း လေယာဉ်ကွင်းတွေနဲ့ အဝေးထိန်းဒရုန်းတွေ သိုလှောင်ထားတဲ့နေရာတွေကို အမေရိကန်နဲ့ ဗြိတိန်စစ်တပ်က တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ယီမင်နိုင်ငံအတွင်းမှာရှိတဲ့ ဟူသီသူပုန်တွေရဲ့ပစ်မှတ်တွေကို ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Ref: CBS News

………………………………..

ထိုင်ဝမ်ရွေးကောက်ပွဲ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကျင်းပမည်

လာမယ့် ဇန်နဝါရီ ၁၃ ရက်နေ့မှာ ထိုင်ဝမ်နိုင်ငံရဲ့ သမ္မတနဲ့ ပါလီမန် ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့က ကျင်းပခဲ့တဲ့ လက်ရှိ အာဏာရပါတီ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ DPP ပါတီရဲ့ မဲဆွယ်စည်းရုံးပွဲမှာ ထိုင်ဝမ်ပြည်သူတွေ သောင်းချီ တက်ရောက်ခဲ့ကြတာပါ။

တရုတ်နိုင်ငံနဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေကြားမှာ ထိုင်ဝမ်ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပါတယ်။

ထိုင်ဝမ်ဟာ တရုတ်နိုင်ငံပိုင်နယ်မြေအဖြစ် တရုတ်အစိုးရက ပြောဆိုထားပြီး ထိုင်ဝမ်အစိုးရကတော့ ငြင်းပယ်ထားပါတယ်။

လက်ရှိအာဏာရ DPP ပါတီ သမ္မတလောင်း Lai Ching-te ဟာ ထိုင်ဝမ်ကျွန်း တရားဝင်လွတ်လပ်ရေးကို တောင်းဆိုထောက်ခံသူ ဖြစ်ပါတယ်။

Ref: AP

………………………………..

ဘရာဇီးနိုင်ငံက ဂန္ထဝင်ဘောလုံးသမား Mario Zagallo ကွယ်လွန်

ဘရာဇီးနိုင်ငံက ဂန္ထဝင်ဘောလုံးအကျော်အမော်ကြီး Mario Zagallo ဟာ အသက် ၉၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။

သူဟာ ဘရာဇီးအသင်းအတွက် ကမ္ဘာ့ဖလားကို ကစားသမားအနေနဲ့ရော နည်းပြအနေနဲ့ပါ စုစုပေါင်း ၄ ကြိမ် ဗိုလ်စွဲခဲ့သူပါ။

ဘယ်တောင်ပံကစားသမား Zagallo ပါဝင်ကစားခဲ့ ၁၉၅၈ နဲ့ ၁၉၆၂ ခုနှစ် ကမ္ဘာ့ဖလားပွဲတွေမှာ ဘရာဇီးအသင်း ဗိုလ်စွဲခဲ့ပါတယ်။

၁၉၇၀ မှာလည်း သူနည်းပြလုပ်ခဲ့တဲ့ ဘရာဇီးအသင်း ကမ္ဘာ့ဖလားရရှိခဲ့ပါတယ်။

ဒါကြောင့် သူဟာ ကမ္ဘာ့ဖလားကို ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ ပထမဆုံး ဗိုလ်စွဲဖူးတဲ့သူ ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ် ကမ္ဘာဖလားမှာ ဗိုလ်စွဲခဲ့တုန်းကတော့ ဘရာဇီးအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် Mario Zagallo ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

Ref: BBC

………………………………..

ဗြိတိန်နိုင်ငံတွင် Spice Girls ပေါ့ပ်အဖွဲ့ကို တံဆိပ်ခေါင်းတွင် ပထမဆုံး ရိုက်နှက်ထုတ်‌ဝေ

ဗြိတိန်နိုင်ငံမှာ ဒီနှစ်တော့ ၁၉၉၀ ပြည့်လွန်နှစ်ပိုင်းတွေမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ Spice Girls အမျိုးသမီးပေါ့ပ်ဂီတအဖွဲ့ရဲ့ ပုံတွေနဲ့ တံဆိပ်ခေါင်း ထုတ်လိုက်ပါတယ်။

ဗြိတိန်က ကမ္ဘာကျော် အောင်မြင်ကျော်ကြားတဲ့ ဂီတအဖွဲ့တွေကို တံဆိပ်ခေါင်းထုတ် ဂုဏ်ပြုလေ့ရှိတာပါ။

ဒါဟာ သမိုင်းဝင်ဖြစ်ရပ်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ကို တံဆိပ်ခေါင်းထုတ်တာ ဒါသမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်နေတာပါ။

Spice Girls အဖွဲ့ဟာ ၁၉၉၄ ခုနှစ်မှာ ထွက်လာတဲ့ အဖွဲ့ဖြစ်ပြီး ဒီနှစ်က သူတို့ရဲ့ နှစ် ၃၀ ပြည့် အထိမ်းအမှတ်နှစ် ဖြစ်ပါတယ်။

အထူး တံဆိပ်ခေါင်း ၁၅ ဟာ Royal Mail အနေနဲ့ တံဆိပ်ခေါင်းတစ်တွဲလုံးကို အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ကိုပဲ သီးသန့်ထုတ်ဝေတဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: BBC

………………………………..

ထိုင်းတွင် အသားစိမ်းစားသုံးမှုကတဆင့် ကူးစက်ရောဂါ ဖြစ်ပွားမှုများလာ

ထိုင်းမှာ ပြီးခဲ့တဲ့ သုံးပတ်ထဲ အသားစိမ်းစားသုံးရာကနေ ကူးစက်တဲ့ လူကို သေစေနိုင်တဲ့ Streptococcus suis ရောဂါ ကူးစက်မှုတွေ များပြားလာနေခဲ့ပါတယ်။

ကူးစက်ရောဂါဖြစ်ပွားနေတဲ့သူတွေ အနည်းဆုံ ၁၃၇ ဦးအထိ ရှိလာသလို သေဆုံးတဲ့ဦးရေကလည်း ၈ ဦးအထိ ရှိနေခဲ့ပြီလို့ ဇန်နဝါရီလ ၅ ရက်နေ့တွင် ထိုင်းဆရာဝန်တွေက သတိပေးခဲ့တာပါ။

ကူးစက်မှုနဲ့ လူသေဆုံးမှုတွေကိုတော့ နခွန်ရက်ချာစီမားခရိုင်မှာ အများဆုံးတွေ့ရှိခဲ့ရတယ်လို့ ဆိုထားပါတယ်။

ရောဂါပိုးရှိနေတဲ့ ဝက်သားစိမ်းတွေစားသုံးရာကနေ ဒါမှမဟုတ် ကိုင်တွယ်ရာကနေ ကူးစက်ပျံ့နှံ့လာတာပါ။

Streptococcus suis ရောဂါက ရောဂါပိုးရှိနေတဲ့ ဝက်သားတွေကို အစိမ်းစားသုံးတာ ကိုင်တွယ်တာကနေတဆင့် အလွယ်တကူ ကူးစက်ခံရနိုင်တဲ့ ရောဂါပိုး တစ်မျိုးဖြစ်ပါတယ်။

ရောဂါကူးစက်ခံရလို့ရှိရင် ဖျားတာ၊ ခေါင်းကိုက်တာ၊ အကြားအာရုံဆုံးရှုံးနိုင်တာအပြင် အဆိုးဆုံးအနေနဲ့ အသက်သေဆုံးစေနိုင်တဲ့အထိ အန္တရယ်ရှိနေတယ်လို့ သတိပေးထားပါတယ်။

Ref: Nation Thailand

………………………………..