အပစ်ရပ်သဘောတူညီချက် စတင်အသက်ဝင်သော်လည်း စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ဟု မြောက်ပိုင်းမဟာမိတ်ပြော

0
3036

ရှမ်းမြောက်တွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီချက် စတင်အသက်ဝင်နေပြီဖြစ်သော်လည်း ယနေ့ ဇန်နဝါရီလ ၁၂ ရက်တွင် စစ်ကောင်စီတပ်က မြို့နယ်အချို့တွင် လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်သည်။

ရှမ်းမြောက်ရှိ မဟာမိတ်အဖွဲ့တို့ သိမ်းယူထားသည့် စစ်ဆင်ရေးနယ်မြေတွင် တိုက်ပွဲများ မရှိသော်လည်း ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများကို ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

နမ့်ဆန်မြို့နယ်၊ ကွယ်ဟယ်ကျေးရွာတွင် စစ်ကောင်စီဘက်က လေကြာင်းဖြင့် ငါးကြိမ်လာရောက် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာတွင်းရှိ ပါရမီလက်ဖက်စက်ရုံမှာ ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

နမ္မတူမြို့နယ်၊ မန်လီကျေးရွာအား စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းအပါအဝင် နေအိမ် သုံးလုံး ထိမှန်ပျက်စီးခဲ့ကြောင်းလည်း ဆိုသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်မဲ၊ မိုးကုတ်၊ သီပေါ၊ လားရှိုးမြို့နယ်တို့တွင် ယနေ့ နံနက်၊ နေ့လယ်နှင့် နေ့လယ်ပိုင်းတို့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးကြောင်း တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်သည်။

ကျောက်မဲမြို့နယ် ပါးပုတ်ကျေးရွာသို့ ယနေ့ နံနက်တွင် လက်နက်ကြီးဖြင့် နှစ်ကြိမ် ပစ်ခတ်ခဲ့ပြီး မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာကိုလည်း လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

သီပေါမြို့နယ် မန်ဟယ်ကျေးရွာကိုလည်း ယနေ့ မွန်းလွဲပိုင်းတွင် လက်နက်ကြီးဖြင့် တစ်ကြိမ်ပစ်ခတ်ခဲ့ပြီး သီပေါမြို့နယ် မန်ဟယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ဆိုသည်။

လားရှိုးမြို့နယ်တွင်လည်း ကုန်ပေါင်ကျေးရွာသို့ လက်နက်ကြီးဖြင့် ခြောက်ကြိမ်၊ မခီနုကျေးရွာသို့ လက်နက်ကြီးဖြင့် လေးကြိမ်၊ အီနိုင်းကျေးရွာသို့ လက်နက်ကြီးဖြင့် လေးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ ကြားဝင်စေ့စပ်မှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇန်နဝါရီလ ၁၁ ရက် ည ၉နာရီခန့်စတင်ကာ နှစ်ဖက် အပစ်အခတ်မှု ချက်ချင်း ရပ်စဲရန် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ်တို့ ဇန်နဝါရီလ ၁၁ ရက်တွင် သဘောတူညီခဲ့ ကြသည်။

သဘောတူညီချက်အရ မဟာမိတ်တို့ဘက်က ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်၏ စခန်းများ၊ ဗျူဟာကုန်းများအား ထိုးစစ်ဆင် တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့သလို စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့တို့ ထိန်းချုပ်၊ သိမ်းပိုက်ထားသော နေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။