ပြောင်းလဲဖွဲ့စည်းလိုက်သည့် ဗထူးတပ်မတော်တွင် မမကြီးက တပ်ရင်းမှူးအဖြစ်ပါဝင်

0
7314
ပုံစာ - ဗထူးတပ်မတော် တပ်ရင်းမှူး။ ဓာတ်ပုံ - ဗထူးတပ်မတော်။

ထားဝယ်ခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးစစ်ကြောင်းတစ်ခုဖြစ်သည့် ဗထူးစစ်ကြောင်းကို ဗထူးတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ဇန်နဝါရီလ ၂ နေ့က ထုတ်ပြန်လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေသည်ဟု သတင်းထွက်နေပြီး လောင်းလုံး ပကဖ ဒုတာဝန်ခံအဖြစ်မှ နုတ်ထွက်ထားသည့် မမကြီးက ဗထူးတပ်မတော်တွင် တပ်ရင်းမှူးအဖြစ် ပါဝင်လာသည်ကို ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။

ယင်းဓာတ်ပုံမှတ်တမ်းများတွင် မမကြီးက တပ်ရင်းမှူးအဖြစ် မိန့်ခွန်းပြောကြားခဲ့သလို လက်နက်ပေးအပ်ခြင်းများလည်း လုပ်ဆောင်ခဲ့သည်။

ဗထူးစစ်တပ်မတော်ကို အကြောင်းအမျိုးမျိုးကြောင့် ပကဖမှ နုတ်ထွက်လာသည့် တပ်စု၊ တပ်ဖွဲ့များ၊ စစ်သည်များ၊ Local PDF များနှင့် စစ်ကြောင်းကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း ပူးပေါင်းထားကြောင်း ဗထူးတပ်မတော်၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က ဆိုသည်။

“အဓိကကတော့ ကျွန်တော်တို့က စစ်အာဏာရှင်စနစ်ကိုအမြစ်ပြတ်ချေမှုန်းတဲ့နေရာမှာ စုစည်းမှုအပိုင်းရော၊ အင်အားစုဖွဲ့မှု အပိုင်းရော ပိုပြီးစည်းစည်းလုံးလုံး လက်တွဲပြီး ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ခရီးကို အရင်ကထက်ပိုပြီး မြန်မြန် လျှောက်လှမ်းသွားနိုင်တာပေါ့” ဟု ၎င်းက ပြောသည်။

ဗထူးစစ်ကြောင်းကို စစ်ရေးအရှိန်မြှင့်ရန်နှင့် စုဖွဲ့မှုပိုမိုအားကောင်းစွာဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ချေမှုန်းနိုင်ရန် အတွက် ဗထူးတပ်မတော်အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ကိုထက်မြက်က ပြောဆိုသည်။

ဒလန်ဟူသောစွပ်စွဲချက်ဖြင့် အသက် ၆၄ နှစ်ကျော်အရွယ် သီလရှင်ကြီးတစ်ပါးအပါအဝင် လူခုနစ်ဦးကို သတ်ဖြတ်ခဲ့မှုနှင့် အခြားသော ကိစ္စရပ်များအတွက် လောင်းလုံးပကဖ ဒုတာဝန်ခံ မမကြီးနှင့် လောင်းလုံး ပကဖ တာဝန်ခံ နဂါးမင်း(ခေါ်)နုတ်ခမ်းမွှေးတို့ကို NUG ကာကွယ်ရေးဝန်းကြီးဌာနက စစ်ဆေးနေခြင်းဖြစ်သည်။

ယင်းစစ်ဆေးနေမှုနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် တိုင်းပကဖတာဝန်ခံ ရဲဘော်စတားကို Dawei Watch ကဆက်သွယ်မေးမြန်းခဲ့ရာတွင် စုံစမ်းစစ်ဆေးနေသည်မှာ မှန်ကန်ကြောင်းနှင့် လတ်တလော တာဝန်မှဆိုင်းငံ့ထားကြောင်း အတည်ပြုဖြေကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ”ဝန်ကြီးဌာနအနေနဲ့ ကနဦးစုံစမ်းစစ်ဆေးမှု လုပ်ပြီးပါပြီ ၊ပကဖက နုတ်ထွက်ရုံနဲ့ ပြစ်မှုတွေကို ရှောင်လွှဲသွားလို့မရပါဘူး။ စီမံခန့်ခွဲမှုနည်းလမ်းအရကော ဥပဒေကြောင်းအရပါ အရေးယူဆောင်ရွက်သွားဖို့ ရှိပါမယ်” ဟု ဇန်နဝါရီလ ၅ ရက် ယနေ့မနက်တွင် ပြန်လည်ဖြေကြားသည်။

လောင်းလုံးပကဖတာဝန်ခံ နဂါးမင်းနှင့် ဒုတာဝန်ခံ မမကြီးတို့ကို ရာထူးတာဝန်မှ ရက်အကန့်အသတ်ဖြင့် ရပ်ဆိုင်းထားကြောင်း၊ ယင်းအပြင် ၎င်းတို့နှစ်ဦးကိုယ်တိုင်ကလည်း လောင်းလုံးပကဖမှ နုတ်ထွက်ကြောင်း စာတင်လာတာရှိသည်ဟု တနင်္သာရီတိုင်းပကဖတာဝန်ခံ ရဲဘော်စတားက ပြောသည်။

“(စုံစမ်းစစ်ဆေးနေမှု အပေါ်)အဲ့ကိစ္စပြောခွင့်မရှိသေးလို့ပါ။ သူတို့နှစ်ယောက်ကို တာဝန်ကနေ ရပ်ဆိုင်းလိုက်တာကတော့ ဒီပကဖရဲ့လုပ်ငန်းလမ်းညွှန်ဖြစ်တယ်၊ ဒီအထက်အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်ကို လိုက်နာမှုမရှိလို့ပေါ့နော်၊ တာဝန်ကရပ်ဆိုင်းလိုက်တာပါ” ဟု ကိုစတားက ယနေ့ မနက်တွင် ပြန်လည်ဖြေဆိုသည်။

ထားဝယ်ခရိုင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ကိုမင်းလွင်ဦးကလည်း MOD ၏ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှုအောက်မှာ ရှိနေစဉ်ကာလတွင် ကျူးလွန်ခဲ့သည့်ကိစ္စများနှင့်ပတ်သက်ပြီး ဝေဖန်မှုများစွာရှိနေချိန် MOD ကွပ်ကဲမှုအောက်က မဟုတ်သည့် ဗထူးတပ်မတော်တွင် တာဝန်ထမ်းဆောင်လာသည့်အပေါ် လွန်စွာစိုးရိမ်ကြောင်း ပြောသည်။

“နုတ်ထွက်တာမျှနဲ့ ပြီးသွားရမယ့်ကိစ္စမဟုတ်ဘူး။ ပြစ်မှုကျူးလွန်ခဲ့တာတွေကို စုံစမ်းစစ်ဆေးပြီး အပြစ်ရှိတာတွေကို အပြစ်ပေးရမယ်။ ပကဖမှာ တာဝန်ယူချိန်မှာ မှားမှား ယွင်းယွင်းဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေအတွက် တာဝန်ခံရော၊ ဒုတာဝန်ခံ နှစ်ယောက်စလုံးမှာ တာဝန်ရှိတယ်။ ပကဖကနေ နုတ်ထွက်သွားတာမျှနဲ့ ဒီအတိုင်းလွှတ်ပေးလိုက်လို့ မရဘူး။လွှတ်ပေးလိုက်တဲ့အတွက် သူတို့ကို ဝေဖန်ထောက်ပြနေတဲ့ ပြည်သူတွေအတွက် ပိုပြီးတော့ အန္တရာယ်ရှိလာတယ်” ဟု ၎င်းက ဆိုသည်။

ဗထူးစစ်ကြောင်းကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် ထားဝယ်ခရိုင် လေးမြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်စု၊ တပ်ဖွဲ့များဖြင့် စုပေါင်းဖွဲ့စည်းခဲ့ပြီး ထိုအထဲတွင် လောင်းလုံး ပကဖ၊ ရေဖြူ ပကဖ၊ DGRF၊ YPPDF နဲ့ TPDF တပ်ရင်းတပ်ဖွဲ့များ ပါဝင်သည်။

ယင်းသို့ဖွဲ့စည်းပြီးနောက် ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်များတွင် နယ်မြေခံအင်အားစုများနှင့် စစ်ရေးပူးပေါင်းလုပ်ဆောင်ခဲ့သည်။