မြိတ်အကျဉ်းထောင်က လွတ်မြောက်လာသူများတွင် နိုင်‌ငံရေးအကျဉ်သား မပါဟုဆို

0
988

လွတ်လပ်ရေးနေ့တွင် မြိတ်အကျဉ်းထောင်က လွှတ်ပေးလိုက်သူများအထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်း မရှိကြောင်း မြိတ်မြို့ခံအချို့က ပြောသည်။

မြိတ်အကျဉ်းထောင်က အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၇၄ ဦးကို လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

“မူးယစ်ဆေးသမားနဲ့ ခိုးဆိုးလုနှိုက်တွေပဲ လွှတ်ပေးတာ။ နိုင်ငံရေးအကျဉ်းသားတစ်ယောက်မှ မပါဘူး။ အဲဒါသေချာတယ်” ဟု အကျဉ်ထောင်နှင့် နီးစပ်သူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး မြိတ်ဒေသခံတစ်ဦးက ပြောသည်။

မြိတ်မြို့နယ် ကျောက်ဖြူတောင် ရဲဘက်စခန်းကလည်း အမျိုးသား ၂၇ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။

ထားဝယ်အကျဉ်းထောင်တွင်မူ အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၁၄ ဦးကိုပြန်လွှတ်ပေးခဲ့ပြီး ထိုအထဲတွင် နိုင်ငံ‌ရေးအကျဉ်းသူ သုံးဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတို့ထံမှ သိရသည်။

ကော့သောင်းအကျဉ်းထောင်က မည်မျှလွှတ်မြောက်လာသည်ကို မသိရသေးပေ။

ထားဝယ်နှင့် မြိတ်အကျဉ်းထောင်တို့တွင် နိုင်ငံရေးအကျဉ်သား ၆၀၀ ကျော် ကျန်ရှိနေသေးကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောဆိုသည်။

၇၆နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ကိုးထောင်ကျော်နှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦးတို့ကို စစ်ကောင်စီက ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ယင်းသို့ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။