PDF များကို ဝင်ရှာသည်ဟုဆိုကာ စစ်ကောင်စီတပ်က ကံမော်ကြီးရွာသားအချို့ကို ရိုက်နှက်စစ်ဆေး

0
2249

PDF များကို ဝင်ရှာသည်ဟုဆိုကာ ကော့သောင်းခရိုင် ကရသူရိမြို့ရှိ မသေကျေးရွာအုပ်စုသို့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်လာပြီးနောက် ရွာသားအချို့ကို ရိုက်နှက်စစ်ဆေးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့က မသေကျေးရွာအုပ်စုရှိ ကံမော်ကြီးရွာသို့ အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် စစ်သင်္ဘောဖြင့် ဝင်လာကြောင်း အသက် ၃၈ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

စစ်ကြောင်းဝင်လာပြီးနောက် ဒေသခံလူငယ် ၃ ဦးကို ရိုက်နှက်စစ်ဆေးခဲ့သလို အမျိုးသမီးတစ်ဦးကိုလည်း စစ်ကြောင်းနှင့်အတူ ဖမ်းခေါ်သွားပြီး နောက်ပိုင်းမှ ပြန်လွှတ်လိုက်ကြောင်း ၎င်းက ပြောသည်။

“PDF တွေဝင်လာတယ်ဆိုပြီး (စစ်ကောင်စီတပ်က) ကင်းပုန်းလာဝပ်တာ ။ ကျွန်တော်တို့ရွာမှာလေ။ PDF လည်း မလာဘူး။ ရွာက သားငယ် (လူငယ်)တွေကို အိမ်ပေါ်မှာတက်ရိုက်တယ်။ လမ်းဘေးမှာ မှောက်ခိုင်းပြီးရိုက်တာ။ ပြီးတော့ပြန်လွှတ်လိုက်တာပေါ့” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထို့အပြင် ညနေ ၆ နာရီနောက်ပိုင်းအပြင်ထွက်ပါက ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်စစ်ကြောင်းက ကင်းပုန်းလာဝပ်ချိန်တွင်လည်း မီးပိတ်ထားသည့်အိမ်ပိုင်ရှင်များကို ဆဲဆိုကြိမ်းမောင်းခဲ့ကြောင်း ၎င်းက ဆိုသည်။

“အိမ်ရှေ့မှာ ကင်းပုန်းဝပ်တဲ့အချိန် မီးပိတ်ရင် မထီလေးစား ဘာဖြစ်လို့မီးပိတ်တာလဲဆိုပြီး အိမ်ပေါ်မှာတက်ရှာ တက်ရိုက်တာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ကံမော်ကြီးရွာသည် ပင်လယ်ကမ်းစပ်တွင်တည်ရှိပြီး အိမ်ခြေ ၂၀၀ ခန့်ရှိကာ ပင်လယ်ငါးဖမ်းသည့်တံငါလုပ်ငန်းနှင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကလုပ်ကိုင်ကြ ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် မတ်လကုန်က မသေကျေးရွာအုပ်စုရှိ ဝါးကျွန်းရွာ ပျူစောထီး (ပြည်သူ့စစ်) ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့ကို ပစ်ခတ်ရှင်းလင်းပြီး AK 47 လေးလက်၊ ကျည်ဘောက် ငါးခု၊ M 16 တစ်လက်၊ ကျည်ဘောက် ၁၁ ခု၊ ဗုံးသီး လေးလုံးသိမ်းဆည်းနိုင်ခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။