ရုရှားအနောက်တောင်ပိုင်းနှင့် ခရိုင်းမီးယားတို့တွင် ပေါက်ကွဲမှုများ တစ်ညလုံးဖြစ်ပြီး လူ ၂၅ ဦး သေဆုံး

0
1279
Photo - BBC

ရုရှားနိုင်ငံ အနောက်တောင်ပိုင်းဒေသရှိ နေရာများနှင့် ခရိုင်းမီးယားနယ်မြေရှိ နေရာများတွင် တစ်ညလုံးနီးပါး ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။

ယခုပေါက်ကွဲမှုများသည် ပြီးခဲ့သည့်စနေနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ရုရှားအကြီးတန်းအရာရှိများက အတည်ပြုချက် ပေးအပ်လိုက်ပြီဖြစ်ပြီး နယ်စပ်မြို့ ဘယ်လ်ဂိုးရော့ဒ်နှင့် ခရိုင်းမီးယားဒေသရှိ ဆီဗတ်စ်တိုပေါလ်မြို့တို့တွင် ညလုံးပေါက် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

ယူကရိန်းဒုံးကျည်တစ်စင်းကို ပစ်ချလိုက်ပြီးနောက် ယခုပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရုရှားအရာရှိများက အသိပေးခဲ့ပြီး နယ်စပ်မြို့ဖြစ်သော ဘယ်လ်ဂိုးရော့ဒ်မြို့တွင် ပေါက်ကွဲမှုများကြောင့် လူ ၂၅ ဦး အသက်ဆုံးရှုံးသွားခဲ့ရသည်ဟု သိရှိရသည်။

မကြာသေးမီရက်ပိုင်းအတွင်းက ရုရှားနှင့် ယူကရိန်းတို့အကြားတွင် လေကြောင်းတိုက်ပွဲများ တရစပ်ဖြစ်ပွားခဲ့ပြီး ရုရှားဘက်က ငါးရက်အတွင်း ဒရုန်းအစင်းရေ ၂၀၀၊ ဒုံးကျည်အရေအတွက် ၃၀၀ အသုံးပြုကာ တိုက်ခိုက်မှုများရှိခဲ့သည်ဟု ယူကရိန်းသမ္မတ ဇီလင်စကီးက ပြောကြားခဲ့သည်။

ရုရှားသည် ပြီးခဲ့သော သီတင်းပတ်နှောင်းပိုင်းကစ၍ လေကြောင်းမှ အကြီးမားဆုံး ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ယင်းသို့ဗုံးကြဲမှုကြောင့် လူပေါင်း ၄၀ ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။

ယူကရိန်းတပ်ဖွဲ့ဝင်များကလည်း ဘယ်လ်ဂိုးရော့ဒ်မြို့ကို ယင်းသို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ လုပ်အပြီးတွင် တန်ပြန်ထိုးစစ်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီး ယူကရိန်းတပ်ဖွဲ့ဝင်များ၏တန်ပြန်ထိုးစစ်ကြောင့် လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရသွားသည်ဟု သတင်းကြားသိရသည်။