ကလိန်အောင်အခြေစိုက် ခမရ ၄၀၉ တပ်ရင်း ဒရုန်းဖြင့်ဗုံးချခံရ

0
2167
ပုံစာ - ကလိန်အောင်မြို့၊ အောင်သီရီဘုရားကုန်းအဝင်လမ်း။

ကလိန်အောင်မြို့ ကျောက်ရှပ်ရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၄ဝ၉ ခြေမြန်တပ်ရင်းကို ဇန်နဝါရီလ ၂ ရက် နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒရုန်းနဲ့လာချတော့ ဟိုက (စစ်တပ်က) ပြန်ပစ်တာ ကြားရတယ်။ ထိခိုက်တာတော့ မကြားရဘူး “ ဟု ကလိန်အောင်မြို့မှ ကျောက်ရှပ်ရွာဘက်သို့ စျေးသွားရောင်းနေသည့် စျေးသည်တစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေါနတပ်ခွဲ ၄ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF Drone တပ်ဖွဲ့ ၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် T1 နှင့် ရေဖြူတပ်ပေါင်းစုအဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း KBDF မှ ဇန်နဝါရီလ ၃ ရက်ညက ရုပ်သံနှင့်တကွ သတင်းထုတ်ပြန်ထားပါသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ကလိန်အောင်မြို့ရှိ အထကကျောင်းတွင် ကျောင်းလာတက်သူမရှိသဖြင့် ကျောင်းပိတ်လိုက်ရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၂ ရက် ညပိုင်းတွင် ကလိန်အောင်မြို့ အောင်သီရီဘုရားကုန်း (ခ) သီလရှင်ဘုရားကုန်း နှင့် ဇင်းဘာရွာအဝင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများ လာရောက်စစ်ဆေးနေကြောင်း မျက်မြင်တွေ့သူများက ပြောပြသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင်မူ မြို့ခံများ ပုံမှန်အတိုင်းသွားလာနေကြပြီး ထူးထူးခြားခြား စစ်ဆေးမေးမြန်းခြင်း မရှိကြောင်း မြို့ခံများထံက သိရသည်။

ကလိန်အောင်မြို့ ကျောက်ရှပ်ရွာ အခြေစိုက် ခမရ ၄၀၈ ၊ ၄၀၉ နှင့် ၄၁၀ တပ်ရင်း ၃ ခုသည် စကခ ၈ ထားဝယ်၏ ကွပ်ကဲမှုအောက်တွင်ရှိပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်သို့ ရှေ့တန်းသွားရောက်နေသည့် တပ်ရင်းများဖြစ်ကြသည်။