ဘန်ကောက်တွင် ဆိုင်ကယ်စီးလာသော မြန်မာလုပ်သားနှစ်ဦး တံတားပေါ်က ပြုတ်ကျသေဆုံး

0
1008

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအလုပ်သမားနှစ်ဦး စီးလာသည့်ဆိုင်ကယ် တံတားပေါ်က ဂငယ်ကွေ့ ကွေ့စဉ် အရှိန်လွန်ကာ တံတားဘောင်နှင့် တိုက်မိပြီး ပြုတ်ကျသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဘန်ကောက်မြို့ ဘန်ခွန်ထီယမ်နယ်မြေ ဖလန်ဆောင်လမ်းတွင် မဟာချိုင်ဘက်သို့ ဦးတည်မောင်းနှင်ချိန် ဒီဇင်ဘာလ ၃၀ ရက်နေ့ ညတွင် တံတားပေါ်က ပြုတ်ကျသေဆုံးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တံတားပေါ်က ပြုတ်ကျလာပြီးနောက် တံတားအောက်က ဖြတ်သွားသည့် ထိုင်းအငှားကားတစ်စီးနှင့် ထပ်မံတိုက်မိသေးကြောင်း ရေးသားထားသည်။

မြန်မာနှစ်ဦးအနက် အသက် ၃၀ နှစ်အရွယ် ကိုဇော်အမည်ရှိ မြန်မာအလုပ်သမားသည် တံတားပေါ်မှ ဦးခေါင်းကွဲကြေဒဏ်ရာဖြင့် သေဆုံးနေသည်ကို အခင်းဖြစ်နေရာသို့ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိချိန် တွေ့ရှိ ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။

နောက်ထပ် အမည်မသိရသေးသော အသက် ၃၀နှင့် ၄၀ ကြားအရွယ်ရှိ မြန်မာအလုပ်သမားတစ်ဦးမှာလည်း ခြေလက်ကျိုးလျက် သေဆုံးနေသည်ကိုတွေ့ရကြောင်း ဖော်ပြသည်။

၎င်းတို့နှစ်ဦးစီးလာသော ဆိုင်ကယ်သည် တံတားဘောင်နှင့် တိုက်မိပြီးနောက် တံတားပေါ်တွင် ကျန်ရစ်ကာ လူနှစ်ဦး ပြုတ်ကျခြင်းဖြစ်ကြောင်း ဆိုသည်။

တံတားအောက်တွင် ထိုင်းအငှားကားတစ်စီးလည်း ဘေးဘန်ပါနှင့် ထိခိုက်မိထားသည်ကို တွေ့ရှိခဲ့ရကြောင်း သတင်းများက ဖော်ပြသည်။

မြန်မာနှစ်ဦးသည် တံတားပေါ်မှ ပြုတ်ကျပြီးနောက် တံတားအောက်က သွားနေသော ကားနှင့် ထပ်မံတိုက်မိခဲ့ပြီး သေဆုံးခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့၏ ကနဦး ကောက်ချက်ချထားကြောင်းလည်း ဆိုသည်။

မြန်မာအလုပ်သမားနှစ်ဦး၏ ရုပ်အလောင်းကို သင်္ဂြိုဟ်နိုင်ရန်အတွက် ဆွေမျိုးများကို ဆက်သွယ်ပေးမည်ဖြစ်ပြီး ထိုင်းအငှားကားတယာဉ်မောင်းကို ရဲစခန်းတွင် ထပ်မံစစ်ဆေး မေးမြန်းသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: CH 3 Plus News, CH 7 News, MGR Online