မိုင်းငေါ့မြို့ကို တအာင်းတပ်သိမ်းယူ

0
576

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ မိုင်းငေါ့မြို့ကို သိမ်းယူလိုက်ကြောင်း တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်သည်။

မိုင်းငေါ့မြို့ရှိ စစ်ကောင်စီ ဗျူဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို ဒီဇင်ဘာလ ၂၉ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး သုံးရက်အကြာ ဒီဇင်ဘာလ ၃၁ ရက် ညတွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။

မိုင်းငေါ့မြို့တပ်စခန်း ဗျုဟာကုန်းအပါအဝင် ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခြင်း ဖြစ်သည်ဟု ဆိုသည်။

မိုင်းငေါ့မြို့ စစ်ကောင်စီတပ်စခန်းသည် တပ်မ-၁၀၁ လက်အောက်ခံ ခလရ-၂၅၃၊ ခလရ-၂၃၅ တို့မှ လာရောက် ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် တပ်ဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဉ်ဖြင့် ငါးကြိမ်၊ Y12 လေယာဥ်ဖြင့် ၁၉ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြို့နှင့် မြို့ပတ်ဝန်းကျင်သို့ မိုင်းငေါ့တပ်စခန်းက လက်နက်ကြီးဖြင့် အကြိမ် ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး ငါဦးဒဏ်ရာရကာ ဘုရားကျောင်းကန်များနှင့် လူနေအိမ် ၁၄လုံး လေယာဉ်ဗုံးစထိမှန်ပျက်စီးသည့်အပြင် နောက်ထပ် နေအိမ်ငါးလုံး မီးလောင်ပျက်စီးကြောင်း TNLA က ဆိုသည်။

စစ်ကောင်စီတပ်ထံမှ ဟောင်ဝစ်ဇာအမြောက် အပါအဝင် လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။

နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူနှင့် မိုင်းလုံမြို့တို့ကိုလည်း တအာင်းတပ်မတော်က သိမ်းယူထားသဖြင့် မိုင်းငေါ့မှာ ဆဌမမြောက် သိမ်းယူသည့် မြို့လာသည်။