မျှော်လင့်ချက်များစွာဖြင့် နှစ်သစ် (၂)

0
1072

စစ်အာဏာသိမ်းမှုနှင့်အတူ အမှောင်ဆုံးနေ့ရက်များကို ဖြတ်သန်းနေသည့် ပြည်သူများအတွက် ၂၀၂၃ နှစ်ကုန်၍ ၂၀၂၄ နှစ်သစ်ကို ကူးပြောင်းတော့မည်ဖြစ်သည်။

အမှောင်းဖုံးနေသည့် နေရက်များစွာကို အားတင်းကျော်ဖြတ်နေကြသည့် ပြည်သူများအတွက် နှစ်ဟောင်းတွင် ကြုံဆုံခဲ့ရသော စိတ်ပျက်ဖွယ် အခြေအနေများရှိသလို လာမည့်နှစ်သစ်အတွက် လိုချင်တောင့်တမှုများလည်း ရှိနေမည်ဖြစ်သည်။

စစ်အာဏာသိမ်းကာလဖြစ်သည့်အလျှောက် လူမှုရေး၊ စီးပွားရေး၊ ဘဝလုံခြုံရေး၊ စားဝတ်နေရေးကိစ္စရပ်များတွင် ဆိုးရွားသည့် အကျပ်အတည်းများကို ကြုံတွေ့ခဲ့ကြရသည်။

လာမည့်နှစ်သစ်တွင်မူ မျှော်လင့်ချက်အသစ် မျှော်မှန်းချက်အသစ်ကိုယ်စီဖြင့် ဖြတ်သန်းရန် အားခဲထားသည့် အခြေအနေနှင့် ကြုံတွေ့ရနိုင်သော အခြေအနေများအပေါ် မည်သို့မျှော်လင့်ထားကြသည်ကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်ရပါသည်။

“ဒီနှစ်အကောင်းဆုံးမျှော်လင့်တယ်။ ပထမ သုံးလေးလလောက်ထဲမှာတော့ နိုင်ငံရေးအပြောင်းအလဲတွေ ရှိလိမ့်မယ်လို့ထင်တယ်”

ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦး

DW ။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့စာရင် ၂၀၂၃ ခုနှစ်မှာ ဘာတွေ ထူးထူးခြားခြားဖြစ်ပျက်ခဲ့လဲ။

ဖြေ ။ ၂၀၂၃ ဆိုရင် အေးချမ်းသွားလိမ့်မယ်လို့ အဲဒီတုန်းကထင်ခဲ့တာပေါ့နော်။ ဒါပေမဲ့ မျော်လင့်တဲ့အတိုင်းတော့ ဖြစ်မလာခဲ့ဘူး ။အဓိကနိုင်ငံရေးအခြေအနေ မတည်ငြိမ်တော့ အခြေခံလူတန်းစားတွေ စားဝတ်နေရေးတွေ ပိုထိခိုက်လာတာရှိတယ်။လမ်းပန်းဆက်သွယ်‌ရေးကလည်း အဆင်မပြေတော့ အခြေခံလူတန်းစားတွေ ပိုပြီးအကျပ်အတည်းတွေ နဲ့ ရုန်းကန်ရတဲ့ နှစ်တစ်နှစ်ပေါ့။နယ်ဘက်ကတော့ ပိုဆိုးတာပေါ့။ဟိုဘက်က ကန်လည်းခံ ဒီဖက်ကန်လည်းခံ ။ပြည်သူဆိုတော့ ဘယ်သူမှား ဘယ်သူမှန်တယ်လို့ မပြောဘူးလေ။

ထားဝယ်အနေနဲ့ကျတော့ အရောင်းအဝယ်အေးလာတယ်။ ဒီနှစ်ကုန်ခါနီးမှာတောင် အရောင်းအဝယ်ပါးလာတယ်။၂၀၂၂ မှာ ပုံမှန်ပါပဲ မဆိုးဘူးပေါ့နော်။ကိုဗစ်အပြီးမှာတောင် အရောင်းအဝယ်ပုံမှန်ထက်ပိုပြီး လည်ပတ်နိုင်သေးတယ်။ ကုန်စီးဆင်းမှုကလည်းကောင်းနေသေးတာကိုး။အခု ၂၀၂၃ ပထမ ခြောက်လနဲ့ နောက် ခြောက်လ သိပ်မတူဘူး။စက်တင်ဘာလကစပြီး ပိုပိုပြီး အရောင်းအဝယ်ပါးလာတယ်။နယ်ဘက်က လူတွေက အရင် သိန်း ၂၀ ဖိုးကုန်ဝယ်ရင် အခုက ငါးသိန်းဖိုးလောက်ပဲဝယ်ကြတော့တယ်။နယ်ကလူတွေ အဝယ်လျော့လာတော့ ဒီဘက်မှာ ရောင်းအားလျော့ကျလာတာပေါ့လေ။ မနှစ်ကနဲ့စာရင် ဒီနှစ် ၉ လပိုင်းကနေ ၁၂ လပိုင်းအထိ ရောင်းလို့ဝယ်လို့ မကောင်းဘူး။

DW ။ ဒီနှစ်(၂၀၂၄) ကျတော့ရော ဘယ်လိုမျှော်လင့်ထားတာရှိလဲ။

ဖြေ ။ ဒီနှစ်အကောင်းဆုံးမျှော်လင့်တယ်။ဘယ်လိုမျှော်လင့်လဲဆိုတော့ ပထမ သုံးလေးလလောက်ထဲမှာတော့ နိုင်ငံရေးအပြောင်းအလဲတွေရှိလိမ့်မယ်လို့ထင်တယ်။ပထမခြောက်လနောက်ပိုင်းမှာတော့ အေးချမ်းသွားလိမ့်မယ်လို့ ထင်ပါတယ်။

၂၀၂၂ တုန်းကလည်း ဒီလိုမျော်လင့်တာဘဲ့(ရယ်လျှက်) ။သတင်းဆိုတာကလည်း နှစ်ဖက်နားထောင်ရတာပဲလေ။ အပြောင်းအလဲကတော့ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်။

DW ။ တကယ်လို့ ဖြစ်မလာဘူးဆိုရင် ဘယ်လိုရင်ဆိုင်မလဲ။

ဖြေ ။ ဖြစ်မလာဘူးဆိုရင်လည်း ဘယ်တတ်နိုင်မှာလဲ။လူတွေကတော့ ဒုက္ခအမျိုးမျိုး ရင်ဆိုင်ရတာပေါ့။ နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံအတွက်အကောင်းဆုံးပဲ မျှော်လင့်ရတာပဲလေ။ကိုယ်နိုင်ငံအေးချမ်းဖို့ပဲ မျှော်လင့်တာပဲလေ။ အေးအေးချမ်းချမ်းနေချင်ကြတာချည်းပဲကိုး။ရန်ဖြစ်နေ သတ်နေတာ ဖြတ်နေတာ ထက်စာရင်။ဘယ်သူမှား၊ဘယ်သူမှန်တယ်ဆိုတာထက် အေးအေးချမ်းချမ်းပဲ အကောင်းဆုံး ဖြစ်စေချင် တယ်။ဖြစ်မလာဘူးဆိုရင်လည်း ပြည်သူလုထု ပိုပြီးရင်ဆိုင်ရ ပိုပြီး ဒုက္ခရောက်ရတာပဲပေါ့။

“ဘယ်အချိန်ဆိုရင် ပြေးရမလဲဆိုတဲ့ခံစားချက်တွေနဲ့ပဲ ထိတ်တလန့်လန့်နဲ့ နေရတာနဲ့ပဲ တစ်နှစ်ကုန်သွားတာပဲ”

အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ကော့သောင်းမြို့

DW ။ အခုဆိုရင် နှစ်လည်းကုန်တော့မယ်ဆိုတော့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး နှစ်ဟောင်းမှာ မျှော်လင့်ထားတဲ့အရာတွေနဲ့ ဖြစ်သွားတာ ဘယ်လိုကွာခြားနေလဲ။

ဖြေ ။ ကော့သောင်းမှာကတော့ ပုံမှန်အနေအထားပဲဆိုတော့ အခုနှစ်ထဲမှာ ထွေထွေထူးထူး ပြောင်းလဲလာတာဆိုလို့ ငွေဈေးနှုန်းနဲ့ ခရီးသွားစရိတ်ပေါ့နော်။ မျှော်လင့်ချက်ဆိုတဲ့နေရာမှာက ခရီးသွားတဲ့အချိန်မှာ ကားလမ်းတွေမှာ မအေးဆေးတဲ့အချိန်တွေမျိုး မလိုချင်ဘူးပေါ့။ တနင်္သာရီတိုင်းထဲမှာ အေးအေးချမ်းချမ်းနဲ့ ကျောလုံလုံနဲ့ပဲ သွားချင်တယ်တယ်ပေါ့။ဟိုနားကိုသွားရင် အန္တရာယ်ဖြစ်မလား ဒီနားသွားရင်အန္တရာယ်ဖြစ်မလားဆိုတဲ့ စိုးရိမ်မှုတွေ မရှိဘဲနဲ့ လွတ်လွတ်လပ်လပ်နဲ့ ခရီးသွားရတဲ့ဘဝတွေမျိုးပဲ ပြန်လိုချင်တာပေါ့။

စီးပွားရေးအနေနဲ့ ပြောမယ်ဆိုရင် တော်တော်လေးကွာဟထားတဲ့ဟာကို ပြောမယ်ဆိုရင် ဆင်းရဲတဲ့လူနဲ့ ချမ်းသာတဲ့လူနဲ့ဆိုတဲ့ လူတန်းစားပဲရှိတော့တယ်။ အခြေခံ(လူလတ်တန်းစား)လူတန်းစားဆိုတာ နည်းသွားတယ်လေ။ တော်တော်ကွာဟသွားတဲ့အနေအထားတွေ ဖြစ်လာတယ်လေ။ ဆင်းရဲတဲ့လူဆိုရင်လည်း တအားဆင်းရဲသွားပြီးတော့ ရှိ(ချမ်းသာ)တဲ့လူလည်း တအားရှိသွားတယ်ပေါ့။ဘာကြောင့်ဖြစ်ရလဲဆိုတော့ အခုငွေဈေးနှုန်းအပြောင်းအလဲမှာဆိုရင် ငွေများငွေနိုင်မှာပဲလေ။ ငွေမရှိတဲ့သူက ငွေလက်မဲ့ဖြစ်တဲ့အတွက်ကြောင့် ဘာစိတ်ကူးအိုင်ဒီယာတွေလည်း ဖော်လို့မရဘူး။ ပြီးတော့ စီးပွားရေးအဆင်မပြေတဲ့ကြားကာလမှာ ဘာပဲရင်းနှီးမြှုပ်နှံမြှုပ်နှံ အရှုံးကပေါ်နေမှာ ပဲလေ။ငွေရှိတဲ့သူတွေကတော့ ယိုင်သွားမယ့်ကိစ္စဖြစ်လည်း ထောက်တိုင်တွေနဲ့ ပြန်ထောက်ထားနိုင်ပေမယ့် လက်ထဲမှာ မစို့တပို့နဲ့ လုပ်မယ့် ရင်းနှီးမြှုပ်နှံသူအတွက်က စိန်ခေါ်မှုတစ်ခုပဲလေ။ ငွေဈေးအပြောင်းအလဲမှာ လူတွေက တအားယိုင်သွားတာလေ။

လူမှုရေးအနေနဲ့ ပြောမယ်ဆိုရင် အခုချိန်မှာက ပျော်ပွဲရွှင်ပွဲတွေ အင်မတန်နည်းတယ်လေ။ ပြီးတော့ လူအနည်းစုပဲ ပျော်နေတာရှိမယ်လေ။ ကျန်တဲ့လူတွေက ရုန်းကန်နေရတာကိုး။ စားဝတ်နေရေးအတွက်။ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့လည်း အရမ်းကြီးမတွေ့ဖြစ် မဆုံဖြစ်ကြတော့ဘူးလေ။

DW ။ ဆိုတော့လေ ၂၀၂၃ ခုနှစ်မှာ ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာ အတွေ့အကြုံလေးကို ချုပ်ပြီးပြောပြပေးပါလား။

ဖြေ ။ ပြောမယ်ဆိုရင် အရင်တုန်းကအချိန်တွေနဲ့စာရင် ပျော်ရွှင်မှုဆိုတာ မရှိဘူးလေ။ စိတ်လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်ရတာမျိုးမဟုတ်ဘဲနဲ့ ဖြတ်သန်းရလာရတာပဲလေ တစ်နှစ်ပတ်လုံးကတော့။ သူများ မြို့နယ်တွေမှာလည်း (တိုက်ပွဲနဲ့ပဋိပက္ခ)ဖြစ်နေတယ်။ တို့ဆီမှာလည်း ဘယ်အချိန်ဆိုရင် ပြေးရမလဲဆိုတဲ့ခံစားချက်တွေနဲ့ပဲ ထိတ်တလန့်လန့်နဲ့ နေရတာနဲ့ပဲ တစ်နှစ်ကုန်သွားတာပဲ။ လူတိုင်းကတော့ ကြံကြောက်ကြောက်နေရတာပေါ့နော်။ နှစ်ဖက်စလုံးကို ကြောက်နေရတဲ့အချိန်ပေါ့လေ။

DW ။ လာမယ့် ၂၀၂၄ ခုနှစ်မှာရော ဘယ်လိုမျှော်လင့်ထားလဲပေါ့နော်။

ဖြေ ။ အားလုံးအေးချမ်းသွားစေချင်တယ်။ ကိုယ့်အတွက်မဟုတ်ဘူး တတိုင်းပြည်လုံးအတွက်။ အကုန်လုံးက အေးအေးဆေးဆေးနဲ့ ပုံမှန်အနေအထားမျိုး ပြန်ဖြစ်လာမလားလို့ မျှော်လင့်တယ်။ မျှော်လင့်တယ်ဆိုတဲ့အထဲမှာ ငါးဆယ် ငါးဆယ်ကို မသေချာဘူးလေ။အဓိကကတော့ အေးအေးဆေးဆေးနဲ့ပဲ သွားလာနိုင်အောင်၊ နောက်ကျောလုံအောင်၊ ထိတ်တလန့်လန့်နဲ့နေရတဲ့ဘဝတွေ မဖြစ်အောင်ပေါ့။ ကော့သောင်းမှာဆိုလည်းပဲ ကျေးရွာတွေမှာ နယ်စပ်တွေမှာဖြစ်နေတဲ့ဟာတွေလည်း ရှိတယ်လေ။ အဲဆို အားလုံးအေးချမ်းသွားစေချင်တယ်။

DW ။ မျှော်လင့်ထားတာ တစ်ပိုင်းပေါ့လေ။ မျှော်လင့်ထားသလိုမျိုး ဖြစ်လာနိုင်မယ်လို့ ထင်လား။ မဖြစ်လာရင်ရော ဘာဆက်လုပ်မလဲ။

ဖြေ ။ ကိုယ်တွေကတော့ ဘာလည်းဆက်လုပ်ဖို့ မရှိဘူးလေ။ ဖြစ်လာတဲ့အပေါ်မှာပဲ အကောင်းဆုံးဖြစ်အောင်ပဲ နေထိုင်သွားရဖို့ကိုး။

“တကယ့်အရည်အချင်းရှိတဲ့ အလားအလာရှိတဲ့လူငယ်တွေလည်း အခုတစ်နှစ်ထဲမှာ သုံးပုံနှစ်ပုံလောက် နိုင်ငံခြားရောက်သွားတယ်”

ရာသီပေါ်သီးနှံ စိုက်ပျိုးလုပ်ကိုင်နေသည့် လူငယ်အမျိုးသမီးတစ်ဦး၊ ရေဖြူမြို့နယ်

DW ။ အခုဆိုရင် နှစ်လည်းကုန်တော့မှာဆိုတော့ လူမှုရေး၊စီးပွားရေး၊နိုင်ငံရေးတွေနဲ့ပတ်သက်ပြီး နှစ်ဟောင်းမှာမျှော်လင့်ထားတဲ့အရာတွေနဲ့ ဖြစ်သွားတာတွေ ဘယ်လိုကွာခြားနေပါသလဲ။

ဖြေ ။ ကိုယ်နဲ့အနီးစပ်ဆုံး စီးပွားရေးနဲ့ ပတ်သက်ရင်တော့ အခုဆိုရင် ရွာဘက်တွေမှာ သိတဲ့အတိုင်းပဲ ရော်ဘာအပြင် ခြံထွက်သီးနှံ အုန်းသီး၊ကွမ်းသီးရှိတယ်။ အဲဒီခြံထွက်သီးနှံတွေက ဘာစျေးမှရှိမနေဘူး။ရော်ဘာကတော့ ထားလိုက်ဦး။ အသင့်အတင့်စျေးက ရှိနေတယ်။ အုန်းသီးလည်းစျေးရသေးတယ်။ အဓိက က ကွမ်းသီး။ ရွာဘက်မှာက ကွမ်းသီး စိုက်တဲ့သူက ပေါတယ်။ အခုကွမ်းသီးစျေးက လုံးဝမရှိဘူး။ အရင်ကဆို ကွမ်းသီးစျေးကောင်းရကြလို့ ရော်ဘာခြံတွေ သတ်ပြီး ကွမ်းခြံတွေပြန်တည်ကြတယ်။ ကွမ်းသီးကခြံရှင်တွေအပြင် စီးပွားဖြစ်ရောင်းဝယ်သမားတွေပါ အကြီးအကျယ်ရှုံးနေကြတယ်။ ခြံရှင်တွေအနေနဲ့က ခြံရှိနေရင်ပစ်ထားလို့လည်းမရတော့ သွားလာနေရတာပဲ။ သွားလာရတဲ့ လမ်းပန်းဆက်သွယ်ရေး လုံခြုံရေးကလည်း အဆင်မပြေတော့ ကြန့်ကြာတာတွေဖြစ်တယ်။ ကိုယ့်ဒေသထွက် ပစ္စည်းတွေက တစ်ခုလည်းစျေးရှိမနေဘဲနဲ့ သူများဆီကပြန်ဝယ်သုံးရတဲ့ ပစ္စည်းတွေက တအား အဆမတန်စျေးတက်နေတော့ မမျှတနေဘူး။ ထက်ဝက်လောက်တောင်ရှိတယ်။ ကုန်စျေးနှုန်းစတက်ကာစဆို တက်တုန်းခဏတက်တာပဲနေမှာ ပြန်ကျလိမ့်မယ်လို့တွေးတယ်။ ဒါပေမဲ့ပြန်မကျဘူး။ စက်သုံးဆီစျေးတွေ တက်နေလို့ ကုန်သွယ်ခကြီးတာလည်းပါမယ်။ စီးပွားရေးက ခြုံပြောရရင် နယ်တွေမှာက တော်သေးတယ်။ ခြံတွေရှိနေလို့ ထမင်းစားဖို့အတွက် လုံလောက်နေသေးတယ်။ လူမှုရေးကိစ္စကလည်း စီးပွားရေးနဲ့ နိုင်ငံရေးအပေါ် မူတည်နေတယ်။ စီးပွားရေးကောင်းမှ လူမှုရေးတွေက ကောင်းမယ့်ပုံစံရှိတယ်။ လူငယ်တွေဆိုရင်လည်း ကျောင်းပြန်တက်သူတွေလည်းရှိတယ်။ တကယ့်အရည်အချင်းရှိတဲ့အလားအလာရှိတဲ့လူငယ်တွေလည်း အခုတစ်နှစ်ထဲမှာ သုံးပုံနှစ်ပုံလောက် နိုင်ငံခြားရောက်သွားတယ်။

DW ။ နှစ်ဟောင်းမှာဘယ်လိုဖြတ်သန်းခဲ့လဲ။

ဖြေ ။ ၂၀၁၉ ၊ ၂၀၂၀ လောက်ကနေ ကိုဗစ်တစ်လှိုင်းပြီး တစ်လှိုင်းစောင့်လာခဲ့ရတယ်။ ၂၀၂၁ ၊ ၂၀၂၂ ၊ ၂၀၂၃ သုံးနှစ်ဆက်တိုက်မှာလည်း ကိုယ်လုပ်ချင်တာတွေ လုပ်ခွင့်ရမလားဆိုပြီးစောင့်ခဲ့တယ်။ အခု၂၀၂၃မှာလည်း ထူးထူးခြားခြား ပြောင်းလာတာတော့မရှိဘူးပေါ့။ ကျေနပ်တတ်သလို တွေးရင်းနဲ့ လက်ရှိ ရှင်သန်အောင်နေဖို့ အတွက် အဓိကထားပြီး နောင်အထိ တအားမတွေးဘဲနဲ့ အဆင်ပြေသွားလိမ့်မယ်ဆိုတဲ့စိတ်နဲ့ပဲ ဖြတ်သန်းခဲ့တယ်။

DW ။ နှစ်သစ်မှာ ဘာတွေမျှော်လင့်ထားလဲ။

ဖြေ ။ နှစ်သစ်မှာတော့ မျှော်လင့်တယ်။ နိုင်ငံရေးအရလည်း ကိုယ့်ဘက်ပါလာနေတယ်လို့ ယုံကြည်တယ်။ ဘာလို့လည်းဆိုတော့ ၂၀၂၃ နိုဝင်ဘာလကတည်းက စပြီးအပြောင်းအလဲသတင်းတွေ စကြားလာရတယ်။ ကိုယ့်အလှည့်ရောက်လာတော့မယ်ပေါ့။ မျှော်လင့်ထားပြီးတော့ အစီအစဥ်တွေရှိတယ်။ အရင်လို အခြားအရပ်ဒေသတွေကို ခင်မင်တာမျိုးလည်းမရှိတော့ဘူး။ ကိုယ့်ရပ်ကိုယ်ရွာကိုယ်ဒေသနဲ့ ကိုယ့်အတွက် အကောင်းဆုံးလုပ်ဖို့ပဲ စီစဥ်ထားတယ်။

DW ။ မျှော်လင့်ချက်တွေအပေါ် ယုံကြည်ထားလား။ ရလဒ်ကို လက်ခံနိုင်ဖို့ ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ ။ မျှော်လင့်ချက်တွေအပေါ် မဖြစ်လာရင်လည်း တအားစိတ်ပျက်သွားဖို့တော့မရှိဘူး။ အဆက်မပြေတဲ့အချိန်မှာ အကောင်းဆုံးဖြတ်သန်းဖို့တော့ ရည်ရွယ်ထားတယ်။ သူများတွေပြောနေသလို သုံးနှစ်တောင်စောင့်ခဲ့ပြီးပြီ။ ထပ်စောင့်မနိုင်တော့ဘူးဆိုပြီးတော့ ညည်းညူမနေဘူးပေါ့။ နောက်ထပ်နှစ်အများကြာမယ်လို့လည်း မမျှော်လင့်ဘူး။ တကယ်လို့မဖြစ်လာရင်လည်း စိတ်ဓာတ်ကျပြီး ဆက်မလုပ်တော့ဘဲမနေဘူး။ အကောင်းဆုံးဆက်လုပ်နေဖို့ရှိတယ်။

DW ။ ကျေးဇူးတင်ပါတယ် ။