မျှော်လင့်ချက်များစွာဖြင့် နှစ်သစ် (၁)

0
1076

စစ်အာဏာသိမ်းမှုနှင့်အတူ အမှောင်ဆုံးနေ့ရက်များကို ဖြတ်သန်းနေသည့် ပြည်သူများအတွက် ၂၀၂၃ နှစ်ကုန်၍ ၂၀၂၄ နှစ်သစ်ကို ကူးပြောင်းတော့မည်ဖြစ်သည်။

အမှောင်းဖုံးနေသည့် နေရက်များစွာကို အားတင်းကျော်ဖြတ်နေကြသည့် ပြည်သူများအတွက် နှစ်ဟောင်းတွင် ကြုံဆုံခဲ့ရသော စိတ်ပျက်ဖွယ် အခြေအနေများရှိသလို လာမည့်နှစ်သစ်အတွက် လိုချင်တောင့်တမှုများလည်း ရှိနေမည်ဖြစ်သည်။

စစ်အာဏာသိမ်းကာလဖြစ်သည့်အလျှောက် လူမှုရေး၊ စီးပွားရေး၊ ဘဝလုံခြုံရေး၊ စားဝတ်နေရေးကိစ္စရပ်များတွင် ဆိုးရွားသည့် အကျပ်အတည်းများကို ကြုံတွေ့ခဲ့ကြရသည်။

လာမည့်နှစ်သစ်တွင်မူ မျှော်လင့်ချက်အသစ် မျှော်မှန်းချက်အသစ်ကိုယ်စီဖြင့် ဖြတ်သန်းရန် အားခဲထားသည့် အခြေအနေနှင့် ကြုံတွေ့ရနိုင်သော အခြေအနေများအပေါ် မည်သို့မျှော်လင့်ထားကြသည်ကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်ရပါသည်။

“အခုဆို မြို့ကကျောင်းသားတွေပဲ စာတတ်ပြီး ကျေးလက်က ကလေးတွေက လေလွင့်နေတယ်”

ဒေသခံအမျိုးသမီးတစ်ဦး၊ လောင်းလုံးမြို့နယ်

DW ။ ဒီနှစ်တစ်နှစ်လုံးမှာ အရင်ကနဲ့စာရင် ဘာတွေ ထူးထူးခြားခြားဖြစ်ခဲ့လဲ။

ဖြေ ။ ၂၀၂၃ ဒီနှစ်အစပိုင်းမှာတော့ နေလို့ထိုင်လို့ကောင်းပါတယ်။အခုနောက်ပိုင်း စစ်ကြောင်း ရွာတွေဘက်ကို ခဏခဏဆင်းလာလိုက်၊ မီးရှို့လိုက်နဲ့ ပြည်သူတစ်ယောက်အနေနဲ့ဆိုရင် အရမ်းပင်ပန်းပါတယ်။ သက်ကြီးရွယ်အိုတွေ ရှိတဲ့ မိသားစုဆိုရင်ပိုပြီးပင်ပန်းပါတယ်။ ၂၀၂၂ ခုနှစ်ကထက် ၂၀၂၃ မှာက စစ်ကြောင်းထိုးတာ ပိုပြီး များလာ တယ်။ကျွန်မတို့ တနင်္သာရီကျွန်းဆွယ်(လောင်းလုံးကျွန်းဆွယ်ကို ပြောလို) အခုဒီနှစ်ကုန်ခါနီးမှာပိုပြီး ဖိလာသလို ခံစားရတယ်။

DW ။ ဒီနှစ်ထဲမှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကို ပြောပြပါလား။

ဖြေ ။ စီးပွားရေးလမ်းကြောင်းက ကိုယ့်နိုင်ငံထဲမှာလုံးဝအဆင်မပြေဘူး။သူများနိုင်ငံဖြစ်တဲ့ ထိုင်း၊မလေးရှား၊ကိုးရီးယား၊ဂျပန် ထွက်သွားတဲ့လူတွေရဲ့ ပေးတာကမ်းတာပဲ မိသားစုစားနေရတယ်။ဒီမှာနေတဲ့သူတွေက ပိုပိုပြီးကျပ်တည်းလာတယ်။မရှိရင် ရှိတာရောင်းချပြီး စားရေးသောက်ရေးဖြေရှင်းနေရတာပေါ့။ကျွန်မတို့ လောင်းလုံးက ဒီနှစ်ထဲမှာကို လမ်းပန်းဆက်သွက်ရေးခက်ခဲတယ်။နေရာတိုင်းလိုလိုမှာ ဂိတ်ကရှိတော့ ဖြတ်သွားနေရတာ အဆင်မပြေဘူး။

DW ။ ၂၀၂၄ (ခုနှစ်) အပေါ်မှာရော ဘာတွေ မျှော်လင့်ထားတာရှိလဲ။

ဖြေ ။ အဖြစ်ချင်ဆုံးဆန္ဒက စစ်ပွဲမြန်မြန်ပြီးစေချင်တယ်။ပြည်သူ‌တွေ အရင်တုန်းကလို ပျော်ပျော်ရွင်ရွှင် သာသာယာယာပဲ ပြန်နေချင်တယ်။အရင်တုန်းကလိုပဲ စည်းစည်းလုံးလုံး၊သာသာယာယာ ဘယ်သူမျက်နှာကိုမှ ကြည့်နေစရာမလိုပဲ ခရီးသွားရတာလည်း လွတ်လွတ်လပ်လပ်သွားလာချင်တယ်။ ညဖက်ဆိုအရင်ကလို ဘာအန္တရာယ်မှစိုးရိမ်စရာမလိုပဲ သွားချင်တယ်။နောက်ဆုံး လမ်းခရီးသွားရင် ဆိုင်ကယ်စီးတာကအစ ဟိုနေရာဖမ်းမှာလား ဒီနေရာဖမ်းမှာလားလို့ စိုးရိမ်နေစရာမလိုဘဲ ဖြစ်စေချင်တယ်။

အဓိကစစ်ပွဲတွေ ရပ်သွားအောင် ပြီးသွားအောင် လိုချင်တယ်။ဘာမှ မဆုတောင်းဘူး။ အဲဒါပဲလိုချင်တယ်။ နိုင်ငံရေးပြီးပါစေ အရင်တုန်းကလိုပဲ ကလေးတွေလည်း သူ့နေရာသူ့ဒေသမှာ ကျောင်းတက်နိုင်အောင်ဖြစ်စေချင်တယ်။

အခုဆို မြို့ကကျောင်းသားတွေပဲစာတတ်ပြီး ကျေးလက်က ကလေးတွေက လေလွင့်နေတယ်။ ကျောင်းဝတ်စုံဝတ်ထားရင် အသက်ကြီးလို့ကြီးလာမှန်းမသိဘူး။အခုက အပြင်လူလိုနေ အပြင်လူလို လိုက်လုပ်ကြတော့ ကလေးတွေလည်းဘယ်လိုပြောရမလဲ။ လူကြီးတွေက စားဝတ်နေရေးပဲ ဦးစားပေးပြီး လှည့်မကြည့်နိုင်တော့ ပျက်စီးကြတာတွေလည်း ရှိတာပေါ့။

မြို့ပြနဲ့စာရင်တော့ လူတန်းစားကွာခြားသလိုရှိတာပေါ့။ ရွာဘက်မှာ ပညာသင်ဖို့ကျောင်းလည်းမဖွင့်ဘူး ဘယ်မှာသွားသင်မလဲ။

DW ။ ကိုယ်မျှော်လင့်သလို ဒီနှစ်ဖြစ်လာမယ်လို့ယုံကြည်လား။

ဖြေ ။ ကျွန်မ စစ်ကြောင်းဝင်နေလို အခုနေရာကနေ တစ်ခြားနေရာကို ရွှေ့ရတော့မယ်ရှင် ။

(Dawei Watch က လောင်းလုံးဒေသခံတစ်ဦးကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီတွင် မေးမြန်းခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်တွင် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ် တောင်ပိုင်းကျေးရွာများကို စစ်ကြောင်းထိုး‌နေသဖြင့်ဒေသခံများ ဘေးလွတ်ရာထွက်ပြေးကြရသည်)

“ဘယ်လို အခက်အခဲတွေပဲကြုံရကြုံရ အဆုံးထိလျှောက်မယ်လို့ ခံယူထားပြီးသားမို့ အဆုံးထိဆက်လျှောက်မှာပါ”

တော်လှန်ရေးရဲမေတစ်ဦး၊ တနင်္သာရီမြို့နယ်

DW ။ အခုဆိုရင် နှစ်လည်းကုန်တော့မယ်ဆိုတော့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး နှစ်ဟောင်းမှာ မျှော်လင့်ထားတဲ့အရာတွေနဲ့ ဖြစ်သွားတာ ဘယ်လိုကွာခြားနေလဲ။

ဖြေ ။ ၂၀၂၃ ကုန်ပြီး ၂၄ (ခုနှစ်)ကိုရောက်ဖို့ ရက်ပိုင်းပဲ လိုတော့တာပေါ့။ နိုင်ငံအရေး အခြေအနေကတော့ တော်လှန်နေရ ဆဲပဲပေါ့။ ဒါပေမဲ့လည်း အရင်နှစ်တွေနဲ့စာရင်တော့ မျော်လင့်ချက်တွေက ကောင်းလာတာ အများကြီးမြင်ရတာပေါ့။ ပြည်သူတွေအနေနဲ့တော့ စီပွားရေး အခြေအနေကျဆင်းတယ်။ ကုန်စျေးနှုန်းတွေက အရမ်းမြင့်တက်တော့ လုပ်ခတွေနဲ့ မမျှတသလို ဝင်ငွေထွက်ငွေ မျှတမနေဘူးပေါ့။ ဒီဘက်မှာဆိုရင်သူတို့ရဲ့ ရာသီအလိုက် ထွက်တာ(ကွမ်းသီး၊ရော်ဘာ)ကို မျော်လင့်ကြပေမယ့် ထင်သလိုဖြစ်မလာခဲ့ကြဘူးပေါ့။ အရမ်းကျပ်တည်းကြတာပေါ့။ နိုင်ငံရေး ၊စီးပွားရေးတွေက မကောင်းတော့ လူမှုရေးဘက်ကို ဦးစားပေးဖို့အခိုက်အတန့်တွေက နည်းသွားသလိုမျိုးပေါ့။ ပြည်သူတွေအတွက်သွားလာ ရမှုတွေကလည်း အရမ်းခက်ခဲမှုတွေကြုံလာခဲ့ရတယ်။ စစ်ဆေးရေးဂိတ်တွေနဲ့ဆိုတော့ လွတ်လပ်စွာသွားလာခွင့် မရှိဘူးပေါ့။

DW ။ နှစ်ဟောင်းမှာ ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာ အတွေ့အကြုံလေး ချုပ်ပြီးပြောပေးပါလား။

ဖြေ ။ အရင်နှစ်တွေကဆိုရင် တောထဲမှာပဲနေရတာပေါ့ ၊အရမ်းခက်ခဲတယ်။ ဖုန်းလိုင်းတွေဆိုလည်း တောင်ပေါ်တွေမှာ အမြင့်ကြီးတက်ပြောရတယ်။ အစားအသောက်တွေ၊နေရထိုင်ရတာတွေ ခက်ခဲတယ်။ မိုးတွင်းကာလဆိုပိုဆိုးတယ်။ သွားရလာရတဲ့ခရီးကလည်း အရမ်းခက်ခဲတယ်။ တော်တော်လေးပင်ပန်းရတာပါပဲ။

DW ။ နှစ်သစ်မှာရော ဘယ်လိုမျှော်လင့်ထားလဲ။

ဖြေ ။ နှစ်သစ်မှာတော့ အခုအခြေအနေထက် ပိုပြီးကောင်းလာမယ်လို့တော့ မျော်လင့်ပါတယ်။ နှစ်သစ်ကတော့ မျော်လင့်ထားသလိုတော့ ဖြစ်လာမယ်လို့ အများကြီးယုံကြည်ပါတယ်။

DW ။ မျှော်လင့်ထားသလို ဖြစ်လာနိုင်လား။ မျှော်လင့်ထားသလို မဖြစ်လာရင် ဘာဆက်လုပ်ဖို့ရှိလဲ။

ဖြေ ။ တကယ်လို့မဖြစ်လာခဲ့ရင်လည်း ဒီအခြေအနေထိ လျှောက်လာခဲ့ပြီးပြီပဲ နောက်ဆုတ်ဖို့တော့မရှိပါဘူး။ ဘယ်လို အခက်အခဲတွေပဲကြုံရကြုံရ အဆုံးထိလျှောက်မယ်လို့ ခံယူထားပြီးသားမို့ အဆုံးထိဆက်လျှောက်မှာပါ။