ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး၏ မျက်စိလှူဒါန်း

0
808

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်တွင် သေဆုံးသွားသော မြန်မာအလုပ်သမားတစ်ဦး၏ မျက်စိတစ်စုံကို လိုအပ်သည့်လူနာများအား ကုသပေးနိုင်ရန် မိသားစုဝင်များက ပေးအပ်လှူဒါန်းခဲ့ကြောင်း စမွတ်စခွန်ဆေးရုံက ထုတ်ပြန်ထားသည်။

အသက် ၂၄ နှစ်အရွယ် ကိုကောင်းထက်ဝင်းအမည်ရှိ မြန်မာအလုပ်သမားသည် ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူဖြစ်ကြောင်း ဖော်ပြထားသည်။

သေဆုံးသွားသော အချိန်နှင့် နေရာကို တိတိကျကျကိုမူ ဖော်ပြထားခဲ့ခြင်းမရှိပေ။

သေဆုံးသူအတွက် နောက်ဆုံးကုသိုလ်ပြုလုပ်ပေးရန် မိသားစုဝင်များက မျက်စိဝေဒနာခံစားနေရသူများအတွက် မျက်စိတစ်စုံ လှူဒါန်းရန် ခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြားလူနာများ ကုသနိုင်ရန်အတွက် မျက်စိလှူဒါန်းခဲ့သဖြင့် စမွတ်စခွန် ကြက်ခြေနီအသင်းနှင့် ထိုင်းကြက်ခြေနီမျက်စိဘဏ်က ကျန်ရစ်သူမိသားစုဝင်များကို ဒီဇင်ဘာ ၂၄ ရက်နေ့ရက်စွဲဖြင့် ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။

အမြင်အာရုံ လိုအပ်နေသူများအတွက် အလင်းဒါနလှူဒါန်းပေးမှုအား များစွာကျေးဇူးတင်ကြောင်း ဆေးရုံက ထုတ်ပြန်ထားသည်။

ဘဝ၏ နောက်ဆုံးအချိန်များတွင် ကိုယ်အင်္ဂါလှူဒါန်းမှုသည် တန်ဖိုးမဖြတ်နိုင်သော လှူဒါန်းမှုများဖြစ်ကြောင်း ဆေးရုံဘက်က ထုတ်ပြန်ထားသည်။

Ref: ศูนย์รับบริจาค รพ.สมุทรสาคร