ရေဖြူတွင် စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် လောင်းလုံးဒေသခံတစ်ဦး သေဆုံး

0
798

လောင်းလုံး ဒေသခံတစ်ဦးသည် ရေဖြူမြို့နယ်တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၉ရက်နေ့က ရေဖြူမြို့နယ် ကျခတ္တာပင်အင်းရွာအနီး ဆိုင်ကယ်စီးလာ သည့် အမျိုးသားနှစ်ဦးကို ရပ်တန့်စစ်ဆေးရာမှ ပြန်လှည့်ပြေးသည်ဟုဆိုကာ ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“‌အော်ပြီး ရပ်ခိုင်းတာ။ သူတို့က လှည့်ပြေးရာမှာ ပစ်ခံရတာ” ဟု ၎င်းက ပြောသည်။

သေဆုံးသူမှာ လောင်းလုံးမြို့နယ်တွင်နေထိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အတူလိုက်ပါလာသည့် အမျိုးသားမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံတို့က ပြောဆိုသည်။

ထိုနေ့က စစ်ကောင်စီတပ် စစ်ကြောင်းသည် ကျခတ္တာပင်အင်းရွာကို ရောက်လာပြီး ပစ်ခတ် ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သောကြောင့် ‌ရွာခံများလည်း ဘေးလွတ်ရာထွက်ပြေးခဲ့ကြရကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရသိရသည်။

သေဆုံးသူသည် အာဏာမသိမ်းခင်က ယာဉ်တိုက်မှု တစ်ခုဖြစ်ရာမှ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိမှုဖြင့် ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံခဲ့ရပြီး ၂၀၂၁ ခု‌နှစ် နှောင်းပိုင်းတွင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသူဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။