လောင်းလုံးမြို့ပေါ်ပစ်ခတ်မှု အရပ်သားများအပါအဝင် နှစ်ဖက်ထိခိုက်သေဆုံး

0
2378

လောင်းလုံးမြို့ပေါ် တွင် ပစ်ခတ်မှုဖြစ်ပြီး အရပ်သားများအပါအဝင် နှစ်ဖက်ထိခိုက်သေဆုံးကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရှိရသည်။

လောင်းလုံးမြို့အဝင် သဗျာရွာ အုန်းသီးဆိုင်းဘုတ်အနီး ‌ ဒီဇင်ဘာလ ၂၀ ရက်က ပေါက်ကွဲပစ်ခတ်မှုဖြစ်ပြီး ယင်းနေ့ ညနေ ၅ နာရီကျော်တွင်လောင်းလုံးမြို့ပေါ် ပစ်ခတ်မှုဆက်ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ယင်းပစ်ခတ်မှုတွင် အရပ်သားများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်၊ ပျူစောထီးအဖွဲ့ဝင်တို့ သေဆုံးခဲ့ကြကြောင်း ဒေသခံတို့က ဆိုသည်။

လောင်းလုံးမြို့အဝင် သဗျာရွာအုန်းသီးဆိုင်းဘုတ်အနီးတွင် ပေါက်ကွဲမှုမှာ ဆိုင်းဘုတ်အနီး ထောင်ထားသည့်မိုင်းအား စစ်ကောင်စီတပ်က လာရောက်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံတို့က ပြောဆိုသည်။

ထို့နောက် မိုင်းထောင်ထားသည့်နေရာအနီးတွင်တွေ့ရသည့် အမျိုးသား နှစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်ဟု ၎င်းတို့က ပြောသည်။

ပစ်သတ်ခံရသူနှစ်ဦးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

ယင်းသို့ပစ်သတ်ပြီးနောက် အုန်းသီးဆိုင်းဘုတ်အနီးရှိ ပျဉ်ထောင်အိမ်တစ်လုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သေးကြောင်းလည်း ဆိုသည်။

ပစ်သတ်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦးကိုလည်း မီးရှို့အလောင်းဖျောက်ပစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ညနေ ၅ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လောင်းလုံးမြို့ပေါ်ကို အင်အားအလုံး အရင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ခံအချို့ကဆိုသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြ ကြောင်း မြို့ခံအချို့ကထံမှ သိရသည်။

“လက်နက်ကြီးက (ပစ်ခတ်တာ) ဆယ်လုံးလောက်ရှိမယ်။ လက်နက်ငယ်တွေကတော့ အများကြီးပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုတွင် အရပ်သား နှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံအချို့က ပြောဆိုသည်။

လောင်းလုံးမြို့ အောင်ချမ်းသာဘုရားအနီး ထန်းလုပ်ငန်းလာရောက်လုပ်ကိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ်ရှိ ကိုစိုးသူနှင့် မနှင်းနှင်းအေးတို့နှစ်ဦး လက်နက်ကြီးကျည်စထိမှန်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းအပြင် ဆယ်ကျော်သက် လူငယ်နှစ်ဦး အပါအဝင် အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦး တွင်လည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ဒဏ်ရာရရှိသူ ရှစ်ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ဒဏ်ရာပြင်းထန်ကြောင်း မြို့ခံတို့က ပြောဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသည့် အရပ်သားများကို အရေးပေါ်ကားများဖြင့် ထားဝယ်မြို့ဘက်သို့ သယ်ဆောင်သွားကြောင်းလည်း မြို့ခံတို့ကဆိုသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က လောင်းလုံးမြို့အတွင်းဝင်ရောက်ကာ လောင်းလုံးအထက်တန်းကျောင်းတွင် တပ်စွဲထားသည့် ပျူစောထီး စစ်ဆေးရေးဂိတ်နှင့် ညောင်ပင်လမ်းဆုံအနီးရှိ စစ်မှုထမ်းဟောင်းရုံးတို့ကို မီးရှို့ခဲ့ကြောင်း မြို့ခံအချို့ကဆိုသည်။

ပျူစောထီးဟုယူဆရသည့် အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းခေါ်သွားသည်ဟု ကြားသိရကြောင်း ၎င်းတို့က ပြောဆိုသည်။

“စာသင်ကျောင်းက ပျူ (ပျူစောထီး) တွေက (လာတိုက်တဲ့အချိန်) မရှိကြဘူး။ အားလုံးထွက်ပြေးသွားကြတယ်လို့ ကြားရတယ်။ တစ်ယောက်ပဲ အရှင်ဖမ်းမိတာလို့ပြောတယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။

ယင်းနောက် ယနေ့ ဒီဇင်ဘာလ ၂၁ ရက်မနက်ပိုင်းတွင် လောင်းလုံးမြို့အဝင် သဗျာရွာအုန်းသီးဆိုင်းဘုတ်အနီးတွင် အမျိူးသားတစ်ဦး၏ အလောင်း လာရောက်စွန့်ပစ်ထားသည်ကို တွေ့ရကြောင်း ဒေသခံတို့ကဆိုသည်။

ယင်းအမျိုးသားအလောင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးသွားသည့် ပျူစောထီးအဖွဲ့ဝင်ဖြစ်ကြောင်း မြို့ခံတို့ကဆိုသည်။

ယင်းအပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယင်းသို့ လောင်းလုံးမြို့ပေါ် ပစ်ခတ်မှုဖြစ်ပေါ်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် မီးလောင်သွားသည့် လောင်းလုံးမြို့ အထက်ကျောင်း ပျူစောထီးစစ်ဆေးရေးဂိတ် ပြန်လည်ပြုပြင်ပြီး ခရီးသွားများထံ အတင်းအဓမ္မ ငွေတောင်းခံနေကြောင်း ခရီးသည်တို့က ဆိုသည်။

အဆိုပါဖြစ်စဉ်များမတိုင်ခင် ရက်ပိုင်းအလိုက လောင်းလုံးမြို့ပေါ်သို့ရောက်ရှိနေသည့် စစ်ကောင်စီတပ်က လောင်းလုံးမြို့အနီး ကျေးရွာများဖြစ်သည့် သဗျာ၊ အင်းဇောက်၊ ညင်းမော်၊ စစ်ပြဲ ကျေးရွာများသို့ ဝင်ရောက်ပြီး ဒေသခံများအား ဖမ်းဆီးခြင်း၊ ပြည်သူပိုင် ဆိုင်ကယ်၊ ရွှေနှင့် ငွေကြေးအမြောက်အများကို သိမ်းဆည်းယူဆောင်သွားခဲ့ဖူးသည်။